နိုဝင်ဘာ ၁၄ ရက်က တိုင်ပေရှိ Taipei 1 0 1 မိုးမျှော်တိုက်ဘေးတွင် စူပါမွန်းအား ရိုက်ကူးထားသော ဓာတ်ပုံ Ref;AFP
ဆယ်စုနှစ် ခုနစ်ခုအတွင်း ကမ္ဘာနှင့် အနီးဆုံးအကွာအဝေးသို့ ရောက်ရှိသော စူပါမွန်းအား မျက်မြင်ကိုယ်တွေ့ ကြည့်ရှုနိုင်ရန်အတွက် ကောင်းကင်ငေးသူများသည် အထပ်မြင့် အဆောက်အအုံများ၊ ရှေးဟောင်းခံတပ်များနှင့် ကမ်းခြေများသို့ နိုဝင်ဘာ ၁၄ ရက်တွင် သွားရောက်ခဲ့ကြသည်။ အာရှဒေသတွင် ညအချိန်သို့ ၀င်ရောက်သည်နှင့် ပုံမှန်ထက် ပို၍တောက်ပပြီး ကြီးမားသော စူပါမွန်းအား မြင်တွေ့ရမည်ဖြစ်သော်လည်း ကမ္ဘာတစ်ဝန်းရှိ မည်သည့်နေရာတွင်မဆို ရာသီဥတုသာယာလျှင် နေ၀င်သွားပြီးနောက် နက္ခတ္တဗေဒ စိတ်ဝင်စားသူများက စူပါမွန်းအား ရှုစားနိုင်မည်ဖြစ်သည်။
လသည် လစဉ်လှည့်ပတ်နေသော ဘဲဥပုံပတ်လမ်းတစ်ခုတွင် ကမ္ဘာနှင့် အနီးဆုံး အနေအထားသို့ ရောက်ရှိချိန်နှင့် တစ်ပြိုင်တည်း လပြည့်ချိန်တို့တွင် ယင်းအံ့ဖွယ်ဖြစ် ရပ်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းစူပါမွန်း ဖြစ်စဉ်သည် ဂရင်းနစ်စံတော်ချိန် ၁၃၅၂ နာရီတွင် အထင်ရှားဆုံး ပေါ်ပေါက်မည်ဖြစ်ကြောင်း သိရသည်။ ယင်းသည် လက ၁၉၄၈ ခုနှစ်နောက်ပိုင်း ကမ္ဘာနှင့်အနီးဆုံးသို့ ၃၅၆၅၀၉ ကီလိုမီတာ (၂၂၁၅၂၄ မိုင်) သို့ ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ဧရာမ စူပါမွန်းဖြစ်စဉ်ဟု နာဆာက ခိုင်းနှိုင်းခဲ့သည်။
ယင်းအံ့ဖွယ်ဖြစ်ရပ်အား အာရှတွင် ပထမဆုံးမြင်တွေ့ရမည့် အိန္ဒိယမှသည် သြစတြေးလျအထိ နိုင်ငံများတွင် ကောင်းကင် ငေးသူများနှင့် ဓာတ်ပုံဆရာများသည် မြင်ကွင်းကောင်းမည့် နေရာများအား ရှာဖွေနေကြသည်။ စူပါမွန်းဖြစ်စဉ်အား ထူးခြားကောင်းမွန်စွာ မှတ်ပုံတင်နိုင်ရန်နှင့် အံ့ဘနန်းဖွယ်ရာ လှိုင်းစီးမှုအရသာအား ခံစားနိုင် ရန်မျှော်လင့်ချက်ဖြင့် လူထောင်နှင့်ချီက ဆစ်ဒနီရှိ ဘရွန်တီကမ်းခြေသို့ သွားရောက်မည်ဟု မျှော်လင့်ရသည်။
ဟောင်ကောင်ရှိ ဘဏ္ဍာရေးအချက်အချာရှိ ထင်ရှားသော မိုးမျှော်အဆောက်အအုံပေါ် ထိုးထွက်လာမည့် စူပါမွန်းအား စောင့်ကြည့်ရန် ဟောင်ကောင်ဒေသခံများအတွက် ဟောင်ကောင်မြို့လယ်တွင် ပျော်ပွဲစားအစီအစဉ်များ စီစဉ်ခဲ့ကြောင်း၊ တောင်တက်သူများက မြင်ကွင်းပို၍ကောင်းစေရန်အတွက် ပို၍စိမ်းလန်းပြီး ဝေးကွာသောနေရာများ အထိ သွားရောက်ခဲ့ကြကြောင်း သိရသည်။ ကမ္ဘာ့အမြင့်ဆုံးအဆောက်အအုံစာရင်းဝင် ထိုင်ဝမ်ရှိ အထင်ကရအဆောက်အအုံတွင်လည်း ကောင်းကင်ငေးသူများအား ကြိုဆိုခဲ့ကြပြီး နက္ခတ္တဗေဒပညာရှင်များကလည်း ယင်းသည် ထိုင်ဝမ်တွင် ရာစုနှစ် တစ်ခုနီးပါးအတွင်း အကြီးမားဆုံးစူပါမွန်း ဖြစ်လာမည်ဟု ခန့်မှန်းထားသည်။
အင်ဒိုနီးရှားရှိ နာမည်ကျော်အပန်းဖြေစခန်း ဘာလီတွင် စူပါမွန်းကြောင့် ပုံမှန်ထက် ပို၍ ဒီရေတက်မည်ဟု ခန့်မှန်းထားသည်။ ထိုင်းတွင်မူ စူပါမွန်းနှင့်ပတ်သက်၍ ကြီးမားသော သဘာဝဘေးဖြစ်ပွားမည် သို့မဟုတ် ကြီးကျယ်သော ကံကောင်းမှု ဆောင်ယူလာမည်ဟု နက္ခတ္တဗေဒပညာရှင်များအကြား ခန့်မှန်းမှုများ ကွဲလွဲနေသည်
No comments:
Post a Comment