မွန်ပြည်နယ် ဘီးလင်းမြို့ နယ် ကေလာသတောင် သဘာဝ ထိန်းသိမ်းရေး နယ်မြေအတွင်း ခွင့်ပြုချက်မရှိဘဲ ကျောက်ထုတ် လုပ်ရန် စီစဉ်နေသည့် ကုမ္ပဏီကို ဆက်လက်လုပ်ကိုင်ခြင်း မပြုရန် သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း က တားမြစ်ထားကြောင်း ဘီး လင်းမြို့နယ် လွှတ်တော်ကိုယ်စား လှယ်များထံမှ သတင်းရရှိသည်။
ကေလာသတောင် သဘာဝ ထိန်းသိမ်းရေးနယ်မြေသစ်တောကြိုးဝိုင်းအတွင်း Rock Well Mi-ning ကုမ္ပဏီက ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ မသိရှိဘဲ လမ်းခင်းကျောက်ထုတ်လုပ်သော စက်ယန္တရားကြီးများဖြင့် သစ်တော ရှင်းလင်းနေသည့်ကိစ္စကို ကျေနပ်မှုမရှိသဖြင့် အောက်တိုဘာ ၁၉ ရက်က ဘီးလင်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာခင်နိုင်ဦးက နိုင်ငံတော် သမ္မတအပါအဝင် သက်ဆိုင်ရာ ဌာနသို့ ကန့်ကွက်စာတင်ခဲ့ခြင်း ဖြစ်သည်။
ယင်းစာအရ အောက်တို ဘာ ၂၈ ရက်တွင် ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်း၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦးနှင့် ဝန်ကြီးများက အဆိုပါကျောက်ထုတ်လုပ်ငန်းကို ဝင်ရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
‘‘သူတို့က ဘာခွင့်ပြုချက်မှ မတောင်းခံရသေးဘဲနဲ့ သစ်တော တွေ ရှင်းလင်းနေတော့ ပြည် ထောင်စုဝန်ကြီးနဲ့ ပြည်နယ် ဝန်ကြီးချုပ် လာစစ်ဆေးတော့ ဒါတွေ တွေ့ရှိရတယ်။ နောက်မလုပ်ဖို့ တားမြစ်လိုက်တယ်။ တားမြစ်လိုက်တာက ယာယီပါပဲ။ သက်ဆိုင်ရာဌာနတွေမှာ သဘောထားမှတ်ချက်ယူပြီးမှ ဆက်လုပ်ဖို့၊ ကျွန်တော်က ယာ ယီတားမြစ်ချက်ကို မကျေနပ်ဘူး။ ထာဝရတားမြစ်ချက် ထုတ်ပြန်ပေးရမှာ။ဒါကြောင့် နိုင်ငံတော် သမ္မတထံ နောက်တစ်ကြိမ် စာတင်သွင်းဖို့နဲ့ မွန်ပြည်နယ်လွှတ်တော်မှာ ပြန်ဆွေးနွေးဖို့ လုပ်သွားမယ်’’ဟု ဘီးလင်းလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်နိုင်ဦးက ပြောကြားသည်။
ကေလာသတောင် ပတ် လည်တွင် ကျေးရွာပေါင်း ရှစ်ရွာ ရှိပြီး အဆိုပါတောင်ကို မှီခိုသည့် လူဦးရေ လေးသောင်းကျော်ရှိရာ ကျောက်ထုတ်လုပ်ငန်းကို ခွင့်ပြု ချက်ပေးပါက တောင်တန်းကိုမှီခိုသည့်ပြည်သူများအတွက် ရေရှည်ဆိုးကျိုးများ ခံစားလာမည်ဖြစ် ကြောင်း ဒေါက်တာခင်နိုင်ဦးက ပြောသည်။
‘‘ပြဿနာဖြစ်နေတဲ့ ကျောက်ထုတ် လုပ်ငန်းကို အလှဆင်ကျောက်မမီ(အလှဆင်ကျောက်ကို ပြည်ထောင်စုက လုပ်ကိုင်ခွင့်မပြု။ လမ်းခင်းကျောက်အရည်အသွေးသာမီ၍)လို့ ပြည်ထောင်စုက ခွင့်ပြုထားတာပဲ ရှိသေးတယ်။ ဒါပေမဲ့ ထုတ်လုပ်ခွင့်တော့ မရှိသေးဘူး။ ပြည်ထောင်စု ဝန်ကြီးလာတဲ့နေ့က စစ်ဆေးမေးမြန်းချက်တွေလုပ်တယ်။ အခု ကုမ္ပဏီကို ဘာမှလုပ်ကိုင်ခွင့် မပြုတော့ဘူး။ ခွင့်ပြုဖို့ တရားဝင်အမိန့်မရောက်မချင်း ကုမ္ပဏီက ဆက်လုပ်နေရင်တော့ သူတို့ကို တရားစွဲသွားဖို့ရှိတယ်’’ ဟု မွန်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်းက ပြောကြားသည်။ Rock Well Mining Co., Ltd သည် ကေလာသ သဘာဝ ကြိုးဝိုင်းနယ်မြေဧရိယာ ၄၅ ဧက တွင် ကျောက်ထုတ်လုပ်ငန်း လုပ် ကိုင်မည်ဖြစ်ပြီး ကျောက်ကျင်း ပေါင်း ၁၀,၀၀၀ ထုတ်လုပ်မည် ဖြစ်ကာ ကျောက်ထုတ်လုပ်ခွင့် သက်တမ်းကို ၂၀၁၆ ဇွန်လ ၁ ရက် မှ ၂၀၁၇ မေလ ၃၁ ရက် အထိ လုပ်ကိုင်ရန် မွန်ပြည်နယ် သစ်တောဦးစီးဌာနတွင် ချုပ်ဆို ထားသည်ဟု သိရသည်။
No comments:
Post a Comment