Tuesday, March 1, 2016

ပုဒ်မ ၁၈ ဖြင့် ရုံးထုတ်လာသူ တောင်သူလယ်သမားနေ့ အကြိုအဖြစ် ဆန္ဒထုတ်ဖော် ------- ------- --------

ပုဒ်မ ၁၈ ဖြင့် ရုံးထုတ်လာသူ တောင်သူလယ်သမားနေ့ အကြိုအဖြစ် ဆန္ဒထုတ်ဖော် ------- ------- -------- ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း ပြည်မြို့၌ မတ်လ ၁ ရက်တွင် ပုဒ်မ ၁၈ ဖြင့် ရုံးထုတ်လာသူက သိမ်းဆည်းခံ လယ်ယာမြေများ ပြန်ရရေးနှင့် ဖမ်းဆီးခံလယ်သမားများ လွှတ်ပေးရေးအတွက် တောင်သူလယ်သမားနေ့ အကြို အထိမ်းအမှတ်အဖြစ် ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ ထောင်ဒဏ် ကျခံနေရသော နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ကိုဝင်းလှိုင်မှာ ၎င်းကိုပုဒ်မ ၁၈ ဖြင့် ရုံးထုတ်လာစဉ် ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်ပြီး လယ်သမားများ လွှတ်ပေးရေးနှင့် လယ်ယာမြေ ပြန်လည်ရရှိရေး ကြွေးကြော် တောင်းဆိုမှုများပြုလုပ်ခဲ့သည်။ “ကျန်ခဲ့တဲ့ ဦးသိန်းစိန်အစိုးရ လက်ထက်မှာ လယ်သမားတွေ လယ်ပြန်ရဖို့ တောင်းဆိုခဲ့ပေမယ့် လယ်ယာမြေ ပြန်လည် ရရှိတာမျိုးမရှိသလို ကိုယ့်လယ်မြေ ကိုယ်ပြန်ရဖို့ တောင်းဆိုရင်း ဖမ်းဆီးထောင်ချ ခံရတာတွေနဲ့ ဒေါ်ခင်ဝင်းလိုမျိုး အသက်ဆုံးရှုံးတာတွေ ရှိခဲ့တဲ့အထိတောင် ဖြစ်ခဲ့ပါတယ်။ ကောင်းမွန်တဲ့ အစိုးရဆိုရင် အဲဒါတွေဖြေရှင်းပေးဖို့ တာဝန်ရှိပါတယ်။ အခု ဖမ်းဆီးထောင်ချခံနေရတဲ့ လယ်သမားတွေကိုလည်း လွှတ်ပေးဖို့ တောင်းဆိုတယ်” ဟု ဆန္ဒဖော်ထုတ်သူ ကိုဝင်းလှိုင်က ပြောသည်။ လက်ရှိရုံးချိန်းမှာ လက်ပံတောင်းတောင်တွင် ဖြစ်ပွားခဲ့သော ပစ်ခတ်မှုကြောင့် အသက်ဆုံရှုံးခဲ့ရသည့် လယ်သူမ ဒေါ်ခင်ဝင်း သေဆုံးခဲ့ရမှုကို မကျေနပ်၍ ပြည်မြို့ရှိ တက်ကြွလှုပ်ရှားသူများက ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် ဆန္ဒဖော်ထုတ်ခဲ့သဖြင့် ဖမ်းဆီးခြင်းခံရရာမှ တစ်နှစ်ကျော်အကြာ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလသို့ ရောက်ချိန်တွင် ပုဒ်မ ၁၈ ဖြင့် ရုံးတင် တရားစွဲဆိုသော အမှုဖြစ်ကြောင်း သိရသည်။ “ပုဒ်မ ၁၈ ဆိုတာကို လိုရင်တစ်မျိုး၊ မလိုရင်တစ်မျိုး လုပ်တယ်။ ကျွန်တော်တို့ ဆန္ဒပြခဲ့တဲ့ ဖြစ်စဉ်တွေမှာ တရားစွဲ ခံရတာလည်း ရှိသလို အစွဲမခံရတာလည်း ရှိတယ်။ အခုလို ကာလကြာမှ ပြန်လည်ဖော်ထုတ်တယ် ဆိုတာ ပြည်ထဲရေးဝန်ကြီးဌာနက တင်းတင်းကျပ်ကျပ် လုပ်လာတာ။ ဒါမျိုးတွေက မဖြစ်သင့်ဘူး။ တရားဥပေဒ စိုးမိုးမှု ညံ့ဖျင်းလို့ ဖြစ်နေတာလို့ပဲ မြင်တယ်” ဟု တရားစွဲဆိုခံသူများထဲတွင် အပါအဝင်ဖြစ်သော ကိုကျော်ကျော်ဦးက ပြောသည်။ ၎င်းတို့အမှုကို ပြည်မြို့မရဲစခန်းမှူး ဒုရဲမှူးမျိုးမြင့်က တရားလိုလုပ်၍ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ကိုဝင်းလှိုင်၊ ကိုမျိုးသူထွဋ်၊ ကိုကျော်ဆွေ၊ ကိုကျော်ကျော်ဦး၊ ကိုကျော်ကျော်ဥာဏ်ဝင်းနှင့် လိုင်စင်ရုပ်သိမ်းခံထားရသော တရားလွှတ်တော် ရှေ့နေ ဦးမြင့်အေး စုစုပေါင်း ၆ ဦးကို တရားစွဲဆိုထားခြင်းဖြစ်ကာ နောက်ရုံးချိန်းကို မတ်လ ၁၅ ရက်သို့ ပြန်လည် ချိန်းဆိုခဲ့ကြောင်း သိရသည်။ သတင်း - MMK The Ladies News

No comments: