Tuesday, November 22, 2016

မူဆယ် (၁၀၅) မိုင် နယ်စပ်ကုန်သွယ်ရေးဇုန် ၀င်ရောက်ပစ်ခတ် တိုက်ခိုက်ခံခဲ့ရပြီးနောက် မူဆယ်နယ်စပ် ကုန်သွယ်ရေး ရပ်တန့်ထားရ

လုံခြုံရေး အခြေအနေကြောင့် လားရှိုး-မူဆယ် လမ်းပိုင်း တစ်နေရာတွင် ရပ်နားထားကြရသော ကုန်တင်ယာဉ်တန်းအား နိုဝင်ဘာ ၂၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းနေလှိုင်)

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် နယ်စပ်ကုန်သွယ်ရေးဇုန် ၀င်ရောက်ပစ်ခတ် တိုက်ခိုက်ခံခဲ့ရပြီးနောက် နယ်စပ်ကုန်သွယ်ရေး ရပ်တန့်ထားခဲ့ရကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။

“ကုန်သွယ်မှု အခြေအနေကတော့ ရပ်တန့်သွားတာပေါ့။ အဓိကက လုံခြုံရေးကြောင့်ပေါ့လေ။ လုံခြုံရေး မကောင်းဘူးဆိုရင် ကုန်သွယ်မှုက အလိုလိုနေရင်း ရပ်သွားမယ့် သဘောပါ။ လက်ရှိအခြေအနေကလည်း တိုက်ပွဲဖြစ်တဲ့ အနေအထား ဖြစ်နေတာကိုး။ လုံခြုံရေး တည်ငြိမ်မှပဲ ကုန်သွယ်မှု ဆက်လုပ်နိုင်မှာပေါ့။ ကုန်သည်တွေအနေနဲ့ သူတို့ရဲ့ အသက်အန္တရာယ်နဲ့ ငွေကြေးဆုံးရှုံးမှုကို ကြည့်ပြီးတော့ ကုန်သွယ်မှုတော့ လုပ်မှာ မဟုတ်ဘူးလေ။ လောလောဆယ်တော့ ကုန်သွယ်မှုက ရပ်တန့်နေတာ မနေ့ကရော ဒီနေ့ရော ရပ်တန့်နေတာပါ။ လုံခြုံရေး တည်ငြိမ်သွားရင်တော့ ပုံမှန်ကုန်သွယ်မှု ဖြစ်လာမှာ ဖြစ်ပါတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က နိုဝင်ဘာ ၂၁ ရက်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။

ထို့ပြင် လက်ရှိအချိန်၌ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးစခန်းကို လုံခြုံရေးယူထားမှုနှင့် ပတ်သက်ပြီး “လက်ရှိအခြေအနေမှာ လုံခြုံရေးအရ စခန်းမှာ လက်နက်ကိုင် လုံခြုံရေး အဖွဲ့တွေရယ်၊ ရဲတပ်ဖွဲ့ရယ်၊ တပ်ရယ်၊ စီးပွား/ကူးသန်းက ညွှန်မှူးအပါအ၀င် အင်အား အယောက် ၂၀ တော့ (၁၀၅) စခန်းမှာတော့ ရှိနေပါတယ်။ ကျန်တဲ့အဖွဲ့တွေကတော့ မူဆယ်မြို့ပေါ်မှာ လောလောဆယ် လုံခြုံရေး ယူထားပါတယ်” ဟု ဦးခင်မောင်လွင်က ဆက်လက် ပြောကြားသည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ် (၁၀၅) မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်တွင် နိုဝင်ဘာ ၂၀ ရက်နေ့ နံနက် ၂ နာရီခန့်မှ စတင်ကာ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး ယာဉ်အသွားအလာများ မရှိသလောက် ဖြစ်ပွားကာ ကုန်စည်ကူးသန်းမှုများ ရပ်တန့်ခဲ့ကြောင်း သိရသည်။

မူဆယ် (၁၀၅) မိုင် နယ်စပ်ကုန်သွယ် ရေးဇုန်တွင် လက်နက်ကိုင်အဖွဲ့များ၏ ပစ်ခတ်မှုများကြောင့် ကုန်သိုလှောင်ရုံများ၊ ကုန်တင်ယာဉ်များနှင့် ဒေသခံများ လက်နက်ထိမှန်မှုများ ရှိခဲ့ကြောင်း သိရသည်။

မူဆယ် (၁၀၅) မိုင်အတွင်းရှိ သစ်သီးဝလံ ကုန်စည်ဒိုင်ရှိ သစ်သီးအရောင်းစင်များ၊ စားသောက်ဆိုင်များ၊ ရုံးခန်းများအား လက်နက်ထိမှန်မှုများ ရှိခဲ့ပြီး ဒေသခံများနှင့် (၁၀၅) မိုင် ရဲကင်းစခန်းတွင် တာဝန် ထမ်းဆောင်နေသော ရဲတပ်ဖွဲ့ဝင်များလည်း လက်နက်ထိမှန်မှုများ ရှိခဲ့ကြောင်း သိရသည်။

နံနက် ၉ နာရီခန့်တွင် TNLA လက်နက်ကိုင်အဖွဲ့ အင်အား ၁၅၀ ခန့်က မူဆယ်နှင့် နမ့်ဖတ်ကာကြား နမ့်ပေါ်တံတားရှိ လုံခြုံရေး ရဲကင်းသို့ ၀င်ရောက်ပစ်ခတ်မှုကြောင့် နမ့်ပေါ် ချောင်းကူးတံတား လက်နက်ကြီး ထိမှန်ခဲ့ပြီး၊ ရဲတပ်ဖွဲ့ဝင်များလည်း လက်နက်ငယ် ထိမှန်မှုများ ရှိခဲ့ကြောင်း သိရသည်။

နံနက် ၂ နာရီခန့်တွင်လည်း မူဆယ်မြို့အ၀င် ကညနရုံးအနီး မြို့အ၀င် လုံခြုံရေးရဲကင်းအား လက်နက်ကိုင် အဖွဲ့များမှ လက်နက်ကြီး နှစ်ချက်၊ လက်နက်ငယ် အချက် ၁၀၀ ခန့်ထိ ပစ်ခတ်ခဲ့ပြီး နံနက် ၁၀ နာရီခွဲတွင်လည်း သိန္နီမြို့အနီးရှိ နမ္မတူချောင်း တံတားပေါ်ရှိ ပါဂျဲရိုးကား တစ်စီးပေါ်တွင် ကားမိုင်း (၁) လုံးပေါက်ကွဲမှုကြောင့် တံတားပေါက်ပြဲ ပျက်စီးသွားပြီး ပါဂျဲရိုးကားမှာ ချောင်းအောက်သို့ ပြုတ်ကျသွားကြောင်း၊ ပေါက်ကွဲမှုကြောင့် တံတားပေါ် ဖြတ်သန်းသွားလာ လျက်ရှိသော အရပ်သားသုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

မူဆယ် (၁၀၅) မိုင်တွင် ယင်းကဲ့သို့ နယ်စပ်ကုန်သွယ်ရေး ရပ်တန့်နေသဖြင့် သစ်သီးကုန်သည်အချို့ နိုဝင်ဘာ ၂၁ ရက်က တရုတ်ကုန်သည်များနှင့် ညှိနှိုင်းကာ တရုတ်ဘက်သို့ သွားရောက် ရောင်းချမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“အခုက လုံခြုံရေး မကောင်းတော့ ၀မ်တိန်ဟိုဘက်ကမ်းပေါ့၊ တရုတ်ပြည်ထဲကို သွားရောင်းရတာ။ တရုတ်ပြည်ထဲကို ၀င်ရတော့ ပထမဆုံး အခက်အခဲက တအားအစစ်ခံရတယ်။ ဈေးကတော့ ဈေးကွက်က သူတို့လိုချင်တဲ့အချိန်၊ ပစ္စည်းနည်းနေတဲ့ အချိန်ဆိုတော့ ဈေးနှိမ်ခံရတာတော့ မရှိပါဘူး။ ဈေးတော့ မဆိုးပါဘူး။ ဒါပေမဲ့ (၁၀၅) မိုင်မှာ မရောင်းဘဲ ဒီလိုမျိုးနောက်ထပ် လေး၊ ငါးရက်လောက် ထပ်ဖြစ်နေမယ်ဆိုရင်၊ ဟိုဘက်ကမ်း တရုတ်ပြည် ၀မ်တိန်ထဲကို သွားရောင်းနေမယ်ဆိုရင် ဈေးကသေချာပေါက် ကျမှာပါ။ ဆုံးရှုံးနစ်နာမှုလည်း ရှိမှာပါ” ဟု မူဆယ်မှ ခွာညိုသစ်သီးပွဲရုံမှ ဒါရိုက်တာတစ်ဦးဖြစ်သူ ကိုစိုင်းမင်းသူနိုင်က နိုဝင်ဘာ ၂၁ ရက် ညနေ ၅ နာရီက The Daily Eleven ၏ ဖုန်းဖြင့် ဆက်သွယ် မေးမြန်းချက်ကို ပြန်လည် ဖြေကြားခဲ့သည်။

“ခါတိုင်းက ပန်ဆိုင်းက၀င်တာ၊ အခုက ကြူကုတ်-ပန်ဆိုင်းမှာလည်း ဖြစ်တယ်။ မူဆယ်မှာလည်းဖြစ်တော့ ကျွန်တော်တို့က တရားဝင်မဖွင့်သေးတဲ့ ကျိန်စမ်းကျော့ ဂိတ်လမ်းပေါ့၊ အဲဒီမှာ ကုန်စည်ဒိုင်နှစ်ခု ညှိနှိုင်းပြီးတော့ ကျွန်တော်တို့က တရားဝင် မဖွင့်သေးတာကို နားလည်မှုနဲ့ဝင်ရတာ၊ အခုလက်ရှိ အခက်အခဲက ကျွန်တော့်ဝန်ထမ်း တစ်ယောက်က ကျိန်စမ်းကျော့လမ်းကနေ ဒီနေ့ အသီးရောင်းပြီး ပြန်လာတဲ့အချိန်မှာ သူနဲ့အတူပါလာတဲ့ သူက သေနတ်မှန်သွားတယ်။ အခုဖြစ်နေတာ၊ တစ်လမ်းလုံး ပိတ်သွားပြီ။ မနက်ဖြန် ကျွန်တော်တို့ ဘယ်လိုသွားရောင်းရမလဲ ကျွန်တော်လည်း မသိတော့ဘူး” ဟူ ကိုစိုင်းမင်းသူနိုင်က ပြောကြားသည်။

        

Writer: 

နီလာ

No comments: