မောင်တောမြို့နယ် ဂွဆုံကျေးရွာတွင် အကြမ်းဖက်သမားများမှ နေအိမ်များကို မီးရှို့ထွက်ပြေးသွားခြင်းကြောင့် တပ်မတော်မှ မီးငြှိမ်းသတ်ပေးနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ၊ ကက(ပြည်))
ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း အကြမ်းဖက်သမားများကနေ အိမ်များအားမီးရှို့ခြင်း၊ လုံခြုံရေးကားများကို မိုင်းခွဲ တိုက်ခိုက်ခြင်းများဖြစ်ပွားခဲ့ပြီး တိုက်ပွဲများကြောင့် မောင်တောမြောက်ပိုင်းရှိ တိုင်းရင်းသားကျေးရွာများမှ ဒေသခံများ ရွာပြင်မထွက်ရဲဘဲ ရိက္ခာပြတ်တောက်မည့် အခြေအနေအပေါ် စိုးရိမ်နေကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားရာနှင့် အနီးဆုံးကျေးရွာဖြစ်သော သရက်အုပ်ကျေးရွာမှ ကျေးရွာသားတစ်ဦးက “နယ်မြေရှင်းလင်းရေးတွေ လုပ်နေပေမယ့် ဒီကနေ့တော့ ပစ်သံတွေမကြားရဘူး။ ရွာမှာတော့ လုံခြုံရေးရှိလို့သာ နေနိုင်တာ။ ရွာပြင်မထွက်ရ ဘာမှသွားမရ လာမရ ပိတ်မိနေတယ်။ ရိက္ခာဆန်ကလည်း နည်းလာပြီ။ ဒီအတိုင်းဆိုနောက် တစ်ရက် နှစ်ရက်မှာ ရိက္ခာအခက်အခဲ ဖြစ်ပေါ်လာပါမယ်” ဟု ပြောကြားသည်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်းအတွင်း အကြမ်းဖက်တိုက်ခိုက်သူများနှင့် တပ်မတော်တို့ နိုဝင်ဘာ ၁၃ ရက် ထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပေါ်မှုကြောင့် မောင်တောမြောက်ပိုင်း ကျေးရွာသားများ နေရပ်စွန့်ခွာလိုစိတ်များ ပြင်းထန်လာပြီး လုံခြုံရေးအားကောင်းရန် မျှော်လင့်ကြောင်း ဒေသခံများက ပြောဆိုကြသည်။
အောက်တိုဘာ ၉ ရက်မှစတင်ကာ ကျီကန်းပြင်နယ်ခြားစောင့် ရဲတပ်ဖွဲ့ဌာနချုပ် အပါအ၀င် ရဲစခန်းသုံးခုအား တစ်ချိန်တည်း တစ်ပြိုင်တည်းတွင် အကြမ်းဖက်သမားများက တိုက်ခဲ့မှုဖြစ်ပေါ်ခဲ့ပြီးနောက် ငြိမ်သက်မှုမရှိတော့သည့် မောင်တောမြို့နယ်သည် ယခုအခါတွင် တစ်လကျော်ခဲ့ပြီဖြစ်သော်လည်း ငြိမ်သက်မှု မရှိသေးသည့်အတွက် တပ်မတော်မှ နယ်မြေရှင်းလင်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်သမားများနှင့် တိုက်ပွဲများမကြာခဏ ဖြစ်ပွားလျက်ရှိပြီး ယင်းတိုက်ပွဲဖြစ်ပေါ်မှုများသည် ဒေသခံများအား စိုးရိမ်မှု ပိုမိုမြင့်တက်လာစေကာ နေရပ်စွန့်ခွာမှုအချို့လည်း ရှိနေကြောင်းနှင့် အကြမ်းဖက်အဖွဲ့များထံတွင် လက်နက်များရှိနေသေးခြင်းသည် ဒေသခံများ၏စိုးရိမ်ကို ပိုမိုဖြစ်ပေါ်စေကြောင်းလည်း ဒေသခံများက ဆိုသည်။
“အကြမ်းဖက်သမားတွေ လက်ထဲမှာ သေနတ်တွေရှိနေတော့ ကျွန်မတို့က ဘယ်လိုမှ စိတ်မဖြောင့်နိုင်တော့ဘူး။ အဲဒါတွေကို အမြန်ရှင်းလင်းဖို့လိုတယ်။ အခုလည်း နေရာတိုင်းလို နယ်မြေရှင်းလင်းရေးအဖွဲ့တွေကို ခြုံခိုတိုက်ခိုက်မှုတွေရှိနေတယ်။ ဘယ်တော့ရွာကို ၀င်တိုက်မလဲဆိုတာကို စိုးရိမ်မိတယ်။ ရွာမှာ ညဆို မအိပ်ရဲဘူး။ တစ်ရွာသားလုံး ကင်းစောင့်နေကြရတယ်။ ဒါပေမဲ့ လက်ထဲမှာက လက်နက်တွေမရှိတော့ တစ်ယောက်မှ ညမအိပ်ရဲဘူးဖြစ်နေရတယ်။ ဖြစ်နိုင်ရင် နေရပ်စွန့်ခွာဖို့အတွက်လည်း အသင့်အနေအထားမှာ ရှိနေမှရတော့မယ်၊ အစိုးရဘက်က အပြည့်အ၀ကာကွယ်ပေးဖို့ လိုအပ်နေပါတယ်၊ အခုဆို စားမ၀င်အိပ်မပျော်တော့ဘူး။ ဟိုနေ့ကလည်း အောင်မင်္ဂလာရွာကို ကယ်ဆယ်ရေးဆန်ယူဖို့သွားတဲ့ ကျွန်မတို့ရွာက ရွာသားတွေကို မောင်နှမရွာက ဘင်္ဂါလီတွေ တုတ်ဓားတွေနဲ့လိုက်လာလို့ ထွက်ပြေးလာရတယ်။ အပြင်ကို ထွက်လို့မရတော့တဲ့ အနေအထားမှာဖြစ်နေပါတယ်” ဟု ဖားဝပ်ချောင်း ကျေးရွာမှ အမျိုးသမီးတစ်ဦးက ဆိုသည်။
“ညလည်း အိပ်မရဘူး။ နေ့ခင်းဘက်ဆိုလည်း ဘာကြားမလဲဆိုတာကို နားစွင့်နေရတယ်။ ဒီလိုသာဖြစ်နေရင် ကျွန်တော်တို့ ဒီနေရာမှာနေလို့ မရနိုင်တော့ဘူး။ အစိုးရက စစ်တပ်ကို ရွာတွေမှာလုံခြုံရေး အမြဲချထားဖို့လိုတယ်။ နယ်မြေရှင်းလင်းရေးတွေကိုလည်း ဆက်တိုက်လုပ်နေရမယ်။ အကြမ်းဖက်သမားတွေကို အမြစ်ပြုအောင်လုပ်ရမယ်။ အခုက ကိုယ့်ရွာနားက ဘင်္ဂါလီဆိုပြီး အထင်သေးလို့မရဘူး။ အကြမ်းဖက်သမားနဲ့ ရွာသားခွဲမရတော့ဘူး။ အားလုံးအကြမ်းဖက်သမား ဖြစ်နေတယ်။ ရွာပြင်မထွက်ရဘဲ ဒီလို ဆက်နေရင် ဘာကိုစားသောက်ရမလဲ” ဟု လောင်းဒုံကျေးရွာသားတစ်ဦးက ဆိုသည်။
Writer:
သားရွှေဦး(ကစ္ဆပ)
ELEVEN
No comments:
Post a Comment