တန်ဆောင်မုန်းလပြည့်နေ့ နံနက်အစောပိုင်းက ရွှေတိဂုံစေတီသို့ လာရောက်ဖူးမြော်ကြသူများအား တွေ့ရစဉ် (ဓာတ်ပုံ - ကြည်နိုင်)
မြန်မာသက္ကရာဇ် ၁၃၇၈ ခုနှစ် တန်ဆောင်မုန်းလပြည်နေ့တွင် ရွှေတိဂုံစေတီအပါအ၀င် ဘုရားစေတီများ၌ မသိုးသင်္ကန်းများ ကပ်လှူပူဇော်ခဲ့ကြပြီး ကုသိုလ်ပြုသူများဖြင့် စည်ကားခဲ့ကြောင်း သတင်းရရှိသည်။
(၃၂) ကြိမ်မြောက် တန်ဆောင်တိုင် မသိုး သင်္ကန်းကပ်လှူပူဇော်ပွဲကို ရွှေတိဂုံစေတီတော်တွင် နိုဝင်ဘာ ၁၃ ရက် ညနေပိုင်းမှ စတင်ပြုလုပ်ခဲ့ပြီး မြန်မာသက္ကရာဇ် ၁၃၇၈ ခုနှစ် တန်ဆောင်မုန်းလပြည်နေ့ (နိုဝင်ဘာ ၁၄ ရက်) ၌ ရွှေတိဂုံစေတီတော်သို့ ကပ်လှူပူဇော်ခဲ့ကြောင်း သိရသည်။ အဆိုပါ မသိုးသင်္ကန်းကပ် လှူပူဇော်ပွဲကို ရွှေတိဂုံစေတီတော်ဂေါပက အဖွဲ့မှ ကြီးမှူးကျင်းပခြင်းဖြစ်ပြီး ရွှေတိဂုံစေတီ တော်အောင်မြေနေရာရှိ ရက်ကန်းစင်ကိုးခုတွင် အဖွဲ့ကိုးဖွဲ့ဖြင့် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။ မသိုးသင်္ကန်းရက်လုပ် ပြိုင်ပွဲတွင် သင်္ကန်းအနံ ၃၁ လက်မ၊ အလျား ၂၉ ပေ ၇ လက် မနှင့် သင်္ကန်းအရှည်ဖြင့် ပထမဆုကို တနင်္လာ သန့်ရှင်းရေးအသင်းမှ ရရှိခဲ့ပြီး ဒုတိယဆုကို သီရိသုခ အသင်းကလည်းကောင်း၊ တနင်္ဂနွေ ညနေ အသင်းကလည်းကောင်း၊ ဓမ္မဂုဏ်ရောင် အသင်းကလည်းကောင်း ရရှိခဲ့ကြောင်း၊ ပထမ ဆုရရှိသည့် အသင်းအနေဖြင့် ပွင့်တော်မူခဲ့ပြီးသော ဘုရားလေးဆူတွင် ဦးဆုံးပွင့်တော်မူသော ကကုသန်မြတ်စွာဘုရားကို ကပ်လှူခွင့် ရရှိကြောင်း သိရသည်။
ပထမဆုရရှိခဲ့သည့် တနင်္လာအသင်း ဥက္ကဋ္ဌ ဦးကျော်က “တန်ဆောင်မုန်းလဟာဆိုရင် ကထိန်သင်္ကန်းရှိတယ်။ ကထိန်နဲ့တစ်ဆက်တည်း မသိုးသင်္ကန်းဆိုတာ ကပ်လှူပူဇော်ရတာ ရိုးရာယဉ်ကျေးမှုအစဉ်အလာ တစ်ခုပေါ့။ မသိုးသင်္ကန်းဆိုတာကလည်း ဘာနဲ့နှိုင်းယဉ်သလဲဆိုရင် ထမင်းဟင်းတွေပေါ့။ ထမင်းဟင်းဆိုတာ ချက်ပြုတ်ပြီး ခဏလေးအတွင်းမှာ စားရင် မသိုးဘူး။ မသိုးတဲ့ထမင်း၊ မသိုးတဲ့ ဟင်းပေါ့။ သင်္ကန်းလည်း အဲဒီလိုဘဲ ချက်ချင်ရက် လုပ်မယ်၊ ချက်ချင်းချုပ်မယ်။ မနက်ကျတော့ အားခြင်း အရုဏ်မတက်ခင်မှာ ချက်ချင်း ကပ်မယ်။ ဒီလိုမျိုးတွေဟာ မသိုးသင်္ကန်းလို့ ခေါ်ကြတယ်။ နှစ်စဉ်နှစ်တိုင်းပဲ စင်ကိုးစင်နဲ့ ယှဉ်ပြိုင်ပြီး ရက်လုပ်ခွင့်ရကြတယ်။ ရွှေတိဂုံ ဘုရားပေါ်မှာ တရားဝင်ခွင့်ပြုထားတဲ့ ဘာသာရေးအသင်းအဖွဲ့ပေါင်း ၇၄ သင်းရှိတယ်။ အဲဒီအသင်းတွေထဲကနေ ပြိုင်ပွဲဝင်မယ့်အသင်းတွေကို လျှောက်လွှာခေါ်လိုက်တယ်။ ပြိုင်မှာက ကိုးသင်း၊ ကိုးသင်းထက်ပိုရင် မဲနှိုက်မှာပေါ့။ မနှစ်က ပထမ၊ ဒုတိယ၊ တတိယရတဲ့အသင်း တွေက မဲနှိုက်စရာမလိုဘူး။ ကျန်တဲ့ခြောက်သင်းအတွက် မဲနှိုက်ရတယ်။ အဲဒီလို မဲနှိုက်တော့ ကျွန်တော်တို့အသင်း မဲပေါက်တယ်။ ပြိုင်ရတယ်။ မနှစ်ကမပေါက်တော့ မပြိုင်ရဘူး” ဟု ပြောကြားသည် ။
မသိုးသင်္ကန်းရက်လုပ်ပြိုင်ပွဲတွင် စက်မှု (၁) မှ အထည်အလိပ် ကျွမ်းကျင်သူများ၏ အကဲဖြတ်မှုနှင့်အတူ ၁၀ ရက် ကြိုတင်လေ့ကျင့်ရပြီး တန်ဆောင်မုန်းလဆန်း ၁၄ ရက် ညနေ ၅ နာရီကတည်းက စတင်ရက်လုပ်ခြင်းဖြစ်ပြီး ရက်လုပ်ရသည့် သင်္ကန်းကို အနံ ၃၁ လက်မ သတ်မှတ်ထားကာ အလျားသတ်မှတ်ထားခြင်း မရှိကြောင်း သိရသည်။ ရွှေတိဂုံစေတီတော် ပေါ်တွင်ပြုလုပ်သည့် မသိုးသင်္ကန်းရက် လုပ်ပြိုင်ပွဲနှင့် တန်ဆောင်မုန်းလပြည့်နေ့ နံနက် မသိုးသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ပါဝင်လှူဒါန်း ကြည်ညိုနိုင်ရန်အတွက် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများသည် ဘုရားရင်ပြင်တော်ပေါ်တွင် နိုဝင်ဘာ ၁၃ ရက် ညကတည်းက ညအိပ်စောင့်ဆိုင်းခဲ့ပြီး ရွှေတိဂုံစေတီတော်ကိုလည်း တစ်ညလုံးဖွင့်လှစ်ထားပေး ခဲ့သည်။ ဆက်လက်ပြီး ရွှေတိဂုံစေတီတော်ပေါ်တွင် ဆီးမီး၊ ပန်း၊ ရေချမ်းကပ်လှူသူများ နံနက် ၆ နာရီခန့်မှစတင်ကာ မြို့နယ်ပေါင်းစုံမှ လာရောက်ကြပြီး ကုသိုလ်ပြုကြခြင်း၊ ၀တ်ရွတ်အဖွဲ့မှ ရွတ်ဖတ်ကြခြင်းနှင့် အလှူဒါနပြုသူများကလည်း စောင်းတန်းများတွင် ရေသန့်၊ မုန့်အစရှိသည်တို့ကို ဘုရားဖူးလာ ပြည်သူများအား ဝေငှလှူဒါန်းကြကြောင်း သိရသည်။
“ကျွန်တော်တို့က လှည်းကူးကလာတာပါ။ မနေ့က ညနေကတည်းက ဘုရားပေါ် ရောက်နေတာ။ မသိုးသင်္ကန်းရက်တာနဲ့ သင်္ကန်းကပ်တာ မကြုံဖူးလို့ သူငယ်ချင်းတွေ စုပြီးလာတာ။ ညအိပ်စောင့်ကြတယ်။ ကံကောင်းတာက ရာသီဥတုသာယာလို့။ ဘုရားပေါ်မှာ ညတုန်းကဆိုရင် လူအပြည့်ပဲ မိုးရွာရင် အကုန်စိုရွှဲမှာ ဇရပ်တွေမှာလူအပြည့်ပဲ။ အခုတော့ မနက်စောစော ဘုရားလည်းဖူးရတယ်။ သင်္ကန်းကပ်တာလည်း တတ်နိုင်သ လောက်လှူဒါန်းခွင့်ရခဲ့တယ်” ဟု အသက် ၂၈ နှစ်ခန့်ရှိ ကိုနေလင်းအောင်က ပြောကြားသည်။
ယင်းအပြင် ဗိုလ်တထောင်စေတီတော်တွင် နိုဝင်ဘာ ၁၃ ရက် ညပိုင်းမှစတင်၍ မသိုး သင်္ကန်းရက်လုပ်ပြိုင်ပွဲပြုလုပ်ကာ အဆိုပါ ပြိုင်ပွဲမှ မသိုးသင်္ကန်းများကို နိုဝင်ဘာ ၁၄ ရက် (တန်ဆောင်မုန်းလပြည့်နေ့) နံနက်အစောပိုင်းတွင် စေတီပေါ်ရှိဘုရားများတွင် ကပ်လှူပူဇော်ခဲ့ကြောင်း သိရသည်။
“ ဒီနှစ် မသိုးသင်္ကန်းကို ရက်ကန်းစင် ၂၃ စင်နဲ့ ရက်လုပ်ပါတယ်။ အဲဒါကို မနက်မှာ ဆံတော်ရှင်ဘုရား၊ နန်းဦးဘုရားအပါအ၀င် ဘုရား ၂၃ ဆူကို ရေစပ်ချကပ်လှူပူဇော်ခဲ့တယ်။ မသိုးသင်္ကန်း ရက်လုပ်တာကို ပြိုင်ပွဲသဘောမျိုးနဲ့ ကျင်းပခဲ့ပြီး ပထမဆု နှစ်သိန်း၊ ဒုတိယဆု တစ်သိန်းရှစ်သောင်း၊ တတိယဆု တစ်သိန်းခြောက်သောင်းနဲ့ ကျန်တဲ့ရက်ကန်းစင် ၂၀ နှစ်သိမ့်ဆု တစ်သိန်းသုံးသောင်းစီ ချီးမြှင့်ခဲ့တယ်” ဟု ဗိုလ်တထောင်စေတီ ဂေါပက အဖွဲ့ဝင်တစ်ဦးက နိုဝင်ဘာ ၁၄ ရက် မွန်း လွဲပိုင်းတွင် ပြောကြားသည်။
အဆိုပါ ဗိုလ်တတောင်စေတီသို့ တန်ဆောင်းမုန်းလပြည့်နေ့တွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရောက်ကြသူများနှင့် ဥပုသ်သီတင်းစောင့်သူများဖြင့် စည်ကားခဲ့ပြီး ဘုရားဖူးလာရောက်ကြသူများကို စေတနာရှင် ပရဟိတအသင်းအဖွဲ့များကို စတုဒိသာ ကျွေးမွေးလှူဒါန်းမှုများ ပြုလုပ်ခဲ့ကြသည်။
“အဒေါ်တို့က လပြည့်နေ့တိုင်း ဗိုလ်တထောင်ဘုရားကို လာနေကျပါ။ ဒီနေ့က တန်ဆောင်မုန်းလပြည့်နေ့က နေ့ထူးနေ့မြတ်လည်းဖြစ်တော့ ဘုရားကိုမိသားစုနဲ့လာပြီး ကုသိုလ်လာယူတာပေါ့။ ငါးပါးသီလခံယူတယ်။ ဥပုသ်စောင့်တယ်။ ဘုရားစာတွေ ရွတ်ဖတ်ဖြစ်တယ်။ ရပ်ကွက်ထဲမှာက ကထိန်လှည့်တာတွေ၊ ပျော်ပွဲရွှင်ပွဲတွေရှိတော့ ဘုရားပေါ်မှာ လာနေရတာ အေးချမ်းတယ်လေ” ဟု ဒေါပုံမြို့နယ်တွင် နေထိုင်သည့် ဒေါ်သိန်းကြည်က ပြောကြားသည်။
အလားတူ ကမ္ဘာအေးစေတီတော်တွင် (၁၉) ကြိမ်မြောက် မသိုးသင်္ကန်းရက်ပြိုင်ပွဲကို နိုဝင်ဘာ ၁၃ ရက် ညပိုင်းက ကျင်းပခဲ့ပြီး ရက်ကန်းစင်များမှ ရက်လုပ်၍ရရှိလာသည့် မသိုး သင်္ကန်းများကို တန်ဆောင်မုန်းလပြည့်နေ့ နံနက် အစောပိုင်းတွင် ကမ္ဘာအေးစေတီအတွင်းရှိ ဘုရားများကို ကပ်လှူပူဇော်ခဲ့ကြောင်း သိရပြီး ကမ္ဘာအေးစေတီပေါ်တွင် စေတနာရှင်၊ အလှူရှင်များက ဘုရားဖူးလာရောက်ကြသူများကို အအေးများလှူဒါန်းခဲ့ကြောင်း သိရသည်။
“ရုံးပိတ်တော့ ကလေးတွေကိုခေါ်ပြီး မိသားစုလိုက်ဘုရားကို လာဖူးတယ်။ ကလေးတွေကို ဗုဒ္ဓ၀င်ပြတိုက်ထဲကို လိုက်ပြတယ်။ အကြွေစေ့ပစ် ဆုတောင်းတာတွေ လုပ်တယ်။ ရွှေသင်္ကန်းလည်းကပ်ခဲ့တယ်။ ပြီးရင် ကလေးကစားကွင်းနဲ့ ပန်းခြံမှာသွားပြီးအနားယူမယ်။ ဒီနေ့က လပြည့်နေ့ဆိုတော့ ဘုရားပေါ်မှာ လူတော့နည်းနည်းများတယ်။ ရုံးပိတ်ရက်ဆိုတော့ မိသားစုကို အချိန်ပေးပြီး လျှောက်သွားဖြစ်တာပေါ့။ စတုဒိသာအလှူ ကျွေးမွေးတာ ပျော်ဖို့ကောင်းတယ်” ဟု ကမ္ဘာအေးစေတီတော်သို့ ဘုရားဖူးလာရောက်သည့် ဦးမိုးအေးက ပြောကြားသည်။
ယင်းအပြင် ကိုးထပ်ကြီးဘုရား၊ ခြောက်ထပ်ကြီးဘုရား၊ ငါးထပ်ကြီးဘုရား၊ မဟာဝိဇ္ဇယဘုရား၊ ဆူးလေစေတီတော်၊ စွယ်တော်မြတ်စေတီ၊ မယ်လမုစေတီ၊ ကျိုက္ကဆံဘုရား၊ ကျိုက်ခေါက်ဘုရား၊ ကျောက်တော်ကြီးဘုရား စသည့် ရန်ကုန်မြို့ရှိ ထင်ရှားသည့် ဘုရားစေတီများသို့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရောက်သူများဖြင့် စည်းကားခဲ့ပြီး အဆိုပါဘုရား၊ စေတီများသို့ ဘုရားဖူးလာသူများကို စေတနာရှင်များ၊ အသင်းအဖွဲ့များနှင့် ပရဟိတအသင်းအဖွဲ့များမှ အအေး၊ ဖျော်ရည်၊ စတုဒိသာစသည့်တို့ကို လှူဒါန်းခဲ့ကြောင်း သိရသည်။
တန်ဆောင်မုန်းလပြည့်နေ့သည် နေ့ထူးနေ့မြတ်ဖြစ်သောကြောင့် ဗုဒ္ဓဘာသာဝင်များသည် ဘုရားစေတီများသို့ ဘုရားဖူးလာရောက်ခြင်း၊ ကောင်းမှုကုသိုလ်များပြုလုပ်ခြင်း၊ ငါးစာကျွေးခြင်း၊ ငှက်လွှတ်ခြင်း၊ ခိုစာကျွေး ခြင်းစသည့်တို့အား အလှူဒါနပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ရန်ကုန်မြို့တွင် ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ် အချို့သည့် တန်ဆောင်မုန်းလပြည့်နေ့တွင် ခရီးသွားပြည်သူများ အဆင်ပြေစွာသွားလာနိုင်ရန် ယာဉ်စီးခအခမဲ့ဖြင့် ကုသိုလ်ပြုပြေးဆွဲခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
တန်ဆောင်မုန်းလပြည့်နေ့သည် အများပြည်သူများ အားလပ်ရက်ဖြစ်သည့်အတွက် ဘုရား၊စေတီပုထိုးများအပြင် ရန်ကုန်မြို့တွင်းရှိ အများပြည်သူ အပန်းဖြေနိုင်သည့် ပန်းခြံများဖြစ်သည့် ကန်တော်ကြီး၊ ကန်တော်မင်္ဂလာပန်းခြံ၊ တိရစ္ဆာန်ရုံ၊ ကလေးကစားကွင်းများနှင့် ဈေးဝယ်စင်တာများစသည့် နေရာများသို့ လာရောက်သူများဖြင့် များပြားခဲ့ကြောင်း သိရသည်။
တန်ဆောင်မုန်းလပြည့်နေ့ (နိုဝင်ဘာ ၁၄ ရက်) ညသည် “ဆေးပေါင်းခသည့်ည” ဟူ၍ ခေါ်တွင်ပြီး ညသန်းခေါင်တွင် မယ်ဇလီရွက်၊ မယ်ဇလီဖူးများသုပ်ကာ တန်ဆောင်မုန်းလပြည့်နေ့ကို ကျော်ဖြတ်ကြကြောင်း သိရသည်။
ထို့ပြင် မြို့နယ်အသီးသီး၏ ရပ်ကွက်များ၊ လမ်းများတွင် နိဗ္ဗာန်ဈေးပွဲတော်များ နှစ်စဉ်ကျင်းပလျက်ရှိရာ ယခုနှစ်တွင်လည်း အစဉ်လာမပျက် ကျင်းပခဲ့ကြောင်း သိရသည်။
Writer:
ကြည်နိုင်၊ ရှိုင်းလင်းအောင်၊ ပြည့်ဖြိုးအောင်
ELEVEN
No comments:
Post a Comment