ဧရာဝတီ-မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်းရေအား လျှပ်စစ်စီမံကိန်းများ လေ့လာစိစစ် သုံးသပ်ရေး ကော်မရှင်မှ နိုင်ငံတော် သမ္မတထံသို့ တင်ပြသည့် ပထမ အစီရင်ခံစာအပေါ် သတင်းထုတ်ပြန်ချက်တစ်ရပ် နိုဝင်ဘာ ၁၁ ရက် ရက်စွဲဖြင့် ထုတ်ပြန်လိုက်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ထုတ်ပြန်ချက် အပြည့်အစုံမှာ -
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတထံသို့ ဧရာဝတီ-မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများ လေ့လာစိစစ် သုံးသပ်ရေး ကော်မရှင်မှ တင်ပြသည့် ပထမ အစီရင်ခံစာအပေါ် သတင်းထုတ်ပြန်ချက် -
၁။ ဧရာဝတီ-မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်းရေအား လျှပ်စစ်စီမံကိန်းများ လေ့လာ စိစစ် သုံးသပ်ရေး ကော်မရှင်ကို ၁၂-၈-၂ဝ၁၆ ရက်နေ့တွင် နိုင်ငံတော် သမ္မတရုံးမှ အမိန့်ကြော်ငြာစာ၊ အမှတ် ၅၈/၂ဝ၁၆ ဖြင့် ဖွဲ့စည်းခဲ့ပါသည်။ အမိန့် ကြော်ငြာစာ၊ အပိုဒ် ၆ အရ ကော်မရှင်၏ လေ့လာစိစစ် သုံးသပ်မှု ပထမ အစီရင်ခံစာကို နိုင်ငံတော် သမ္မတထံသို့ ၂ဝ၁၆ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့အရောက် အစီရင်ခံ တင်ပြရမည် ဖြစ်ပါသည်။
၂။ ဧရာဝတီ-မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်းရေအား လျှပ်စစ်စီမံကိန်းများ လေ့လာ စိစစ် သုံးသပ်ရေး ကော်မရှင်သည် ၂၂-၈-၂ဝ၁၆ ရက်နေ့မှ ၈-၁၁-၂ဝ၁၆ ရက်နေ့များအတွင်း ကော်မရှင်၏ အစည်းအဝေးများကို (၁၁) ကြိမ် ကျင်းပ ပြုလုပ်နိုင်ခဲ့ပြီး စီမံကိန်းနှင့် စပ်လျဉ်းသည့် စာရွက်စာတမ်းများနှင့် အချက်အလက်များကို ဘက်စုံ ထောင့်စုံမှ လေ့လာစိစစ် သုံးသပ်နိုင်ရန် စုပေါင်း ဆွေးနွေးခဲ့ကြပါသည်။
၃။ ဧရာဝတီ-မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်းရေအား လျှပ်စစ်စီမံကိန်းများ လေ့လာ စိစစ် သုံးသပ်ရေး ကော်မရှင်၏ အတွင်းရေးမှူး ဦးဆောင်သော ကော်မရှင် အဖွဲ့ဝင် ၁၄ ဦးတို့သည် ကချင်ပြည်နယ်ရှိ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း၊ ချီဖွေငယ် ရေအား လျှပ်စစ်တမံ၊ ချီဖွေငယ် ဓာတ်အားပေး စက်ရုံနှင့် မြစ်ဆုံ စီမံကိန်း လုပ်ငန်းခွင် ဧရိယာအတွင်း ကျရောက်သော ကျေးရွာ ငါးရွာအတွက် ရွှေ့ပြောင်း တည်ဆောက် ပေးထားသည့် အောင်မြင်သာနှင့် မလိယန် ကျေးရွာသစ်များသို့ ၂ဝ၁၆ ခုနှစ် စက်တင်ဘာလ ၁၅ ရက်မှ ၁၇ ရက်အထိ သွားရောက် ကွင်းဆင်း လေ့လာခဲ့ပါသည်။ ကော်မရှင် အဖွဲ့ဝင်များသည် စက်တင်ဘာလ ၁၈ ရက်တွင် မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ပြည်နယ်အဆင့်၊ ခရိုင်အဆင့်နှင့် မြို့နယ်အဆင့် တာဝန်ရှိသူများ၊ အုပ်ချုပ်ရေးမှူးများ၊ လူမှုရေး အသင်းအဖွဲ့များ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံခဲ့ပြီး ကော်မရှင် အနေဖြင့် ဆောင်ရွက်လျက် ရှိသည့် လုပ်ငန်းများအား ရှင်းလင်းခြင်း၊ သက်ဆိုင်ရာ လူမှုရေး အသင်းအဖွဲ့ များ၊ ဒေသခံများမှ ၎င်းတို့၏ သဘောထားများ၊ အကြံပြုချက်များ တင်ပြခြင်းနှင့် ကော်မရှင်မှ သတင်း ထုတ်ပြန်ချက် ကြေညာခြင်း တို့ကို ဆောင်ရွက်ခဲ့ပါသည်။
၎။ ကော်မရှင်သည် တရုတ်နိုင်ငံ၊ CPI Yunnan International Power Investment Co., Ltd. (CPIYN) နှင့် Changjiang Institute of Survey, Planning, Design and Research (CISPDR) တို့မှ တာဝန်ရှိသူများအား ၂ဝ၁၆ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်နေ့တွင် နေပြည်တော်၌ ပထမအကြိမ် လက်ခံ တွေ့ဆုံပြီး ဧရာဝတီ-မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်းရေအား လျှပ်စစ် စီမံကိန်းများနှင့် စပ်လျဉ်း၍ ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။
၅။ CPI Yunnan International Power Investment Co., Ltd. (CPIYN) မှ တာဝန်ရှိသူများသည် ကော်မရှင်အား ၂ဝ၁၆ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့တွင် နေပြည်တော်၌ ဒုတိယအကြိမ် လာရောက် တွေ့ဆုံ၍ ဧရာဝတီ-မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများ ဆောင် ရွက်ခဲ့မှု အခြေအနေများကို ထပ်မံ တင်ပြခဲ့ကြပါသည်။
၆။ ကော်မရှင်သည် ဧရာဝတီ-မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများ၏ မူလ Environmental Impact Report အစီရင်ခံစာ တွင် ဖော်ပြပါရှိသည့် သဘာဝ ပတ်ဝန်းကျင်၊ လူမှုပတ်ဝန်းကျင် ထိခိုက်မှုများနှင့် ပတ်သက်၍ လေ့လာ ဆန်းစစ်မှုများကို စိစစ်ရန် ပညာရပ် အထောက်အကူပြု အဖွဲ့အဖြစ် မြန်မာ့ပတ်ဝန်းကျင်အဖွဲ့ (Myanmar Environment Institute) ကို ၂၆-၁ဝ-၂ဝ၁၆ ရက်နေ့တွင် တာဝန် ပေးအပ်ခဲ့ပါသည်။
၇။ မြန်မာ့ပတ်ဝန်းကျင် (Myanmar Environment Institute) အဖွဲ့မှ မြန်မာ ပညာရှင် ၁၈ ဦးနှင့် နိုင်ငံခြားသား ပညာရှင် နှစ်ဦးတို့သည် ဧရာဝတီ-မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများ၏ မူလ Environmental Impact Report အစီရင်ခံစာအား လေ့လာစိစစ်ခြင်း (Screening)၊ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအတွက် နယ်ပယ် အတိုင်းအတာ သတ်မှတ်ခြင်း (Scoping and Terms of Reference)၊ ကွင်းဆင်း ဆောင်ရွက်ခြင်းနှင့် ဆန်းစစ်ခြင်း (Field Survey and Rapid Assessment) တို့ကို ဆောင်ရွက်သွားကြမည် ဖြစ်ပြီး လူမှုဝန်းကျင်နှင့် ကျန်းမာရေးဆိုင်ရာတို့အပေါ် သက်ရောက်မှုများကိုလည်း လေ့လာသွား မည် ဖြစ်ပါသည်။
၈။ ကော်မရှင် အနေဖြင့် ဧရာဝတီ-မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများ လေ့လာစိစစ် သုံးသပ်ခြင်း ပထမ အစီရင်ခံစာကို ပြုစုပြီး ၂ဝ၁၆ ခုနှစ်၊ နိုဝင်ဘာလ ၁ဝ ရက်နေ့တွင် နိုင်ငံတော် သမ္မတထံသို့ တင်ပြခဲ့ပြီး ဖြစ်ပါသည်။
ပထမ အစီရင်ခံစာတွင် ကော်မရှင်မှ လေ့လာစုစည်း ထားသော မြန်မာနိုင်ငံ ၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်သည့် ရေအားလျှပ်စစ် အရင်းအမြစ် များနှင့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်များ၊ ဧရာဝတီ-မြစ်ဆုံ မြစ် ညာ မြစ်ဝှမ်း ရေအား လျှပ်စစ် စီမံကိန်းများ ဖြစ်ပေါ်လာပုံနှင့် မြစ်ဆုံ ရေအား လျှပ်စစ် စီမံကိန်းနှင့် ဆက်စပ်သော စာချုပ်စာတမ်းများ၊ မြစ်ဆုံ ရေအား လျှပ်စစ် စီမံကိန်းဆိုင်ရာ အချက်အလက်များနှင့် ကော်မရှင်၏ ဆောင်ရွက် ချက်များ Factual Repor ကို ထည့်သွင်း ဖော်ပြထားပါသည်။ ကော်မရှင် အနေဖြင့် တွေ့ဆုံမေးမြန်းသင့်သည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများနှင့် ထပ်မံတွေ့ဆုံမှုများ၊ လေ့လာ စိစစ် သုံးသပ်မှုများကို ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ပါသည်။ ကော်မရှင် လုပ်ငန်းများကို ဆောင်ရွက်ဆဲဖြစ်သဖြင့် ယခု ပထမ အစီရင်ခံစာတွင် သုံးသပ်ချက်များ၊ အကြံပြုချက်များ ထည့်သွင်း တင်ပြထားခြင်း မရှိသေးပါကြောင်း ဖော်ပြအပ်ပါသည်။
၉။ ကော်မရှင်၏ လုပ်ငန်း တာဝန်တွင် စီမံကိန်းများ ဆောင်ရွက်ခြင်းကြောင့် လူမှုပတ်ဝန်းကျင်၊ ဂေဟစနစ် အပါအဝင် သဘာဝ ပတ်ဝန်းကျင် အပေါ် ကောင်းကျိုးနှင့် ဆိုးကျိုး သက်ရောက်မှုများ၊ စီမံကိန်းများ ဆောင် ရွက်ခြင်းကြောင့် ဧရာဝတီမြစ် ရေရှည် တည်တံ့နိုင်မှုအပေါ် အကျိုး သက်ရောက်နိုင်မှု အခြေအနေနှင့် ဧရာဝတီမြစ်၏ ရေသယံဇာတများ ပျက်စီး ဆုံးရှုံးနိုင်မှု အခြေအနေများ၊ ဒေသခံ ပြည်သူများနှင့် လူမှုအဖွဲ့အစည်းများ၏ ခံစားချက်များနှင့် သဘောထား အမြင်များ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအပေါ် အကျိုး သက်ရောက်နိုင်မှု အခြေအနေများ၊ အိမ်နီးချင်း နိုင်ငံများဖြစ်သည့် အားလျော်စွာ ချစ်ကြည် ရင်းနှီးမှုကို အခြေခံပြီး နှစ်ဦးနှစ်ဖက် အကျိုးရှိရေး စသည်တို့ကို ထည့်သွင်း စဉ်းစားပြီး မြန်မာနိုင်ငံနှင့် ပြည်ပ ရင်းနှီးမြှုပ်နှံသူတို့ အကြား ညှိနှိုင်း ဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့် စီမံကိန်းများ ဆက်လက် ဆောင်ရွက်ရန် သင့်၊ မသင့်တို့ကို သုံးသပ် အကြံပြု တင်ပြရမည်ဖြစ်သဖြင့် ထိုတာဝန်များ ပြီးမြောက်အောင် ဆောင်ရွက်ပြီး အပြီးသတ်အစီရင်ခံစာကို နိုင်ငံတော် သမ္မတ ထံသို့ တင်ပြသွားမည်ဖြစ် ပါကြောင်း ဧရာဝတီ-မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း များ လေ့လာစိစစ်သုံးသပ်ရေးကော်မရှင်က သတင်း ထုတ်ပြန်ထားပါသည်။
The Ladies News
No comments:
Post a Comment