ယခုရက်ပိုင်းအတွင်း
ဆက်တိုက်မြင့်တက်လာသော ဒေါ်လာဈေးကြောင့် ကုန်ဈေးနှုန်း
မြင့်တက်လာနိုင်သည်ဟု စီးပွားရေးအသိုင်းအ၀ိုင်းမှ သုံးသပ်ပြောကြားသည်။
မြန်မာနိုင်ငံတွင်
လူသုံးကုန်ပစ္စည်းများမှာ အများစုသည် ပြည်ပမှ တင်သွင်းနေရသဖြင့် ဒေါ်လာဈေး
မြင့်တက်လာသည်နှင့် အပြိုင် ကုန်ဈေးနှုန်းလည်း မြင့်တက်လာနိုင်သည်ဟု
ဆိုသည်။
ယင်းသို့
ကုန်ဈေးနှုန်းမြင့်တက်မှုကြောင့် ငွေကြေးဖောင်းပွမှုနှုန်းမှာလည်း
တဖန်မြင့်တက်လာနိုင်သည့်အတွက် ၄င်းကို ထိန်းချုပ်ရန်လိုအပ်ကြောင်း
စီးပွားရေးပညာရှင်များက သုံးသပ်ကြသည်။
“ငွေကြေးဖောင်းပွမှုကို
ထိန်းချုပ်ဖို့က အဓိက ဗဟိုဘဏ်မှာ တာဝန်ရှိပါတယ်။ ဘဏ်စုငွေအတိုးနှုန်း
တိုးမြှင့်ပေးလိုက်ရင်တော့ ငွေကြေးဖောင်းပွမှုကို အထိုက်အလျောက်
ထိန်းချုပ်နိုင်မှာပါ” ဟု စီးပွားရေးပညာရှင် ဦးလှမောင်ကပြောသည်။
မြန်မာနိုင်ငံတော်
ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ လက်ရှိမြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည်
၁၂ ဒသမ ၁၄ ရာခိုင်နှုန်းရှိကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
ငွေကြေးဖောင်းပွခြင်းသည်
ပို့ကုန်များသည့်ကာလ၊ သွင်းကုန်များသည့် ကာလများတွင် ဖြစ်တတ်ပြီး
ကုန်သွယ်မှုတွင် လိုငွေပြခြင်းကြောင့် ငွေကြေး အပြောင်းအလဲဖြစ်ကာ
ရမည့်ဒေါ်လာထက် သုံးရမည့်ဒေါ်လာက များနေသောကြောင့် ဒေါ်လာ
ဈေးတက်နေမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး
ဦးမောင်မောင်ဝင်းက ပြောကြားခဲ့ကြောင်း သိရသည်။
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန
အနေဖြင့် ဘတ်ဂျက်ရေးဆွဲရာတွင် ရစရာရှိသည်များကို မှန်းရသလို သုံးစရာရှိသည်
များကိုလည်း မှန်း၍ ရေးဆွဲရသော်လည်း တခါတရံတွင် ပြည်ပချေးငွေကို ရမည်ဟု
မှန်းထားသော်လည်း မရသည်များ ရှိတတ်သဖြင့် တစ်နှစ်တာ အကောင်အထည်ဖော်နေချိန်
အတွင်း မှန်းဆသကဲ့သို့ ဖြစ်မလာသည်များလည်း ရှိတတ်သည်ဟု ဆိုသည်။
စက်တင်ဘာလ ၂ ရက်နေ့ ဈေးနှုန်းများအရ အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၁၂၁၉ ကျပ်ရှိကြောင်း သိရသည်။
ဝသန်
The Ladies News
No comments:
Post a Comment