Saturday, November 5, 2016

ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆို၍ ဖမ်းဆီးအရေးယူမှုများ ပြုလုပ်

NLD ဗဟိုသုတေသနအဖွဲ့ အတွင်းရေးမှူး ဦးမျိုးရန်နောင်သိန်းအား ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် နိုဝင်ဘာ ၄ ရက်က လှိုင်မြို့နယ် တရားရုံး၌ ရုံးထုတ်စဉ်

■ ဦးဝင်းထိန်၏ လက်မှတ်အတု ပြုလုပ်သည် ဟုဆိုကာ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆို ခံထားရသူ ကိုဖိုးထောင်၏ အမှုတွင် တရားလိုအား စတင်စစ်ဆေး

■ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အား အသရေဖျက်သည့် စာသားများ Facebook တွင် ရေးသားသည် ဟုဆိုကာ NLD ဗဟိုသုတေသနအဖွဲ့ အတွင်းရေးမှူး ဦးမျိုးရန်နောင်သိန်းအား ပုဒ်မ ၆၆ (ဃ) ဖြင့် ရုံးထုတ်ရမန်ယူ

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အား အသရေဖျက်သည့် စာသားများ Facebook တွင် ရေးသားသည် ဟုဆိုကာ NLD ဗဟိုသုတေသနအဖွဲ့ အတွင်းရေးမှူး ဦးမျိုးရန်နောင်သိန်းအား ပုဒ်မ ၆၆ (ဃ) ဖြင့် ရုံးထုတ်ရမန်ယူ

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အား Facebook ပေါ်တွင် အသရေဖျက်သည့် စာသားများ ရေးသားခဲ့သည် ဟုဆိုကာ NLD ဗဟိုသုတေသနအဖွဲ့ အတွင်းရေးမှူး ဦးမျိုးရန်နောင်သိန်းအား ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် နိုဝင်ဘာ ၄ ရက်က လှိုင်မြို့နယ် တရားရုံး၌ ရုံးထုတ်ရမန်ယူခဲ့ကြောင်း သိရသည်။

ယင်းရုံးချိန်းတွင် NLD ဗဟိုသုတေသနအဖွဲ့ အတွင်းရေးမှူး ဦးမျိုးရန်နောင်သိန်းအား မွန်းတည့် ၁၂ နာရီတွင် လှိုင်မြို့နယ် တရားသူကြီး တရားခွင်၌ ရုံးထုတ်ရမန်ယူခဲ့ပြီး ရုံးချိန်းအား နိုဝင်ဘာ ၉ ရက်သို့ ပြန်လည် ချိန်းဆိုခဲ့ကြောင်း သိရသည်။

“နိုင်ငံသားတစ်ယောက်က သူ့ဆန္ဒကို ဖော်ထုတ်ခွင့်ရှိရမယ်။ ပြောပိုင်ခွင့်ရှိရမယ်။ သူမြင်တာကို မြင်တဲ့ရှုထောင့်ကနေ ပြောပိုင်ခွင့်ရှိရမယ်။ ဒီမိုကရေစီရဲ့ အရမ်းအခြေခံကျတဲ့ စံနှုန်းပဲဖြစ်တယ်လို့ ကျွန်တော်မြင်တယ်။ ဒါက ချိုးဖောက်ခံနေရတယ်။ တုံ့ပြန်မှုအပိုင်း အနေနဲ့ကတော့ တရားဥပဒေပိုင်း ဆိုင်ရာအရ လူကြီးတွေနဲ့ တိုင်ပင်ပါဦးမယ်။ အခုအချိန်အထိ ပါတီကလူကြီးတွေနဲ့လည်း သေချာမတွေ့ရသေးဘူး ဆိုတော့ ပါတီက လူကြီးရဲ့စကားနဲ့ပဲ သူတို့ပြောတာဆိုတာ နားထောင်ပြီးမှပဲ ကျွန်တော်တုံ့ပြန်သွားမှာ ဖြစ် ပါတယ်။ အခြေခံအကျဆုံး ဒီမိုကရေစီ အခွင့် အရေးတွေကို ချိုးဖောက် ခံနေရတယ်လို့ပဲ ကျွန်တော်မြင်ပါတယ်” ဟု NLD ဗဟိုသုတေသနအဖွဲ့ အတွင်းရေးမှူး ဦးမျိုးရန်နောင်သိန်းက သတင်းထောက်များအား ပြောကြားသည်။

Myo Yan Naung Thein Facebook အကောင့်က အောက်တိုဘာ ၁၄ ရက်တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို အသရေဖျက်သည့်စာများ ရေးသားခဲ့သဖြင့် ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး လင်းထွန်းက တရားလိုပြုလုပ်၍ အောက်တိုဘာ ၃၁ ရက်တွင် အမှုဖွင့် တိုင်ကြားခဲ့ရာ လှိုင်မြို့မရဲစခန်းက (ပ) ၁၀၈၉/၂၀၁၆၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် ဆက်လက် ဆောက်ရွက်ခဲ့ခြင်းလည်း ဖြစ်သည်။

ယင်းအမှုနှင့် ပတ်သက်၍ အကောင့်ပိုင်ရှင်ဖြစ်သည့် NLD ဗဟိုသုတေသနအဖွဲ့ အတွင်းရေးမှူး ဦးမျိုးရန်နောင်သိန်းကို နိုဝင်ဘာ ၃ ရက်တွင် ဗဟန်းမြို့နယ် ယုဇနဟိုတယ်၌ ဖမ်းဆီးခဲ့ကြောင်း သိရသည်။

 

ဦးဝင်းထိန်၏ လက်မှတ်အတု ပြုလုပ်သည်ဟုဆိုကာ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆို ခံထားရသူ ကိုဖိုးထောင်၏ အမှုတွင် တရားလိုအား စတင်စစ်ဆေး

ဦးဝင်းထိန်လက်မှတ် အတုနှင့် NLD ပါတီ တံဆိပ်တုံးအတု ပြုလုပ်သည်ဟုဆိုကာ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆို ခံထားရသူ ကိုဖိုးထောင်၏ အမှုတွင် နိုဝင်ဘာ ၄ ရက်က တရားလိုအား စတင် စစ်ဆေးခဲ့ကြောင်း သိရသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန်မှာ ကျန်းမာရေးအရ ပါတီမှ အနားယူခွင့်ပြုပါရန် ဆိုသည့် ဦးဝင်းထိန်၏ လက်မှတ်အတုပါစာနှင့် ပါတီမှ ဦးဝင်းထိန်အား နုတ်ထွက်ခွင့်ပြုသည့် ပါတီတံဆိပ်ပါစာများ စက်တင်ဘာလက လူမှုကွန်ရက်တွင် တင်ခဲ့သည် ဟုဆိုကာ မုံရွာမြို့နေ ကိုဖိုးထောင်အား ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုခဲ့ကြောင်း သိရသည်။

ကိုဖိုးထောင်အား အဆိုပါ ပုဒ်မဖြင့် ဦးဝင်းထိန်၏ကိုယ်စား ဥတ္တရခရိုင် အလုပ်အမှုဆောင် ဦးသန့်ဇင်က နေပြည်တော် ဇမ္ဗူသီရိမြို့နယ် တရားရုံးတွင် တရားလိုပြုလုပ် တရားစွဲဆိုခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ တရားစွဲဆိုပြီးနောက် ကိုဖိုးထောင်အား အောက်တိုဘာ ၁၃ ရက် ညနေ ၅ နာရီက သက်ဆိုင်ရာက ဖမ်းဆီးသွားခဲ့ကြောင်း ၎င်း၏ဇနီးဖြစ်သူ မနုနုထား၏ ပြောကြားချက်အရ သိရသည်။

“ကျွန်မလည်း ဖြစ်စဉ်ကိုတော့ သိပ်နားမလည်ဘူး။ လက်ရှိအခက်အခဲကတော့ မုံရွာကနေ နေပြည်တော်ကို လာရတဲ့ အခက်အခဲပါပဲ။ စရိတ်ကတော့ ကုန်တာပေါ့” ဟု ကိုဖိုးထောင်၏ ဇနီးဖြစ်သူ မနုနုထားက ပြောကြားသည်။

ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆို ခံထားရသော ကိုဖိုးထောင်၏ အမှုအား နိုဝင်ဘာ ၁၅ ရက်သို့ ထပ်မံချိန်းဆိုခဲ့ကြောင်း သိရသည်။

ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အပြန်အလှန် အမှုဖွင့် ဖမ်းဆီးအရေးယူမှုများ အနေဖြင့် ပြီးခဲ့သည့် အောက်တိုဘာ ၂၈ ရက်က ပဲခူးမြို့နယ် NLD ပြန်ကြားရေး အဖွဲ့ဝင် ဦးဌေးနိုင်၏ သမီးဖြစ်သူ မလင်းလဲ့လဲ့လှိုင်က ပြည်ခိုင်ဖြိုးပါတီ မြို့နယ် အလုပ်အမှုဆောင် ဦးမြင့်အောင်၏ သမီးဖြစ်သူ မစန္ဒီမြင့်အောင်အား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား Facebook ၌ ညစ်ညမ်းစွာ ဆဲရေးတိုင်းထွာသည် ဟုဆိုကာ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် ပဲခူးမြို့ အမှတ် (၂) ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားထားခဲ့သည်။ ယင်းအပြင် မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး ပါတီဥက္ကဋ္ဌ ဦးနေမျိုးဝေ၏ Facebook အကောင့်နှင့် ပါတီ၏ Facebook အတုပြုလုပ်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အစိုးရ အဖွဲ့ဝင်များကို ဂုဏ်သိက္ခာ ညှိုးနွမ်းစေအောင် ပြုလုပ်သည် ဟုဆိုကာ ကိုရာပြည့်ကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့်ပင် ဖမ်းဆီးတရားစွဲဆို ခံထားရသည်။

ထို့ပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် NLD ပါတီမှ တာဝန်ရှိသူအချို့ကို Facebook တွင် တိုက်ခိုက်ဖော်ပြသည့် ပုံတင်ခြင်းအတွက် ဟုဆိုကာ ငဖာအကောင့်ပိုင်ရှင် ကိုဇော်ဇော်ကို အောက်တိုဘာ ၁၀ ရက်က ဖမ်းဆီးပြီး ရုံးတင်စစ်ဆေး လျက်ရှိသည်။ ဒီမိုကရေစီအရေး စဉ်ဆက်မပြတ် လှုပ်ရှားမှုအဖွဲ့ (MDCF) မှ ခေါင်းဆောင် ကိုထင်ကျော်ကိုလည်း ပုဒ်မ ၅၀၅ (က) ဖြင့် အောက်တိုဘာ ၂၆ ရက် ညနေပိုင်းတွင် နေအိမ်၌ ဖမ်းဆီးခဲ့ပြီး ရုံးတင်စစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။

လက်ရှိအချိန်တွင် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်မှုများ၊ အပြန်အလှန် တရားစွဲဆိုမှုများ ဆက်တိုက် ဖြစ်ပွားလျက်ရှိနေပြီး ယင်းဥပဒေမှာ နိုင်ငံတော် အကြီးအကဲများ၊ တပ်မတော် အကြီးအကဲများအပေါ် လူမှုကွန်ရက်တွင် တိုက်ခိုက်မှုများ အတွက်သာ အသက်ဝင်သကဲ့သို့ ဖြစ်နေပြီး သာမန်ပြည်သူများ အနေဖြင့် ယင်းပုဒ်မဖြင့် မိမိတို့နစ်နာမှုအတွက် တိုင်ကြားမှုများအပေါ် သက်ဆိုင်ရာမှ အရေးယူ ဆောင်ရွက်ရာတွင် နှောင့်နှေးမှုများ ရှိသည့်အတွက်လည်း ဝေဖန်ခြင်း ခံနေရသည်။ ယင်းပုဒ်မဖြင့် အရေးယူရာတွင် အမှုတစ်ခုချင်းစီအပေါ် မူတည်၍ လုပ်ဆောင်ပုံ ကွာခြားမှုများ ရှိနေသည့် အတွက်လည်း ပြည်သူများ အကြားတွင် ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်လျက်ရှိနေသည်။

ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) တွင် “ဆက်သွယ်ရေး ကွန်ရက်တစ်ခုခုကို အသုံးပြု၍ ပုဂ္ဂိုလ်တစ်ဦးအား ခြောက်လှန့် တောင်းယူခြင်း၊ အနိုင်အထက်ပြုခြင်း၊ မတရား တားဆီးကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်သြဇာသုံးခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်း ပြုလုပ်သူသည် ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူအား သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။

ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) မှာ အများပြည်သူအတွက် တရားမျှတမှု မရှိသည့် အခြေအနေမျိုး ဖြစ်နေပါက ပြင်ဆင်ပယ်ဖျက်မှုများကို လွှတ်တော်အနေဖြင့် ပြုလုပ်ပေးသင့်ကြောင်း သုံးသပ်မှုများလည်း ရှိနေပါသည်။

 

Writer: 

အောင်မျိုးသန့်၊ ဇေယျာထွန်း

No comments: