Thursday, September 1, 2016

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဖားကန့် ရေကြီး

ဓာတ်ပုံ - Kyawkunt Kyawkunt ဓာတ်ပုံ - Kyawkunt Kyawkunt
ကချင်ပြည်နယ် ဖားကန့်ဒေသမှာ မနေ့တနေ့က မိုးတွေဆက်တိုက်ရွာခဲ့ပြီးတဲ့နောက် ဥရုချောင်းရေတက်ပြီး ဖားကန့်မြို့နဲ့ အနီးနားတ၀ိုက်ကျေးရွာတွေမှာပါ ရေကြီးပေါတယ်။
မရှီကထောင်ရပ်ကွက်မှာဆိုရင် ဒီနေ့ခင်းပိုင်းကစ ရေတွေတရိပ်ရိပ်ဝင်လာပြီး လမ်းမပေါ် ကနေ ၇ ပေလောက်မြင့်လာလို့ မော်တော်ကားရော ဆိုင်ကယ်တွေပါ သွားလို့မရတော့ဘူးလို့  ဖားကန့်ဒေသခံ ဦးဖုန်ဆိုင်းက ဒီဗွီဘီကို ပြောပါတယ်။
“ဖားကန့်နဲ့ ကျနော်တို့က ချောင်းဘဲခြားတာဆိုတော့ ဒီစာသင်ကျောင်းဘက်၊ လမ်းဆုံဘက် ဘေလီတံတားအလွန်မှာ ရေအပြည့်ဘဲ၊ ပုံမှန်သွားနေကျလမ်းအတိုင်းကို ၇ ပေလောက်မြင့်လာတယ်၊ ဥရုချောင်းကနေဆိုရင်တော့ မကဘူး၊ ဆယ်ပေကျော်တက်ပြီ။ ကားေ တွဖြတ်လို့မရတော့ဘူး၊ ဆိုင်ကယ်တွေက ပုံးတွေခုပြီးတော့ ဖောင်လိုလုပ်ပြီး ကယ်ရီ လုပ်နေကြတယ်၊ ဖားကန့်မြို့ပေါ်မှာလည်း ကမ္ဘောဇဘဏ်ရှေ့ မင်းလမ်းကြီးတော့ ရေ၀င်ကုန်ပြီ။”
မရှီကထောင်ဘက်မှာ ရေကြီးတယ်ဆိုရင် လုံးခင်း၊ ဖားကန့် နဲ့ ဆန်းကြွယ်ရွာသွားလမ်းတွေရော၊ မော်မုံစပေါ့ဘက်တွေမှာပါ ရေ၀င်နေကျပဲလို့ သူကဆက်ပြောပါတယ်။
ဖားကန့်မှာ ဒီချိန်ရောက်ရင် ရေကြီးတဲ့ပြဿ နာရင်ဆိုင်နေကျမို့  ဒေသခံတွေအနေနဲ့ ကြိုတင်ပစ္စည်းရွှေ့ပြောင်းတာ၊ အမြင့်မှာ သွားနေတာတွေကြောင့် ဘာမှ ထိခိုက်ဆုံးရှုံးမှုမရှိဘူးလို့  ဦးဖုန်ဆိုင်းက ပြောသွားပါတယ်။
လုံးခင်းဒေသခံ ဦးလောဟန်ကလည်း ရပ်ကွက် ၃၊ ရပ်ကွက် ၄၊ ရွာလမ်းမကြီးနဲ့ ဈေးနားတ၀ိုက်မှာ ဒူးဆစ်ကျော်ရေ၀င်နေကြောင်း၊ ဒီညနေပိုင်းမှာတော့ မိုးတိတ်သွားလို့ မကြာခင်ရေပြန်ကျမယ်လို့ မျှော်လင့်ကြောင်း ဒီဗွီဘီကို ပြောသွားပါတယ်။

No comments: