ကျပ်သိန်းသောင်းချီ အရောင်းအ၀ယ်များ နှစ်အတန်ကြာ ဖြစ်ပေါ်မှုမရှိတော့သော မန္တလေးမြို့ အိမ်ခြံမြေဈေးကွက်တွင် အောက်တိုဘာလအတွင်းက ကျပ်သိန်းလေးသောင်းခန့် တန်ဖိုးရှိ အရောင်းအ၀ယ်တစ်ခု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
မြို့တွင်း ဧရိယာအတွင်း အရောင်းအ၀ယ် မရှိသလောက်ဖြစ်နေသော အိမ်ခြံမြေဈေးကွက်တွင် ကျပ်သိန်းထောင်ဂဏန်းဝန်းကျင်ရှိသော မြို့သစ်ပိုင်းနှင့် အစွန်အဖျားကျသော ဆင်ခြေဖုံးရပ်ကွက်များတွင်သာ အရောင်းအ၀ယ်ရှိနေသည်မှာ နှစ်နှစ်ခန့်ရှိ နေပြီဖြစ်သည်ဟု အိမ်ခြံမြေအကျိုးဆောင်များက ပြောကြားသည်။
“အခုလောလောဆယ် ကျပ်သိန်းသောင်းကြီးပိုင်းနဲ့ တည့်သွားတာ တစ်ကွက်တော့ရှိခဲ့တယ်။ အထက (၁၆) နားက ပေ ၁၁၀x၂၀၀ လောက်ရှိတဲ့မြေကွက်ကို ကျပ်သိန်းသုံးသောင်းရှစ်ထောင်နဲ့ အရောင်းအ၀ယ်ဖြစ်ခဲ့တာပါ။ ဒီလို ကျပ်သိန်းသောင်းကြီးပိုင်း အရောင်းအ၀ယ် မဖြစ်ပေါ်တာ အနည်းဆုံး နှစ်နှစ်လောက်ရှိပြီပေါ့။ သောင်းကဏန်း ပတ်ချာလည်လေးတွေတော့ ရှိခဲ့ပေမယ့် ဒီလို သိန်းလေးသောင်းနီးပါးနဲ့ အရောင်းအ၀ယ်က တော်တော်ရှားသွားပြီ။ ပြောရရင် မန္တလေးအိမ်ခြံမြေ ဈေးကွက်မှာက ဗိုက်နာရုံမကတော့ဘဲ ကလေးခေါင်းထွက်အဆင့်လောက် ရောက်နေမှ အရောင်းအ၀ယ်ဖြစ်တော့တာပါ။ ၀ယ်ရောင်း လက်ကြီးသမားတွေက မလှုပ်ကြပါဘူး။ ဒါကလည်း တော်တော်ရှားပါတယ်။ လင်သေ ကြွေးပူလောက် တွေ့ဖို့ဆိုတာ မရှိသလောက်ပါပဲ” ဟု ၀ါရင့် အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးက ဆိုသည်။
၂၀၁၀ ပြည့်နှစ်ခန့်မှစတင်ကာ ပုဂ္ဂလိက ဘဏ်များ ဖွင့်လှစ်ရန် ပြင်ဆင်လာမှုအရ မန္တလေးမြို့ အိမ်ခြံမြေဈေးကွက်အတွင်း ကျပ်သိန်းသောင်းချီသော စံချိန်တင်အရောင်းအ၀ယ်များ ဖြစ်ပေါ်ခဲ့ပြီးနောက် အငှားဈေးကွက်တွင်လည်း တစ်လငှားရမ်းခဈေးနှုန်း ကျပ်သိန်း ၁၀၀ ခန့်ဖြင့် သမိုင်းစံချိန်တင်သော ငှားရမ်းမှုများဖြစ်ပေါ်ခဲ့ရာမှ ယခုအခါ ခြံဝန်းကျယ်များကို တစ်လလျှင် ကျပ်သိန်း ၂၀၀ ၀န်းကျင်အထိ ပေးကာ ငှားရမ်းမှုများ ရှိလာနေကြောင်း အိမ်ခြံမြေပွဲစားများထံက သိရသည်။ ယင်းအခြေအနေနှင့်ပတ်သက်၍ “အိမ် ခြံ မြေ ဈေးကွက်က ရွှေဈေးနှုန်းခြောက်သိန်းဝန်းကျင်လောက်မှာ အရမ်းလုပ်လို့ ကိုင်လို့ ကောင်းခဲ့သေးတယ်။ အခုရွှေဈေးနှုန်း ရှစ်သိန်းခွဲ ကိုးသိန်းဝန်းကျင် ရောက်သွားတဲ့ အခါမှာ မြန်မာငွေကြေးက တော်တော်ကို ဖောင်းပွ လွန်းသွားပြီး အိမ်ခြံမြေဈေးက တက်မလာခဲ့ဘူး။ ဒေါ်လာဈေးကလည်း တက်သွားတယ်။ အိမ်ခြံမြေဈေးက တက်မလာဘူး။ မန္တလေးမြို့မှာ ဈေးအမြင့်ဆုံးက သိပ္ပံလမ်းပေါ်လို့ ပြောလို့ရတယ်။ သိန်းပေါင်း သောင်းချီနေတာပါ။ တစ်ဧကကို ကျပ်သိန်းရှစ်သောင်းလောက် ခေါ် ဆိုဈေး ရှိနေပြီး တေ့တေ့ဆိုင်ဆိုင် ၀ယ်မယ်ဆိုရင် အရောင်းဘက်က နောက်ဆုတ်သွားတာ များတယ်။ မြေအရောင်းအ၀ယ်ကတော့ မဖြစ်ပါဘူး” ဟု ပြောကြားခဲ့သည်။
Writer:
မင်းသန့် (မန္တလေး)
ELEVEN
No comments:
Post a Comment