Tuesday, November 1, 2016

တရုတ်တွင် ကျောက်မီးသွေးတွင်းပြိုပြီး ၁၃ ဦးသေ၊ ၂၀ ပျောက်ဆုံးနေ

တရုတ်နိုင်ငံတွင် ကျောက်မီးသွေးတွင်း ပေါက်ကွဲမှု တစ်ခုကြောင့် ၁၃ ဦး သေဆုံးပြီး ၂၀ မျှ ပျောက်ဆုံးနေကြောင်း သိရသည်။

တရုတ်အစိုးရပိုင် Xinhua သတင်းဌာနက နိုင်ငံ အနောက်တောင်ပိုင်း ချောင်ကွင်းဒေသမှ ဂျင်ရှန်ဂူးရှိ ကျောက်မီးသွေးတွင်း တစ်ခုတွင် နိုဝင်ဘာ ၁ ရက် မနက်ပိုင်းက မတော်တဆမှု ဖြစ်ပွားခဲ့ခြင်းဟု ဖော်ပြထားသည်။

ကျောက်မီးသွေးတွင်း ပေါက်ကွဲပြီး တွင်းနံရံ ပြိုကျမှုများကြောင့် အောက်ဘက်တွင် လူ ၂၀ မျှ ပိတ်မိနေပြီး ၎င်းတို့၏ ကံကြမ္မာကို အတိအကျ မသိရသေးချေ။ ကယ်ဆယ်ရေးများက ၎င်းတို့သည် အသက်ရှင်လျက် ပိတ်မိနေခြင်းဟု ယုံကြည်နေပြီး အပျက်အစီးများကို ထိုးဖောက်ပြီး ပျောက်ဆုံးနေသူများကို ရှာဖွေရန် အားထုတ်လျက် ရှိသည်။

တရုတ်တွင် မိုင်းတွင်း မတော်တဆမှုများမှာ မကြာခဏ ကြုံရသည့် ကိစ္စမျိုး ဖြစ်သည်။ တရုတ်အစိုးရ အနေဖြင့် မိုင်းတွင်းများ၏ လုံခြုံရေး အဆင့်အတန်းကို မြှင့်တင်လာသည့်တိုင် ထိုပြဿနာများ ဆက်လက် ဖြစ်ပေါ်နေသည်။

“အခုတော့ ပျောက်ဆုံးနေတဲ့ မိုင်းလုပ်သား ၂၀ လောက်ကို လိုက်ရှာနေဆဲပါ။ သူတို့အတွက် မျှော်လင့်ချက်ရောင်ခြည် ရေးရေးလေးပဲ ကျန်ပါစေ။ လက်လျှော့မှာ မဟုတ်ပါဘူး”ဟု ချောင်ကွင်း ဒုတိယ မြို့တော်ဝန် မာဟွာပင်းက ပြောကြားခဲ့သည်။

မိုင်းတွင်း ပေါက်ကွဲမှုအတွင်း နှစ်ဦးမှာ ဘေးမသီရန်မခ လွတ်မြောက်နိုင်ခဲ့ကြောင်းလည်း သိရသည်။ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများက ယခုမတော်တဆမှု ပေါ်ပေါက်ရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးသွား၇န် သက်ဆိုင်ရာ အဖွဲ့အစည်းများကို ညွန်ကြားထားသည်။ ဒေသတွင်းရှိ ကျောက်မီးသွေး တွင်းငယ်များကိုလည်း ယာယီပိတ်ထားရန် အမိန့်ထုတ်ခဲ့သည်။

တရုတ်သည် စွမ်းအင်ကဏ္ဍအတွက် ကျောက်မီးသွေးကို အကြီးအကျယ် မှီခိုနေရဆဲ ဖြစ်သလို ကမ္ဘာပေါ်တွင် ကျောက်မီးသွေး အသုံးပြုမှု အများဆုံး နိုင်ငံအဖြစ် ရပ်တည်နေသည်။ ယခုအခင်းဖြစ်ပွားရာ ကျောက်မီးသွေးတွင်းမှာ တစ်နှစ်လျှင် တန်ချိန် ခြောက်သောင်းစာ ထုတ်လုပ်မှုအတွက် ခွင့်ပြုချက်လိုင်စင် ရရှိထားကြောင်းလည်း သိရှိရသည်။

Ref: Xinhua

No comments: