၂၁.၁၁.၂၀၁၆ ရက်နေ့ နံနက်(၉း၀၀)နာရီချိန်တွင် ဒီးမော့ဆိုမြို့နယ်၊ ဒေါတော်ကူးအုပ်စု၊ ဒေါပေါ်ကူးကျေးရွာတွင် နေအိမ်တစ်ဆောင်မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာလ (၂၁)ရက်နေ့ နံနက်(၀၉း၀၀)နာရီချိန်တွင် အိမ်ရှင် ဦးမာတေးအိုနောသည် စပါးရိတ်သိမ်းရန်အတွက် မိသားစုလိုက် လယ်တောသို့ရောက်နေစဉ် နေအိမ်တွင် တပ်ဆင်ထားသော ဘက်ထရီဆိုလာပြားမှတစ်ဆင့် အပူလွန်ကဲပြီး စတင်မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။ သို့ဖြစ်၍ ရွာသူရွာသားများ ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ခြင်းကြောင့် (၀၉း၂၅)နာရီချိန်တွင် မီးညွှန့်ကျိုးပြီး (၁၀း၀၀)နာရီခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
မီးလောင်ကျွမ်းမှုကြောင့် အလျား(၁၉)ပေ၊ အနံ(၁၃)ပေ၊ အမြင့်(၁၂)ပေ၊ ပျဉ်ခင်း၊ ဝါးထရံကာ၊ သွပ်မိုး၊ ခြေတံရှည်အိမ်(၁)လုံး (ကာလတန်ဖိုး- ၂၀၀,၀၀၀)၊ စုစုပေါင်းတန်ဖိုး (၃၄၀,၀၀၀) ဆုံးရှုံးခဲ့ကြောင်း၊ အိမ်ခြေ(၁)အိမ်၊ အိမ်ထောင်စု(၁)စု၊ မီးဘေးဒုက္ခသည် ကျား(၃)ဦး၊ မ(၃)ဦး၊ ပေါင်း(၆)ဦးဖြစ်ပြီး မီးလောင်ကျွမ်းမှုတွင် လူ/တိရိစ္ဆာန်သေဆုံးမှု မရှိကြောင်း သိရသည်။
ဒေါတော်ကူးအုပ်စု၊ ဒေါပေါ်ကူးကျေးရွာတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားနေကြောင်း သတင်းကြားသိရပြီး ဒီးမော့ဆိုမြို့နယ် မြို့မရဲစခန်းမှ ဒုရဲအုပ်သူရကျော်သည် မီးသတ်ဦးစီးဌာနမှ တပ်ကြပ်ကြီး အိုင်ဗင်ခုန်း၊ တပ်သား ဗင်ဇင်းတို့နှင့်အတူ သွားရောက်စီစစ်ခဲ့ကြောင်း သိရသည်။
သို့ဖြစ်၍ မီးလောင်လွယ်သော အရာဝတ္တုအား ပေါ့ဆစွာအသုံးပြုသူ ဦးမာတေးအိုနော (၃၅)နှစ်၊ (ဘ) ဦးဟကက်၊ မှတ်ပုံတင်အမှတ် ၂/ဒမဆ(နိုင်) ၀၃၆၂၁၆ အား ဒမဆရဲစခန်း(ပ)၃၁/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ အရ ဒုရဲအုပ် သူရကျော်မှ စစ်ဆေးလျှက်ရှိကြောင်း ဒီးမော့ဆိုမြို့မ ရဲစခန်း မှုခင်းမှတ်တမ်းအရ သိရသည်။
ဓာတ်ပုံ...ဒီးမော့ဆိုမြို့မ ရဲစခန်း
မူအက်စတာ
Kantarawaddy Times





No comments:
Post a Comment