14-Nov-2016 tagged as
ရန်ကုန်၊ နိုဝင်ဘာ ၁၄
ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC-U) အစည်းအဝေးကို လာမည့် နိုဝင်ဘာလ ၁၇ ရက်နေ့မှ စတင် ကျင်းပ ပြုလုပ်မည်ဖြစ်ကြောင်း ယင်းကော်မတီထံမှ သိရသည်။
အဆိုပါ အစည်းအဝေးသည် သုံးရက်တာ ကြာမြင့်မည်ဖြစ်ပြီး ရှမ်းပြည်နယ် တောင်ပိုင်းတွင် တပ်မတော်နှင့် အပစ်ရပ် ထိုးထားသည့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကော်စီ (RCSS/SSA) တို့ တိုက်ပွဲ ဖြစ်ပွားမှုနှင့် ပတ်သက်၍ စုံစမ်း စစ်ဆေးခဲ့သည့် အစီရင်ခံစာကို အတည်ပြု၍ ညှိနှိုင်း သွားမည်ဖြစ်ကြောင်း JMC-U ၏ နည်းပညာဆိုင်ရာ အထောက် အကူပြု အဖွဲ့ခေါင်းဆောင် ဒေါက်တာ မင်းဇော်ဦးက The Voice သို့ ပြောကြားသည်။
တပ်မတော်နှင့် RCSS ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် စပ်လျဉ်း၍ မြေပြင်မှ ရရှိလာသည့် အချက်အလက်များ ပြန်လည် စိစစ်မှုများ လုပ်ဆောင်ရအုံးမည်ဖြစ်ပြီး အစီရင်ခံစာ ပြီးဆုံးရန် နှစ်ပတ်ခန့် ကြာမြင့်မည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
“ကျွန်တော်တို့က တစ်ဖက်နဲ့ တစ်ဖက် ချိုးဖောက်တယ် (NCA စာချုပ်) ဆိုတာထက် နောက်ဒီလို မဖြစ်ရအောင် ဘယ်လိုလုပ်မလဲ ဆိုတာကို အခြေခံပြီးတော့ လုပ်မယ်ပေါ့၊ ရတဲ့ အချက်အလက်တွေကို စိစစ်ပြီးတော့ ပြောမှာပေါ့”ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် အောက်တိုဘာလအတွင်း ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းကိုင်မြို့နယ်တွင် တပ်မတော်နှင့် NCA ထိုးထားသည့် လက်နက်ကိုင်အဖွဲ့ ဖြစ်သည့် RCSS/SSA တို့ကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် နှစ်ဖက် ကိုယ်စားလှယ်များ ပါဝင် သည့် JMC-U မှ စုံစမ်းစစ်ဆေးရေး အဖွဲ့သည် အောက်တိုဘာလ ၃ဝ ရက်နေ့မှ နိုဝင်ဘာလ ၄ ရက်နေ့ထိ တိုက်ပွဲဖြစ်သည့် ဒေသသို့ သွားရောက်၍ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ (JMC-U) ၏ ခုနစ်ကြိမ်မြောက် အစည်းအဝေးကို ပြီးခဲ့သည့် စက်တင်ဘာလ ၁၃ ရက်နေ့က ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနတွင် နောက်ဆုံး ကျင်းပခဲ့ခြင်း ဖြစ်သည်
No comments:
Post a Comment