Tuesday, March 1, 2016

မတ်လ ၁ ရက်နေ့၊ ပန်းဘဲတန်းတရားရုံးတွင် ကျောင်းသားများနှင့် တရားအချေအတင် ဖြစ်သဖြင့် ရုံးချိန်း ပြန်လည်ချိန်းဆို -------- ------- -------

မတ်လ ၁ ရက်နေ့၊ ပန်းဘဲတန်းတရားရုံးတွင် ကျောင်းသားများနှင့် တရားအချေအတင် ဖြစ်သဖြင့် ရုံးချိန်း ပြန်လည်ချိန်းဆို -------- ------- ------- ပုဒ်မ ၅၀၅(ခ)ဖြင့် ပန်းဘဲတန်းတရားရုံးတွင် အမှုရင်ဆိုင်နေရသည့် ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူနှင့် ကိုနန်းလင်း တို့အမှုအား ဆက်လက် စစ်ဆေးနိုင်ခြင်းမရှိဘဲ ရုံးချိန်းကိုသာ ပြန်လည်ချိန်းဆိုလိုက်ကြောင်း ကျောင်းသားများ၏ အမှုလိုက်ရှေ့နေများထံမှ သိရှိရသည်။ အဆိုပါ ကျောင်းသား ၃ ဦးအား ပန်းဘဲတန်းတရားရုံးတွင် မတ်လ ၁ ရက်နေ့တွင် ရုံးထုတ်ခဲ့သော်လည်း ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၈ အား ၎င်းတို့ စစ်ဆေးခဲ့သည့်အတွက် ကျောင်းသားများနှင့် တရားသူကြီး အခြေအတင်ဖြစ်ကာ ပုဒ်မ ၅၀၅ (ခ)အမှုအား စစ်ဆေးနိုင်ခြင်း မရှိတော့ဘဲ ရုံးချိန်းကိုသာ ပြန်လည်ချိန်းဆိုလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။ “ဒီနေ့ ကျောက်တံတားက စွဲထားတဲ့ ၅၀၅(ခ)အမှုကို စစ်တယ်။ ဒီနေ့မှာ ၅၀၅(ခ)နဲ့ ပုဒ်မ ၁၈ ချိန်းထားတယ်။ ပုဒ်မ ၁၈ အမှုကို အရင်စစ်တာကို ကျောင်းသားတွေက မသိလိုက်ဘူး။ အဲဒီအမှုကို ကျွန်တော်က မလိုက်ဘူး။ ကျောင်းသားတွေကလည်း ပုဒ်မ ၁၈ ကို မရင်ဆိုင်ဘူး။ ၅၀၅(ခ) စစ်မယ်ဆိုတော့ ကျွန်တော် ဝင်လိုက်တဲ့အခါမှာ ပုဒ်မ ၁၈ ကို သူတို့မသိဘဲ စစ်သွားတာကို စိတ်ဆိုးပြီး တရားရုံးနဲ့ အတိုက်အခံပြောပြီး စိတ်အနှောင့်အယှက် ဖြစ်တယ်ဆိုပြီး ဆက်အစစ်မခံတော့လို့ ရုံးချိန်းပြန်ချိန်းဖို့ တရားရုံးကို ရုံးချိန်းပြန်တောင်းလိုက်တာပါ” ဟု ကျောင်းသားများ၏ ရှေ့နေ ဦးကျော်ဟိုးက ပြောသည်။ ပန်းဘဲတန်းတရားရုံးတွင် တရားရင်ဆိုင်နေရသည့် ကျောင်းသားများမှာ ငြိမ်းစုစီပုဒ်မ ၁၈ ဖြင့် ကျောက်တံတားမြို့နယ်၊ ပန်းဘဲတန်းမြို့နယ်၊ ဗိုလ်တထောင်မြို့နယ်၊ ကမာရွတ်မြို့နယ်များတွင်လည်း တရားစွဲဆိုထားကြောင်း သိရသည်။ “ပုဒ်မ ၁၈ ကို အယုံအကြည်မရှိလို့ ကျွန်တော်တို့ တရားရုံးတွေမှာ အမှုရင်ဆိုင်သွားမှာ မဟုတ်ပါဘူး။ ဒီပုဒ်မက မတရားတဲ့ပုဒ်မ ဖြစ်တယ်” ဟု ကျောင်းသားခေါင်းဆောင် ကိုဇေယျာလွင်က ယခင်ရုံးချိန်းများတွင် ရုံးထုတ်စဉ် ပြောသည်။ ကျောင်းသား ခေါင်းဆောင်များဖြစ်သည့် ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူနှင့် ကိုနန်းလင်းတို့ ၃ ဦးမှာ ၂၀၁၅ ခုနှစ် ဇွန်လ ၃၀ ရက်က သိမ်ကြီးဈေးမှ မြို့တော်ခန်းမရှေ့အထိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး၊ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း၊ နုတ်ထွက်ပေးရေး ခွင့်ပြုချက်မဲ့ ဆန္ဒထုတ်ဖော် ခဲ့သည့်အတွက် ကျောက်တံတားမြို့နယ်နှင့် ပန်းဘဲတန်းမြို့နယ်တို့မှ အုပ်ချုပ်ရေးမှူးမှ ပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲထားခြင်း ဖြစ်သည်။ ကျောက်တံတားမြို့နယ် အုပ်ချုပ်ရေးမှူးမှ ပုဒ်မ ၅၀၅(ခ)ဖြင့် စွဲဆိုထားသည့် အမှုအား မတ်လ ၁၅ ရက်သို့ ထပ်မံချိန်းဆိုထားကြောင်း ပန်းဘဲတန်းမြို့နယ် တရားရုံးမှ သိရသည်။ သတင်း - MMK Photo - Sai Han The Ladies News

No comments: