Tuesday, November 15, 2016

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဓာတ်အားဖြန့်ဖြူးရာတွင် ကျပ် ၂၈၃ ဘီလျံ အရှုံးပေါ်ခဲ့ပြီး လက်ရှိဘဏ္ဍာနှစ်တွင်လည်း အစိုးရက တစ်ယူနစ် ၂၂ ဒသမ ၆၇ ကျပ် စိုက်ထုတ်နေရဟု ထုတ်ပြန်


လှိုင်သာယာမြို့နယ်အတွင်းရှိ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေသည့် မဟာဓာတ်အားလိုင်းကို တွေ့ရစဉ်

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဓာတ်အားဖြန့်ဖြူးရာတွင် ကျပ် ၂၈၃ ဘီလျံ အရှုံးပေါ်ခဲ့ပြီး လက်ရှိဘဏ္ဍာနှစ်တွင်လည်း တစ်ယူနစ် ၂၂ ဒသမ ၆၇ ကျပ်အထိ အစိုးရက စိုက်ထုတ်နေရကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးနိုင်ရန် ရေအားနှင့် သဘာဝဓာတ်ငွေ့ နည်းလမ်းများဖြင့်  ဓာတ်အားထုတ်လုပ်လျက်ရှိရာ တစ်ယူနစ် ပျှမ်းမျှ ထုတ်လုပ်မှု ကုန်ကျစရိတ် ၉၃ ဒသမ ၆၇ ကျပ် ကျသင့်နေသည်။ သို့သော် အများပြည်သူသုံး၊ စက်မှုလုပ်ငန်းသုံးနှင့် စီးပွားရေးလုပ်ငန်းသုံးများအတွက် ဓာတ်အား ဖြန့်ဖြူး ရောင်းချရာတွင် အနိမ့်ဆုံး ၃၅ ကျပ် နှင့် အမြင့်ဆုံး ကျပ် ၁၅၀ နှုန်းတို့ဖြင့် (တစ် ယူနစ် ပျမ်း မျှ ၇၁ ကျပ်နှုန်း) ပြန်လည်ဖြန့်ဖြူး ခြင်း ဖြစ်သဖြင့် တစ်ယူနစ်လျှင် ၂၂  ဒသမ ၆၇ ကျပ် နိုင်ငံတော်မှ စိုက်ထုတ်ကျခံ ဖြန့်ဖြူး ပေးနေခြင်းဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင် ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိတွင် လျှပ်စစ်ဓာတ်အား လိုအပ်ချက်မှာလည်း မြင့်တက်နေပြီး ၂၀၁၆ ခုနှစ် မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား လိုအပ်ချက် ၃၂၃၆ မဂ္ဂါဝပ်ရှိပြီး အမှန်ထုတ်လုပ်နိုင်အား မဂ္ဂါဝပ် ၂၇၀၀ ရှိကာ လျှပ်စစ်ဓာတ်အား ဖြည့်ဆည်းရန် လိုအပ်ချက် ၅၃၆ မဂ္ဂါဝပ် ရှိနေကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ မြန်မာနိုင်ငံ လျှပ်စစ်ထုတ်လုပ်မှုနှင့် သုံးစွဲမှုဆိုင်ရာ အစီရင်ခံစာအရ သိရသည်။

မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုသည် နှစ်စဉ် ၁၅  ရာခိုင်နှုန်းဝန်းကျင် မြင့်တက်လျက်ရှိပြီး နှစ်အလိုက် လျှပ်စစ်ဓာတ်အား လိုအပ်ချက်များမှာ ၂၀၁၀ ပြည့်နှစ်တွင် ၁၃၇၁ မဂ္ဂါဝပ်၊ ၂၀၁၁ ခုနှစ်တွင် ၁၅၈၈ မဂ္ဂါဝပ်၊၂၀၁၂ ခုနှစ်တွင် မဂ္ဂါဝပ် ၁၈၅၀ ၊၂၀၁၃ ခုနှစ်တွင် ၂၁၂၈  မဂ္ဂါဝပ်၊၂၀၁၄ ခုနှစ်တွင် ၂၄၄၇ မဂ္ဂါ ၀ပ်၊၂၀၁၅ ခုနှစ်တွင် ၂၈၁၄ မဂ္ဂါ ၀ပ်နှင့် ၂၀၁၆ ခုနှစ်တွင် ၃၂၃၆ မဂ္ဂါဝပ်အထိ လိုအပ်နေခြင်းဖြစ်သည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ တိုင်းနှင့်ပြည်နယ်များတွင် တရားမ၀င် ဓာတ်အားသုံးစွဲများအား စစ်ဆေးဆောင်ရွက်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးတွင် တရားမ၀င်ဓာတ်အား သုံးစွဲမှုကြောင့် နစ်နာမှု အများဆုံး ဖြစ်နေကြောင်း သိရသည်။

တရားမ၀င် ဓာတ်အားသုံးစွဲမှုအား ယခုနှစ် ဇူလိုင်လမှ စက်တင်ဘာလအထိ သုံးလကြာ တိုင်းနှင့်ပြည်နယ်များတွင် စစ်ဆေးဆောင်ရွက်ခဲ့ရာ တိုက်ရိုက် ခိုးယူသုံးစွဲမှုမှာ အများဆုံးဖြစ်နေပြီး ၀န်ပို၊ ဆင့်ပွား၊ မီတာခွထောက်၊ ကာဗာဆီးလ်ဖြုတ်သုံးစွဲမှုများ စစ်ဆေး တွေ့ရှိရကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ယင်းကဲ့သို့ တရားမ၀င် ဓာတ်အားသုံးစွဲမှုများအား ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း (တောင်၊ မြောက်၊ အရှေ့)၊ စစ်ကိုင်း၊ တနင်္သာရီ၊ ပဲခူး (အရှေ့၊ အနောက်)၊ မကွေး၊ ဧရာဝတီနှင့် နေပြည်တော်တို့တွင် စစ်ဆေးရာတွင် လူဦးရေ ၈၀၉၄၁ ဦးအား စစ်ဆေးနိုင်ခဲ့ပြီး ဆုံးရှုံးမှုယူနစ်ပေါင်း ၅၄၆၉၅၇ ရှိကြောင်း သိရသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးတွင် တရားမ၀င် ဓာတ်အားသုံးစွဲမှုအား စစ်ဆေးရာတွင် လူဦးရေ ၃၈၄၄၅ ဦးအား စစ်ဆေးခဲ့ပြီး ဆုံးရှုံးမှု ယူနစ်ပေါင်း ၂၀၁၁၁၈ ရှိကြောင်း  လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Writer: 

အောင်ရဲကို

ELEVEN

No comments: