ထွန်တုံးတိုက်ပွဲ ပြုလုပ်ခဲ့သဖြင့် ဖမ်းဆီးတရားစွဲဆိုခံရသော ဒေသခံ တောင်သူတစ်ဦးနှင့် မြေယာအရေး တက်ကြွလှုပ်ရှားသူ နှစ်ဦးကို ပြင်ဦးလွင်မြို့နယ် တရားရုံးတွင် ရုံးထုတ်စဉ် (ဓာတ်ပုံ-ဌေးလှအောင်)
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် အတွင်းရှိ စီမံကိန်းအကြောင်းပြ သိမ်းဆည်းထားသည့် ယာမြေများအား ဒေသခံ တောင်သူများက ပြန်လည်ရရှိရေးအတွက် ထွန်တုံးတိုက်ပွဲများ ပြုလုပ်ခဲ့ပြီး စီမံကိန်း အတွင်းရှိ သီးနှံပင်များအား ဖျက်ဆီးခဲ့သည့် ဟုဆိုကာ မြေယာအရေး တက်ကြွလှုပ်ရှားသူ နှစ်ဦးနှင့် ပြင်စာကျေးရွာမှ ဒေသခံတောင်သူ တစ်ဦးတို့ကို ဖမ်းဆီးခဲ့ပြီးနောက် နိုဝင်ဘာ ၇ ရက် မွန်းလွဲ ၃ နာရီက ပြင်ဦးလွင်မြို့နယ် တရားရုံးတွင် ပုဒ်မလေးခုဖြင့် စတင်တရားစွဲဆိုမှု ပြုလုပ်ခဲ့သည်။
ပြင်ဦးလွင်မြို့နယ် ပြင်စာကျေးရွာတွင် အောက်တိုဘာ ၈ ရက်က ကော်ဖီစီမံကိန်း ဟုဆိုကာ သိမ်းဆည်းထားသည့် ယာမြေများအတွင်း ဒေသခံတောင်သူများက ထွန်တုံးတိုက်ပွဲများ ပြုလုပ်ခဲ့ကြသည်။ ထိုသို့ထွန်တုံး တိုက်ပွဲပြုလုပ်ခဲ့မှုမှာ သီးနှံပင်များအား ဖျက်ဆီးခဲ့သည်ဟုဆိုကာ မြေယာအရေး တက်ကြွလှုပ်ရှားသူနှစ်ဦး ဒေသခံကျေးရွာသား တစ်ဦးတို့ကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၄၊ ၄၄၇၊ ၄၄၀၊ ၃၉၂ တို့ဖြင့် နိုဝင်ဘာ ၇ ရက်တွင် ပြင်ဦးလွင်မြို့နယ် တရားရုံး၌ စတင်တရားစွဲဆို ခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့က သိမ်းဆည်းခံယာမြေတွေနဲ့ ပတ်သက်ပြီး အရင်အစိုးရလက်ထက် ကတည်းက အကြိမ်ကြိမ် စာတင်ပြခဲ့တယ်။ အခုအစိုးရသစ် လက်ထက်မှာလည်း စာတင်ပြခဲ့တယ်။ အဆင်မပြေခဲ့ဘူး။ ဒါကြောင့် တောင်သူတွေ အနေနဲ့ ထွန်တုံးတိုက်ပွဲလုပ်ကြတယ်။ ထွန်တုံးတိုက်ပွဲ လုပ်တဲ့နေရာမှာလည်း သူတို့ကျွန်တော်တို့ကို စွပ်စွဲထားသလို နှစ်ရှည်သီးနှံပင်တွေ ဖျက်ဆီးခဲ့တာ လုံးဝမရှိခဲ့ပါဘူး။ အသုံးပြုခြင်းမရှိဘဲ လစ်လပ်နေတဲ့နေရာမှာ ထွန်ယက်တာဖြစ်တယ်။ ဒါကို ကျွန်တော်တို့ကို ပြင်းထန်ပြီး အာမခံမရနိုင်တဲ့ ပုဒ်မတွေတပ်ပြီး တရားစွဲဆိုတယ်။ မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်ကို ပြောချင်ပါတယ်။ မြေယာအရေးကို အမြန်ဆုံး မဖြေရှင်းဘဲ ထွန်တုံးတိုက်ပွဲလုပ်ခဲ့တဲ့ တောင်သူတွေနဲ့ ကူညီနေတဲ့သူတွေကို ရဲကနေပြီး ပိုက်စိပ်တိုက် လိုက်ဖမ်းတယ်။ နှစ်ရှည်လများ သိမ်းဆည်းထားတဲ့ ခရိုနီတွေရဲ့ ယာမြေတွေကို သေချာမစိစစ်ဘူး။ ကျွန်တော်တို့ကို သီးနှံပင်တွေ ဖျက်ဆီးတယ်ဆိုပြီး ပုဒ်မမျိုးစုံတပ် ဖမ်းဆီးထားတာက လုံးဝမတရားပါဘူး” ဟု ပုဒ်မလေးခုဖြင့် ဖမ်းဆီးတရားစွဲဆို ခံထားရသည့် မြေယာအရေး တက်ကြွလှုပ်ရှားသူ ကိုမျိုးဝင်းက ပြောကြားသည်။
နိုဝင်ဘာ ၇ ရက်က ပြင်ဦးလွင်မြို့နယ် တရားရုံးတွင် ချိန်းဆိုခဲ့သည့် ရုံးချိန်းတွင် မြေယာအရေး တက်ကြွလှုပ်ရှားသူ နှစ်ဦးဖြစ်သည့် ကိုမျိုးဝင်းနှင့် ကိုတိုးကြီး၊ ပြင်စာကျေးရွာမှ ဒေသခံတောင်သူ ကိုမင်းမင်းစိုးတို့အား အထက်ပါ ပုဒ်မလေးခုဖြင့် စတင်တရားစွဲဆို ခဲ့ခြင်းဖြစ်သည်။ သို့သော် စွဲဆိုထားသည့် ပုဒ်မများနှင့် ပတ်သက်၍ စစ်ဆေးနိုင်ခဲ့ခြင်း မရှိသေးကြောင်း သိရသည်။
“အခုထွန်တုံးတိုက်ပွဲ ပြုလုပ်လို့ စွဲဆိုထားတဲ့ အမှုမှာက နောက်ထပ်ဖမ်းဆီးဖို့အတွက် လူခုနစ်ဦး ကျန်နေပါသေးတယ်။ ဖမ်းဝရမ်းလည်း ထပ်ထုတ်သွားဖို့ ရှိပါတယ်။ ဒါကြောင့် အမှုကို လက်ရှိမှာက ဖမ်းဆီးဖို့လူတွေ ကျန်နေသေးတဲ့အတွက် စစ်ဆေးမှု မပြုလုပ်သေးပါဘူး” ဟု ပြင်ဦးလွင်မြို့နယ် တရားသူကြီးက တရားခွင်အတွင်း ပြောကြားသည်။
ထွန်တုံးတိုက်ပွဲ ပြုလုပ်ခဲ့သဖြင့် ပုဒ်မလေးခုဖြင့် ဖမ်းဆီးတရားစွဲဆို ခံထားရသည့် မြေယာအရေး တက်ကြွလှုပ်ရှားသူ နှစ်ဦးနှင့် ဒေသခံတောင်သူ တစ်ဦးတို့၏ နောက်ထပ်ရုံးချိန်းကို နိုဝင်ဘာ ၁၆ ရက်သို့ ပြင်ဦးလွင်မြို့နယ် တရားရုံးက ဆက်လက်ချိန်းဆိုခဲ့သည်။
“ကျွန်တော်တို့ ထွန်တုံးတိုက်ပွဲ လုပ်ခဲ့တာက လစ်လပ်နေတဲ့ မြေယာပေါ်မှာပဲ ထွန်ယက်ခဲ့တာ။ ဘာနှစ်ရှည် သီးနှံပင်ကိုမှ ကျွန်တော်တို့ တောင်သူတွေက ဖျက်ဆီးခဲ့ခြင်း မရှိပါဘူး။ ဒါကိုသီးနှံဖျက်ဆီးပါတယ်ဆိုပြီး ကျွန်တော်တို့ တောင်သူတွေကို ပြင်းထန်တဲ့ပုဒ်မတွေ တပ်ပြီးဖမ်းတယ်။ ရဲကလိုက်ဖမ်းနေလို့အခု ကျွန်တော်တို့ တောင်သူတွေ တိမ်းရှောင်နေရပါတယ်” ဟု ပြင်စာကျေးရွာမှ ဒေသခံတောင်သူတစ်ဦးက ဆိုသည်။
ပြင်ဦးလွင်မြို့နယ်မှာ မြေယာပြဿနာ အများဆုံး ဖြစ်ပွားလျက်ရှိသည့် မြို့နယ်တစ်ခုဖြစ်ပြီး ယာမြေသိမ်းဆည်း ခံထားရသည့် ဒေသခံများမှာလည်း ယင်းတို့၏ ယာမြေများ ပြန်လည်ရရှိရေးအတွက် ထွန်တုံးတိုက်ပွဲများ ပြုလုပ်လျက်ရှိနေဆဲ ဖြစ်သည်။ ယင်းကဲ့သို့ မြေယာပြဿနာများ ဖြစ်ပွားနေမှုနှင့်ပတ်သက်၍ ဒေသခံတောင်သူများ၏ အခက်အခဲများကို အဆင်ပြေစေရန် ညှိနှိုင်းမှု အားနည်းနေသည့်အပြင် ယာမြေသိမ်းဆည်း ခံထားရသည့် ဒေသခံ တောင်သူများအား ပုဒ်မမျိုးစုံဖြင့် ဖမ်းဆီးနေမှုကြောင့် တောင်သူအချို့မှာ ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရသည်။
ပြင်ဦးလွင်မြို့နှင့် အနီးဝန်းကျင်ရှိ မြေယာများအား ယခင်အစိုးရ လက်ထက်များက ဒေသခံတောင်သူများ၊ ဒေသခံများထံမှ လျော်ကြေးမဲ့ဖြင့် တပ်နှင့်ကုမ္ပဏီများက စီမံကိန်းအကြောင်းပြ၍ သိမ်းဆည်းခဲ့မှုများကြောင့် တောင်သူအများစုမှာ သက်ဆိုင်ရာအစိုးရ အဖွဲ့များထံသို့ အကြိမ်ကြိမ် စာတင်ပြ တောင်းဆိုမှုများ ရှိခဲ့သည်။ ယင်းသို့ အကြိမ်ကြိမ် စာတင်ပြ တောင်းဆိုမှုများ ရှိခဲ့သော်လည်း ထိရောက်သည့် ဖြေရှင်းပေးမှုများ မရှိခဲ့သဖြင့် ဒေသခံတောင်သူများက လစ်လပ်လျက်ရှိသည့် ယာမြေများအတွင်းသို့ ၀င်ရောက်လုပ်ကိုင်မှုများ ပြုလုပ်ခဲ့ကြသည်။
ဒေသခံများ ၀င်ရောက်ထွန်ယက်မှုများ ပြုလုပ်နေသည့် ယာမြေများမှာ လက်ရှိအချိန်တွင် ကော်ဖီခြံစီမံကိန်း၊ မြို့သစ်စီမံကိန်း အစရှိသည့် နေရာများဖြစ်ပြီး လက်ရှိအချိန်တွင် ဒေသခံများ ၀င်ရောက် လုပ်ကိုင်နေကြသည့် ယာမြေများမှာ တစ်ဆင့်ပြန်လည် ရောင်းဝယ်ထားမှုများလည်း ရှိကြောင်း ဒေသခံတောင်သူများက ပြောကြားသည်။
Writer:
ဌေးလှအောင်
No comments:
Post a Comment