Thursday, November 24, 2016

မြန်မာ စစ်ပြေးရှောင်များအရေး တရုတ် - မြန်မာ ဆွေးနွေးမည်

ရန်ကုန်၊ နိုဝင်ဘာ ၂၃

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် တရုတ်နိုင်ငံဘက်သို့ ထွက်ပြေးတိမ်း ရှောင်နေသော မြန်မာစစ်ပြေး ဒုက္ခသည်များနှင့် ပတ်သက်၍ နှစ်နိုင်ငံ အစည်းအဝေးကို ပြုလုပ်သွားမည် ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနထံမှ သိရသည်။

ယင်းအစည်းအဝေးကို နေပြည်တော်တွင် နိုဝင်ဘာလ ၂၅ ရက်နေ့ (သောကြာနေ့) တွင် ပြုလုပ်မည်ဖြစ်ပြီး နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ကာကွယ်ရေး ဝန်ကြီးဌာန စသည့် ဝန်ကြီးဌာန နှစ်ခုစီ တွေ့ဆုံ၍ ဆွေးနွေးသွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးကျော်ဇေယျက The Voice သို့ ပြောသည်။ 

“အဲဒီ အစည်းအဝေးက နှစ်နိုင်ငံ ဝန်ကြီး ဌာန နှစ်ခုတွေ့မယ့် 2 + 2 Meeting ပုံစံ ကျင်းပမှာ ဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။

ယခု လက်ရှိ တရုတ်-မြန်မာ နယ်စပ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် မြန်မာနိုင်ငံဘက်မှ ထွက်ပြေးလာသည့် စစ်ဘေးရှောင် ဒုက္ခသည် သုံးထောင်ကျော်ကို တရုတ် နိုင်ငံဘက်တွင် လက်ခံထားကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားထားသည်။

ထို့ပြင် လက်ရှိ တရုတ် နယ်စပ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် ပတ်သက်ပြီး ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းကြရန် တရုတ်နိုင်ငံက ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ရက်ပိုင်းက KIA, TNLA, MNDAA, AA တို့ ပါဝင်သည့် မြောက်ပိုင်း မဟာမိတ် အဖွဲ့များက ရှမ်းပြည် နယ်မြောက်ပိုင်း ဒေသများရှိ မူဆယ်နှင့် ကွတ်ခိုင် ဒေသများသို့ ဝင်ရောက် တိုက်ခိုက်ခဲ့သည်။

THE VOICE

No comments: