ရန်ကုန်မြို့ ၀ါးတန်းဆန်ကုန်စည်ဒိုင်သို့ ၀င်ရောက်လာသော ဆန်များကို သယ်ယူနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
တောင်သူလယ်သမားများ၏ စပါးဈေး ကျဆင်းမှုကို နိုင်ငံတော်မှ အခြေခံဈေးနှုန်း (Minimum SupportPrice) ဖြင့် စပါးဝယ်ယူရေး စီမံချက်ဆောင်ရွက်ပေးရန် စဉ်းစားနေကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။
ထို့ပြင် တောင်သူလယ်သမား အကျိုးစီးပွားကာကွယ်ရေးနှင့် မြှင့်တင်ရေးဥပဒေအရ ဖွဲ့စည်းထားသော ကော်မတီများမှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာပြည်နယ်/တိုင်းဒေသ ကြီးအစိုးရတို့ ပူးပေါင်း၍ စပါးဝယ်ယူပေးရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းထံမှ သိရသည်။
မိုးစပါးပေါ်ချိန်၌ ဖြစ်ပေါ်ခဲ့သည့် ဈေးနှုန်းများမှာ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် မိုးစပါးပေါ်ချိန်က စပါးတင်း ၁၀၀ လျှင် ကျပ်ငါးသိန်းနှင့် အထက်ပေါက်ဈေးရှိခဲ့သော်လည်း ယခုနှစ် မိုးစပါးပေါ်ချိန်၌မူ စပါးတင်း ၁၀၀ လျှင် ကျပ်သုံးသိန်းခွဲခန့်သာ ပေါက်ဈေး ရှိနေခဲ့သည်။
ယခုနှစ် ပြည်ပတင်ပို့မှုလျော့ကျပြီး ပြည်တွင်းလက်ကျန်များနေပြီး မိုးစပါးပေါ်ချိန်၌ ၀ယ်လက်များမှ ၀ယ်ယူမှုမရှိသဖြင့် စပါးဈေးကျဆင်းနေခြင်း ဖြစ်သည်။ ပြည်ပတင်ပို့သည့် ပို့ကုန်လုပ်ငန်းရှင်များ အနေဖြင့် ကမ္ဘာ့ဈေးကွက်အတွင်း ဆန်ဈေးများ ကျဆင်းနေချိန်တွင် ပြည်တွင်းဆန်ဈေးနှုန်း မြင့်တက်နေသဖြင့် ပြည်ပတင်ပို့ရန် တွက်ခြေမကိုက်သဖြင့် တင်ပို့နိုင်ခြင်းမရှိကြောင်း ကုန်သည်များက ဆိုသည်။
ပြည်ပသို့ ဆန်တင်ပို့ရောင်းချနိုင်ရန် G to G လက်မှတ်ရေးထိုးနိုင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ဖွဲ့စည်းတည်ထောင်ထားသည့် MAPCO မှလည်း အခြောက်ခံစက် (Dryer) များ တင်သွင်း၍ ဆန်စက်များတွင် စပါးအခြောက်ခံ ၀န်ဆောင်မှုပေးနိုင်ရေးအတွက် စီစဉ်ဆောင် ရွက်နေကြောင်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အသင်းဝင်ဆန်ကုန်သည်များ၊ ExportersExporters နှင့် ဆန်စက်ပိုင်များမှလည်း တောင်သူများထံမှ စပါးဝယ်ယူပေးခြင်းနှင့် ပြည်ပသို့တင်ပို့ ခြင်းကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒေါက်တာစိုးထွန်းက ဆိုသည်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် အောက်တိုဘာ ၁၄ ရက်အထိ နိုင်ငံပေါင်း ၃၃ နိုင်ငံသို့ မြန်မာနိုင်ငံမှ ဆန်တင်ပို့ခဲ့မှုမှ ဒေါ်လာ ၁၄၅ သန်းကျော်ရရှိခဲ့ရာ ပြည်ပတင်ပို့မှု၏ ၈၅ ရာခိုင်နှုန်းကျော်မှာ တရုတ်နိုင်ငံသို့တင်ပို့ ထားခြင်းဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ ထုတ်ပြန်သည့်စာရင်းများအရ သိရသည်။
မြန်မာနိုင်ငံမှဆန်ကို တရုတ်နိုင်ငံသို့ ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ တန်ဖိုး ဒေါ်လာ ၇ ဒသမ ၁၆၄ သန်းသာရရှိခဲ့ပြီး နယ်စပ်ကုန်သွယ်ရေးဖြင့် တင်ပို့ခဲ့မှုမှာ ဒေါ်လာ ၁၁၅သန်းကျော်ရရှိခြင်းဖြစ်ကာ စုစုပေါင်းတန်ဖိုး ဒေါ်လာ ၁၂၃သန်း ကျော်ဖြင့် မြန်မာ့ဆန်ပြည်ပတင်ပို့မှု၏ ၈၅ ရာခိုင်နှုန်း ကျော်ကို တရုတ်ဈေးကွက် တစ်ခုတည်းသို့ တင်ပို့ခဲ့ခြင်းဖြစ်သည်။
Writer:
နီလာ
No comments:
Post a Comment