Tuesday, November 15, 2016

အစိုးရအကူးအပြောင်း လက်သိပ်ထိုးချပေးသည့် မြေကွက်တွင် ယခင်အစိုးရ အကြီးအကဲအချို့၏ ဆွေမျိုးများ အမည်ခံ လျှောက်ထားမှု စိစစ်တွေ့ရှိထား


အစိုးရအကူးပြောင်း ကာလတွင် မန္တလေးတိုင်းဒေသကြီးအတွင်း ယခင်အစိုးရ တာဝန်ရှိသူတို့က လက်သိပ်ထိုး ချထားပေးခဲ့သည့် မြေကွက်များ ရယူမှုတွင် ယခင်အစိုးရ အကြီးအကဲအချို့၏ ဆွေမျိုးသားချင်းများ အမည်ခံလျှောက်ထားမှုများ စိစစ် တွေ့ရှိထားသည့် အစီရင်ခံစာကို နိုဝင်ဘာ ၁၅ ရက်တွင် တိုင်းဒေသကြီးအစိုးရထံ တင်သွင်းမည်ဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့ (၁)ခေါင်းဆောင် လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်အောင်မိုးက The Ladies သို့ပြောသည်။

 

“သူတို့မြေကွက်တွေ ပေးထားတယ်ဆိုတာ အကြီးအကဲတွေရဲ့ မိသားစုဝင်တွေကို ပေးထားတာပေါ့။ ကိုယ်ပိုင်မဟုတ်ဘဲနဲ့ ဇနီးတို့ သားတို့ကို ပေးထားတာ။ ဒါကလည်း ကျွန်တော်တို့က အိမ်ထောင်စု ဇယားတွေနဲ့ တိုက်ဆိုင်စစ်ဆေးကြည့်လို့ သိရတာ၊ အစီရင်ခံစာကို ၁၅ ရက်နေ့ တင်နိုင်အောင် ကြိုးစားနေတယ်” ဟု ဦးမြင့်အောင်မိုးက ပြောသည်။

 

စုံစမ်းစစ်ဆေးရေးအဖွဲ့သုံးဖွဲ့ကို ပြီးခဲ့သည့် သြဂုတ်လ ၃ ရက်က စတင်ဖွဲ့စည်းခဲ့ပြီး သုံးလခန့်ကြာ စစ်ဆေး ခဲ့ပြီးနောက် အစီရင်ခံစာတင်သွင်းရန် ရေးသားထားပြီးဖြစ်ကြောင်း၊ အစီရင်ခံစာတွင် စစ်ဆေးတွေ့ရှိချက်၊ သုံးသပ်ချက် ၊ အကြံပြုချက် စသည့် အပိုင်းသုံးပိုင်းဖြင့် တင်ပြထားကြောင်းလည်း ၎င်းကဆိုသည်။

 

“ဂရန်ချထားပေးတဲ့ နေရာကို လုပ်ထုံးလုပ်နည်းနဲ့ကိုက်ညီမှုရှိမရှိ မြေကွက်ချထားတဲ့ နေရာမှာ ကိုက်ညီမှုရှိမရှိ စစ်ပြီး မညီရင်မညီတဲ့ ဟာကို မညီတဲ့အတိုင်း တင်ပြမယ် ပြည့်ပြည့်စုံစုံ ထည့်ထားပါတယ်။ ဒီကိစ္စကို အရေးယူ ဆောင်ရွက်ရမှာ အဓိကက အစိုးရဖြစ်တဲ့အတွက် အစိုးရက ဒီကိစ္စကို သေသေချာချာ ကိုင်တွယ်မယ်လို့ယူဆပါတယ်” ဟုလည်း ဦးမြင့်အောင်မိုးက ပြောသည်။

 

မန္တလေးမြို့ စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ (ချမ်းအေးသာစံ၊ ချမ်းမြသာစည်နှင့် ပြည်ကြီးတံခွန် မြို့နယ် အတွင်း) ဧကပေါင်း ၅၀၀ ကျော်ကို လူပုဂ္ဂိုလ် ၂၄၀ ကျော်အား ချထားပေးခဲ့ပြီး လယ်ယာမြေ အခြားနည်း သုံးစွဲခွင့်ဖြင့် ပုသိမ်ကြီး၊ အမရပူရနှင့် ပြည်ကြီးတံခွန်မြို့နယ်အတွင်း မှ မြေဧက ၁၁၂၀ ကျော်ကို လူပုဂ္ဂိုလ် ၁၆၇ ဦးအား ချထားပေးခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့ထံမှ သိရသည်။

 

ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်က ပြုလုပ်ခဲ့သည့် မန္တလေးတိုင်းဒေသကြီး လွှတ်တော် အထူး အစည်းအဝေးတွင် လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်အောင်မိုးက အစိုးရ အကူးအပြောင်းတွင် မန္တလေးရှိ မြေကွက်များစွာကို ကာလပေါက်ဈေးထက် အဆများစွာလျော့နည်းသည့် ဈေးဖြင့် လုပ်ငန်းရှင်တို့ထံ လွယ်လင့်တကူ ချထားပေးမှု များသည် ပွင့်လင်းမြင်သာမှု မရှိဘဲ လက်သိပ်ထိုး ပေးခဲ့သဖြင့် ပြန်လည်စိစစ်ရန် လိုအပ်ကြောင်း အဆို တင်သွင်းခဲ့ရာ ကန့်ကွက်သူမရှိ အတည်ပြုခဲ့သဖြင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း၍ ပြန်လည်စိစစ်ခဲ့ခြင်း ဖြစ်သည်။

 

ဇော်မင်းထွန်း

The Ladies News

No comments: