မြစ်ဆုံဆည် တည်ဆောက်မည့်နေရာမှ မြစ်ဆုံဒေသနှင့် ဗုဒ္ဓသာသနာငါးထောင်စံ စေတီအား တွေ့ရစဉ်
မြစ်ဆုံကော်မရှင်၏ ညွှန်ကြားချက်များအတိုင်း စုံစမ်းစစ်ဆေးရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းနှင့်
ဆက်လက်ပူးပေါင်းရန် ကတိပြုကာ ကော်မရှင်မှ ဖြစ်ရပ်မှန်အပေါ် ညီမျှသည့် စစ်ဆေးမှုအစီရင်ခံစာ တင်ပြနိုင်ရေး မျှော်လင့်ထားဟုမြစ်ဆုံစီမံကိန်းလုပ်ဆောင်မည့် ACHC ထုတ်ပြန်
ဧရာဝတီ- မြစ်ဆုံ မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းများ လေ့လာစိစစ် သုံးသပ်ရေးကော်မရှင်၏ ညွှန်ကြားချက်များအတိုင်း စုံစမ်းစစ်ဆေးရေး လုပ်ငန်းများတွင် ပူးပေါင်း ပါဝင်ခဲ့ကြောင်းနှင့် ဆက်လက် ပူးပေါင်း ဆောင်ရွက်ရန် ကတိပြုကာ ကော်မရှင်မှ ဖြစ်ရပ်မှန်အပေါ် ညီမျှသည့် စစ်ဆေး အစီရင်ခံစာ တင်ပြနိုင်ရန် မျှော်လင့်ထားကြောင်း မြစ်ဆုံစီမံကိန်း လုပ်ဆောင်မည့် ACHC ကုမ္ပဏီမှ ရှယ်ယာအများဆုံး ပါဝင်သော ဧရာဝတီ မြစ်ဆုံ-မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ် ကုမ္ပဏီလီမိတက် (ACHC ကုမ္ပဏီ) က သတင်းထုတ်ပြန်သည်။
ACHC ကုမ္ပဏီ၏ ထုတ်ပြန်ချက်၌ နိုဝင်ဘာ ၁၀ ရက်တွင် ဧရာဝတီ- မြစ်ဆုံ မြစ်ညာမြစ်ဝှမ်း ရေအား လျှပ်စစ်စီမံကိန်းများ လေ့လာစိစစ် သုံးသပ်ရေးကော်မရှင်၏ ပထမဆုံး အစီရင်ခံစာ တင်ပြလိုက်ကြောင်း သိရှိရပြီး ကုမ္ပဏီအနေနှင့် ၂၀၁၆ ခုနှစ် သြဂုတ် ၁၂ ရက်တွင် ကော်မရှင် ဖွဲ့စည်းခဲ့ချိန်မှစပြီး ကော်မရှင်၏ ညွှန်ကြားချက်များအတိုင်း စုံစမ်းစစ်ဆေးရေး လုပ်ငန်းတွင် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်ရန် ကတိပြုကြောင်း ဖော်ပြထားသည်။ ထို့ပြင် ကော်မရှင်မှ ဖြစ်ရပ်မှန်အပေါ် ညီညီမျှမျှ ဖြစ်စေမည့် စုံစမ်းစစ်ဆေးရေး အစီရင်ခံစာ တင်ပြနိုင်ရန် မျှော်လင့်ပါကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိတွင် ကော်မရှင်က ဧရာဝတီ-မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများ၏ မူလ Environmental Impact Report အစီရင်ခံစာတွင် ဖော်ပြပါရှိသည့် သဘာဝပတ်ဝန်းကျင်၊ လူမှုပတ်ဝန်းကျင် ထိခိုက်မှုများနှင့် ပတ်သက်၍ လေ့လာဆန်းစစ်မှုများကို စိစစ်ရန် ပညာရပ် အထောက်အကူပြု အဖွဲ့အဖြစ် မြန်မာ့ပတ်ဝန်းကျင် အဖွဲ့ (Myanmar Environment Institute) ကို အောက်တိုဘာ ၂၆ ရက်တွင် တာဝန်ပေးအပ်ထားပြီး ယင်းအဖွဲ့မှ မြန်မာပညာရှင် ၁၈ ဦးနှင့် နိုင်ငံခြားသား ပညာရှင်နှစ်ဦးတို့က ဧရာဝတီ-မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများ၏ မူလEnvironmental Impact Report အစီရင်ခံစာအား လေ့လာစိစစ်ခြင်း (Screening) ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအတွက် နယ်ပယ်အတိုင်းအတာ သတ်မှတ်ခြင်း (Scoping and Terms of Reference) ကွင်းဆင်းဆောင်ရွက်ခြင်းနှင့် ဆန်းစစ်ခြင်း (Field Survey and Rapid Assessment) တို့ကို ဆောင်ရွက်သွားကြမည်ဖြစ်ပြီး လူမှုဝန်းကျင်နှင့် ကျန်းမာရေးဆိုင်ရာတို့ အပေါ် သက်ရောက်မှုများကိုလည်း လေ့လာသွားမည်ဖြစ်သည်။
ထို့ပြင် ကော်မရှင်၏ လုပ်ငန်းတာဝန်တွင် စီမံကိန်းများ ဆောင်ရွက်ခြင်းကြောင့် လူမှုပတ်ဝန်းကျင်၊ ဂေဟစနစ် အပါအ၀င် သဘာဝပတ်ဝန်းကျင်အပေါ် ကောင်းကျိုးနှင့် ဆိုးကျိုး သက်ရောက်မှုများ၊ စီမံကိန်းများ ဆောင်ရွက်ခြင်းကြောင့် ဧရာဝတီ မြစ်ရေရှည် တည်တံ့နိုင်မှုအပေါ် အကျိုးသက်ရောက်နိုင်မှု အခြေအနေနှင့် ဧရာဝတီမြစ်၏ ရေသယံဇာတများ ပျက်စီးဆုံးရှုံးနိုင်မှု အခြေအနေ များ၊ ဒေသခံပြည်သူများနှင့် လူမှုအဖွဲ့အစည်းများ၏ ခံစားချက်များနှင့် သဘောထားအမြင်များ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအပေါ် အကျိုးသက်ရောက်နိုင်မှု အခြေအနေများ၊ အိမ်နီးချင်း နိုင်ငံများဖြစ်သည့် အားလျော်စွာ ချစ်ကြည်ရင်းနှီးမှုကို အခြေခံပြီး နှစ်ဦးနှစ်ဖက် အကျိုးရှိရေး စသည်တို့ကို ထည့်သွင်းစဉ်းစားပြီး မြန်မာနိုင်ငံနှင့် ပြည်ပ ရင်းနှီးမြှုပ်နှံသူတို့အကြား ညှိနှိုင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့် စီမံကိန်းများ ဆက်လက်ဆောင်ရွက်ရန် သင့် မသင့် တို့ကို သုံးသပ် အကြံပြု တင်ပြရမည်ဖြစ်သဖြင့် ထိုတာဝန်များ ပြီးမြောက်အောင် ဆောင်ရွက်ပြီး အပြီးသတ် အစီရင်ခံစာကို နိုင်ငံတော်သမ္မတထံသို့ တင်ပြသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းများ အပြီးသတ်ရပ်ဆိုင်းပေးရန် မြန်မာအစိမ်းရောင် ကွန်ရက်နှင့် မြစ်ဆုံဒေသခံများက တောင်းဆိုထားသည့်အပြင် တောင်းဆိုထားမှုအား နိုင်ငံတော်သမ္မတနှင့် တာဝန်ရှိသူများထံ ပေးပို့ထားသည်။
ထို့ပြင် လတ်တလောတွင် မြစ်ဆုံရေအားလျှပ်စစ် ထုတ်လုပ်ရန် ရေကာတာတည်ဆောက်မှုနှင့် စီမံကိန်းဆောင်ရွက်မှုတို့ကို နိုင်ငံနှင့် ပြည်သူအကျိုးစီးပွားကို ရည်မျှော်၍ လုံးဝဖျက်သိမ်းသင့်ကြောင်း အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ ဗဟိုအလုပ်အမှုဆောင် ကော်မတီက သဘောထားထုတ်ပြန်ထားသည်။
“ဒီမြစ်ဆုံစီမံကိန်းဟာ လုံးဝရပ်ဆိုင်းသင့်တဲ့ ကိစ္စ။ ဒီဟာနဲ့ ပတ်သက်ပြီး ဘယ်လိုပဲ စုံစမ်း စစ်ဆေး စစ်ဆေး၊ ဒေသခံတွေ လက်မခံတာက ထင်ရှားနေတယ်။ ဒါပေမဲ့ ဒီ စီမံကိန်းကို လုပ်ချင်တဲ့ နိုင်ငံက ဖိအားတွေပေးတာ ရှိကောင်းရှိလိမ့်မယ်။ ဒီအစီရင်ခံစာကိုလည်း တစ်စုံတစ်ရာ ဖိအားပေးကောင်း ပေးနိုင်တယ်လို့ မျှော်လင့်လို့ရတယ်။ ဒီမြစ်ဆုံစီမံကိန်းကို အစီရင်ခံစာအရ ငြင်းပယ်ဖို့ မဖြစ်နိုင်ဘူးလို့ ရေးကောင်းရေးနိုင်တယ်။ နောက်ဆုံး ဒေသခံတွေက စီမံကိန်းကို လက်ခံပါတယ်လို့ အနေအထားရောက်အောင် သိမ်းသွင်းစည်းရုံးခဲ့ရင်တောင်မှ ဒီမြစ်ဆုံစီမံကိန်းဟာ တစ်နိုင်ငံလုံးနဲ့ သက်ဆိုင်တဲ့ကိစ္စဖြစ်တယ်။ ဒေသခံနေထိုင်သူလောက်နဲ့တင် မဖြစ်ဘဲ တစ်နိုင်ငံလုံး သဘောဆန္ဒမပါဘဲနဲ့ ဒီကိစ္စဆောင်ရွက်လို့ မသင့်ဘူးလို့ သုံးသပ်ရမှာဖြစ်တယ်။
ဒီကိစ္စကို ဒေသခံလူနည်းစုလောက်ကို သိမ်းသွင်းစည်းရုံးပြီး ဆောင်ရွက်ခဲ့မယ်ဆိုရင်တော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကန့်ကွက်ဖို့ ကြိုးပမ်းသွားမယ်လို့ စဉ်းစားထားတယ်” ဟု အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးခိုင်မောင်ရည်က ပြောကြားသည်။
Writer:
ဖြိုးဝေ
ELEVEN
No comments:
Post a Comment