Friday, March 25, 2016

တိုင်းနှင့် ပြည်နယ်အစိုးရအဖွဲ့တွေမှာ ဝန်ကြီးအရေအတွက် လျှော့ချမယ်

ပြန်လည်ဖွဲ့စည်းမယ့် ပုံစံကိုတော့ မသိရသေးဘဲ ဒေသအလိုက် လိုအပ်ချက်အပေါ်ကို မူတည်ပြီး ဖွဲ့စည်းသွားမယ်လို့ သိရပါတယ်။
play
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးစိုက်ရာ အဆောက်အဦကို တွေ့ရစဉ်။

အသစ်ဖွဲ့စည်းမယ့် တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေမှာ ၀န်ကြီးဌာနနဲ့ဝန်ကြီးအရေအတွက်တွေ လျှော့ချဖွဲ့စည်းသွားမယ်လို့ သိရပါတယ်။
ပြည်ထောင်စုအဆင့်မှာ မူဝါဒကောင်းကောင်းနဲ့ ထိထိရောက်ရောက် စွမ်းဆောင်နိုင်မယ်ဆိုရင် တိုင်းဒေသကြီး အဆင့်မှာလည်း ဝန်ကြီးဌာနအရေအတွက် လျှော့ချနိုင်မယ်လို့ ယုံကြည်တာကြောင့် အခုလိုစီစဉ်တာလို့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။
‘‘အဲဒီတော့ တိုင်းဒေသကြီး အဆင့်မှာလည်း ဘာပဲပြောပြော သေချာပါတယ်။ ဝန်ကြီးဌာန လျှော့ချသွားမယ့်အတွက် ဝန်ကြီး အရေအတွက်လည်း လျှော့ချမှာ ဖြစ်ပါတယ်’’ လို့ ဒေါက်တာဇော်မြင့်မောင်က ဆိုပါတယ်။
play

ပြန်လည်ဖွဲ့စည်းမယ့် ပုံစံကိုတော့ မသိရသေးဘဲ ဒေသအလိုက် လိုအပ်ချက်အပေါ်ကို မူတည်ပြီး ဖွဲ့စည်းသွားမယ်လို့ သိရပါတယ်။
‘‘သယံဇာတ မရှိတဲ့နေရာမှာ သွားပြီးတော့လည်း သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးသွားခန့်လို့ မဖြစ်ဘူး ပေါ့နော်။  သူ့နေရာဒေသကိုလိုက်ပြီးတော့ ကွဲပြားခြားနားမှုရှိသလို ဝန်ကြီးလျာထားမှုတွေလည်း ပြောရရင်တော့ ပြီးသလောက်ရှိပြီ" လို့ ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။
အရင်အစိုးရလက်ထက်မှာတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေကို ဝန်ကြီး ဌာနကိုးခုနဲ့ဖွဲ့စည်းထားပြီး ဝန်ကြီးချုပ်အပါအဝင် အစိုးရအဖွဲ့ဝန်ကြီး ၁၀ ဦးပါဝင်ပါတယ်။
Source : 7DayDaily
Photo   : yangonarchitecture,GLMA

No comments: