Monday, March 28, 2016

နိုင်ငံတော်၏ ဒရိုင်ဘာနှင့် လမ်းညွှန်ဦးဆောင်သူ


ခေါင်းဆောင်တစ်ဦးတစ်ယောက်ကို တိုက်ခိုက်ရန် ချိုးနှိမ်ရန် ရည်ရွယ်၍ အသုံးပြုလိုက်သည့် အချို့စကားလုံးများမှာ ဆန့်ကျင်ဘက်သက်ရောက်မှုများ ဖြစ်ပေါ်စေလေ့ ရှိသည်။

ဥပမာ ပြင်သစ်ဧကရာဇ် နပိုလီယံ၏ အရပ်ပုခြင်းကို ရည်ညွှန်း၍ ဆန့်ကျင်သူများက ယင်းအား “တပ်ကြပ်လေး”ဟု ခေါ်လေ့ရှိသည်။ သို့သော် ထိုအသုံးအနှုန်းက နပိုလီယံအား ကိုယ်ပိုင်စွမ်းရည်ဖြင့် ရာထူးအဆင့်ဆင့်တက်လာသူ စစ်ရေးပါရမီရှင်တစ်ဦးအဖြစ် ပိုမိုပေါ်လွင်စေခဲ့သည်။

သဘောထားပြတ်သားသည့် ဗြိတိန်ဝန်ကြီးချုပ် မာဂရက်သက်ချာအား ဆိုဗီယက်ဝါဒဖြန့်သူများက “သံမဏိအမျိုးသမီး”ဟု ခေါ်တွင်ခဲ့ခြင်းကလည်း သူ၏ တည်ကြည်ခိုင်မာမှုကို ရည်ညွှန်းသည့် စကားလုံး ဖြစ်စေခဲ့သည်။

NLD က ဦးထင်ကျော်အား ဒုတိယသမ္မတလောင်းအဖြစ် လွှတ်တော်တွင် အမည်တင်သွင်းပြီး မိနစ်ပိုင်းအတွင်းမှာပင် နိုင်ငံတကာသတင်းဌာနအချို့က ဦးထင်ကျော်အား ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်မောင်းတစ်ဦးဟု ရေးသားဖော်ပြခဲ့ကြသည်။ ဦးထင်ကျော်၏ ကိုယ်ရေး ရာဇ၀င် အသေးစိတ်ကို သိရှိရန် သတင်းဌာနများအနေဖြင့် အပြိုင်အဆိုင် ကြိုးစားခဲ့ကြရသည်။

NLD က အမည်စာရင်း တင်သွင်းပြီး ၆ နာရီကြာမှသာ ဦးထင်ကျော်၏ ကိုယ်ရေးရာဇ၀င်ကို ထုတ်ပြန်ပေးခဲ့ပြီး ထိုအချိန်တွင် မှားယွင်းဖော်ပြမှုများ ပျံ့နှံ့နေပြီဖြစ်သည်။ ချိုးနှိမ်တိုက်ခိုက်မှု တစ်ခုဟု NLD ပါတီကို ထောက်ခံသည့် အွန်လိုင်းအသုံးပြုသူများက မှတ်ယူထားသည့် မှားယွင်းဖော်ပြမှုမှာ လွန်ခဲ့သော ၁၅ နှစ်ခန့် စစ်အစိုးရခေတ် သတင်းစာတွင် ဖော်ပြ ခဲ့သည့် ဆောင်းပါးများမှ အစပြုသည်။

၂၀၀၀ ပြည့်လွန်နှင့် အစောပိုင်းတွင် အစိုးရပိုင် သတင်းစာများ၌ စစ်ထောက်လှမ်းရေး က ရေးသား ခဲ့သည့် ဆောင်းပါးများတွင် ဦးထင်ကျော်အား “ဒရိုင်ဘာ” တစ်ဦးဟု ဖော်ပြ ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ နယ်ခရီးစဉ်တစ်ခုကို ရထားဖြင့် သွားရောက်ရန် ရန်ကုန်ဘူတာကြီးသို့ ကားမောင်း ပို့ပေးခဲ့ပြီး စောင့်ဆိုင်းနေစဉ် ဦးထင်ကျော်အား စစ်တပ်က ဖမ်းဆီးပြီး အင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့သည်။

ထိုအချိန်က ဦးထင်ကျော်အား နိုင်ငံကျော်စာဆိုကြီး၏ သားဖြစ်ကြောင်း သိသော်ငှား ကားမောင်းပေးသူတစ်ဦးအဖြစ် ပုံဖော်ရန် စစ်အစိုးရ၏ အာဘော်ဖြစ်သော ကြေးမုံ သတင်းစာတွင် ၂၀၀၀ ပြည့်နှစ်၊ စက်တင်ဘာက ဖော်ပြခဲ့သည့် အခြားဆောင်းပါးတစ်ပုဒ်၌ ဦးထင်ကျော်အား NLD ကို ထောက်ခံအားပေးသူများအား နှိမ့်ချခေါ်ဝေါ်သည့် စကားလုံးဖြစ်သော “ငတိ” ဟုပင် သုံးနှုန်းဖြင့် ဖော်ပြခဲ့သည်။

နောက်ခံအသိုင်းအ၀ိုင်းနှင့် ပညာအရည်အချင်းအရ သမ္မတရာထူးနှင့် ထိုက်တန်သူ ဦးထင်ကျော်အား “ယာဉ်မောင်းဟောင်း”တစ်ဦးဟု ဖော်ပြခြင်းမှာ တိုက်ခိုက် ချိုးနှိမ်မှု တစ်ခုဟု ပြည်တွင်းမီဒီယာများကလည်း ရှုမြင်ကြသည်။ သို့သော် ရွေးကောက်ပွဲ အနိုင်ရပါတီသည် နိုင်ငံတကာမီဒီယာများအတွက် လုံးဝနီးပါး အစိမ်းသက်သက် ဖြစ်နေသူ တစ်ဦးကို သမ္မတအဖြစ် အမည်တင်သွင်းခဲ့ပြီးနောက် မီဒီယာရှင်းလင်းပွဲပြုလုပ်ခြင်း၊ အင်တာဗျူးခွင့် ပေးခြင်းတို့ မရှိသည့်အခါ နိုင်ငံတကာမီဒီယာများအနေဖြင့် အချက်အလက် မှားယွင်းခြင်း အလွယ်တကူ ဖြစ်ပေါ်နိုင်သည်။ ထိုသို့ မှားယွင်းခြင်းမျာ တမင်ရည်ရွယ်ခြင်း မဟုတ်။

မည်သို့ပင်ဖြစ်စေ ခေတ်သစ်ဒီမိုကရေစီ မြန်မာနိုင်ငံ၏ ပထမဆုံး အရပ်သားသမ္မတအတွက် ထိုသို့မှားယွင်းဖော်ပြမိမှုမှာ အားကောင်းသော တင်စားမှု တစ်ခု ဖြစ်ပေါ်လာစေသည်။ ဦးထင်ကျော်သည် မြန်မာနိုင်ငံအား ငြိမ်းချမ်းကြွယ်ဝမှုဆီ လမ်းညွှန်ဦးဆောင်နိုင်ပါ က မြန်မာပြည်သူများ ကာလရှည်ကြာ ရှာဖွေနေခဲ့သည့် နိုင်ငံဦးဆောင်မောင်းနှင်သူ ယာဉ်မောင်း တစ်ဦးဖြစ်လာမည် ဖြစ်ပေသည်။

သမ္မတအထက်တွင်ရှိမည်ဟု ကမ္ဘာကို ကြေငှာထားသည့် ဒေါ်အောင်ဆန်းစုကြည်၏ ညွှန်ကြားလမ်းညွှန်မှုအတိုင်း အစိုးရယန္တရားကို မောင်းနှင်မည့်သူ ဖြစ်လာမည်မှာ အသေအချာပင်ဖြစ်သည်။

မြန်မာ့အရေး စောင့်ကြည့်သူများအတွက်မူ သမ္မတအသစ်နှင့် ပတ်သက်၍ မေးခွန်းနှစ်ခု ပေါ်ပေါက်စေခဲ့သည်။ ပထမမေးခွန်းမှာ အကယ်၍ မြန်မာနိုင်ငံ အခြေခံဥပဒေတွင် စင်ကာပူ၊ အီတလီ၊ ဗြိတိန် စသည့် နိုင်ငံများကဲ့သို့ သတ်မှတ်ထားမည် ဆိုပါက နိုင်ငံအကြီးအကဲသည် အစိုးရအဖွဲ့အကြီးအကဲနှင့် သီးခြားစီ ဖြစ်နိုင်မည်လားဟု စောင့်ကြည့်ရမည် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်က အုပ်ချုပ်ရေးယန္တရားကို ဦးဆောင်ကိုင်တွယ်နေချိန်တွင် ဦးထင်ကျော်က နိုင်ငံတော်အခမ်းအနားများ တက်ရောက်ခြင်းကို ဆောင်ရွက်နိုင်မည်ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံ အခြေခံဥပဒေတွင် အုပ်ချုပ်ရေးအာဏာကို သမ္မတရုံးအား ပေးအပ်ထားသည်။

ထို့ကြောင့် အစိုးရအဖွဲ့တွင် ဒေါ်အောင်ဆန်းစုကြည်က သြဇာအာဏာရှိပြီး ဦးထင်ကျော်က တာဝန်ယူရသည့်ပုံစံကို မြင်တွေ့ရဖွယ်ရှိသည်။ ထိုပုံစံ အလုပ်ဖြစ်ရန် အတွက် ဦးထင်ကျော် သည် ဖြောင့်မတ်သော လူကောင်းတစ်ဦးဖြစ်ပြီး ဂုဏ်သတင်းကို ထိန်းသိမ်း ထားပြီး မိမိကိုယ်ကိုယ် ရှေ့တန်းမတင်တတ်သူဖြစ်၍ ဦးထင်ကျော်မှာ မီဒီယာက အသိနည်းခဲ့သူ ဖြစ်သည်။ ဦးထင်ကျော်အနေဖြင့် နေ့စဉ်နေ့တိုင်း လူအများက အရိုအသေပေးနေချိန်တွင်ပင် ရိုးသားပြီး ဂုဏ်မမောက်ပဲ မိမိနေရာနှင့် တာဝန်ကို သိရှိ နားလည်နိုင်မည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာရန် လိုအပ်သည်။

ဒုတိယမေးခွန်းမှာ နိုင်ငံအား မည်သူကမောင်းနှင်မည်ဆိုသည့် မေးခွန်းမဟုတ်ဘဲ မည်သည့် လမ်းကြောင်းသို့ မောင်းနှင်မည်ဆိုသည့် မေးခွန်းဖြစ်သည်။ NLD သည် ကွန်ဆာဗေးတစ် ပါတီ မဟုတ်သလို၊ လစ်ဘရယ်ပါတီ၊ ဆိုရှယ်လစ်ပါတီလည်း မဟုတ်ပေ။ ပါတီ၏ ရွေးကောက်ပွဲကြေညာစာတမ်းတွင်လည်း မူဝါဒများကို အကြမ်းဖျဉ်းမျှသာ ဖော်ပြထားသော်လည်း မည်သို့ဆောင်ရွက်မည်ဆိုသည့် ကတိပေးမှုပုံအစား “ဦးတည်ဆောင်ရွက်သွားမည်”၊ “အားပေးမည်” စသည့် ပိုမိုယေဘုယျဆန်သော အသုံးအနှုန်းဖြင့်သာ ဖော်ပြပြီး ဦးတည်ချက်များကို တိတိကျကျ ဖော်ပြခြင်းမရှိခဲ့ပေ။

ထိုသို့ မူဝါဒပိုင်းဆိုင်ရာ တိတိကျကျ ကတိပေးဖော်ပြမှု မရှိသော်လည်း NLD သည် အမှန်တကယ်အားဖြင့် နိုဝင်ဘာရွေးကောက်ပွဲတွင် အစီအစဉ်စိတ်ကူးများ ပြိုင်ဆိုင်ခြင်းမဟုတ်ဘဲ အနာဂတ်အမြင်များ ပြိုင်ဆိုင်ခြင်းဖြစ်ခဲ့သည်။ သမ္မတဦးသိန်းစိန်၏ အစိုးရသည် ပြီးခဲ့သည့် သက်တမ်းအတွင်း အစိုးရက ထိန်းချုပ်ထားသည့် ကုန်စည်နှင့် ၀န်ဆောင်မှုလုပ်ငန်းများကို ဖြေလျှော့ပေးခြင်း၊ မီဒီယာလွတ်လပ်ခွင့်ပေးခြင်းတို့ကြောင့် ရရှိခဲ့သည့် နာမည်ဂုဏ် သတင်းကောင်းပေါ် အခြေခံ၍ ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ရန် ကြိုးစားခဲ့သည်။

ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီက လူဟောင်းများနှင့် နည်းလမ်းသစ်များ တွဲဖက် ပွဲထုတ်ခဲ့ပြီး NLD ကမူ အတိတ်ကို နောက်ချန်ထား ကာ ရှေ့ဆက်ခြင်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို ပွဲထုတ်ယှဉ်ပြိုင်ခဲ့သည်။

စာရေးဆရာ ဒီလမ်ပီဒူဆာ၏ သမိုင်းနောက်ခံဝတ္ထု 'ကျားသစ်' မှ စာသားတစ်ခုဖြစ်သည် “အရာအားလုံးပြောင်းလဲနေမှ အရာအားလုံး နဂိုအတိုင်း ရှိနေနိုင်မယ်” ဆိုသည့် စကားကို အမှတ်ရစရာဖြစ်သည်။

ယခုအခါ NLD အစိုးရသစ်သည် ယင်းတို့ဖယ်ရှားခဲ့သည့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်သည်။ တစ်ပိုင်းတစ်စ ဖြစ်နေသည့် ဥပဒေပြဋ္ဌာန်းရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ရမည်ဖြစ်သည်။ စိတ်အားထက်သန်မှုမရှိခဲ့သည့် ပြုပြင်ပြောင်းလဲမှုများအား ပိုမို တွန်းအားပေးရမည်ဖြစ်သည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို အားပေးရမည်ဖြစ်သည်။ NLD အစိုးရ၏ အဓိက တာဝန်မှာ တော်လှန်ရေးမဟုတ်ဘဲ ပြုပြင်ပြောင်းလဲမှု အပြီးသတ်နိုင်ရေးဖြစ်သည်။

မြေယာပြဿနာ ဖြေရှင်းခြင်းအပါအ၀င် အရေးအပါဆုံး ပြဿနာများဖြေရှင်းရာတွင် ပိုမိုမှန်ကန်သည့် ပြုပြင်ပြောင်းလဲရေး လမ်းညွှန်နိုင်မည်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်အပေါ် နိုင်ငံတကာ၏ သဘောအမြင် ကောင်းမွန်မှုကြောင့် အခြားအစိုးရသစ်များထက် NLD အစိုးရသစ်အား ကူညီရန် နိုင်ငံခြားအစိုးရများက ပိုမိုဆန္ဒရှိမည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် မီးရောင်အောက် ထွက်လာချိန်တွင် ကားတံခါးဖွင့်ပေးလိုသူများ ပိုမို များပြားလာမည်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်အတွက် ဦးတည်ရာသို့ အချိန်မှန်တွင် ကောင်းမွန်စွာရောက်ရှိရန် ယာဉ်မောင်းက ဆောင်ကျဉ်းပေးရမည်ဖြစ်သည်။ ထို့ကြောင့် ဦးထင်ကျော်အဖို့ မီဒီယာအချို့၏ အစောပိုင်းမှားယွင်းဖော်ပြမှုမှာ ဆိုးဝါးလွန်းလှသည့် တင်စားမှုမျိုးမဟုတ်ပေ။

ဦးထင်ကျော်သည် ဒေါ်အောင်ဆန်းစုကြည် ယုံကြည်စိတ်အချရဆုံး ပုဂ္ဂို လ်ဖြစ်သဖြင့် မြန်မာနိုင်ငံကို ၅ နှစ်အတွင်း လိုရာခရီးကို အန္တရယ်နည်းစွာ ညင်သာစွာ မောင်းနှင်ပို့ပေးနိုင်ရန် တာဝန်ပေးခဲ့ခြင်း ဖြစ်သည်။ သူမ၏ ပေါ်လစီများကို လိုရာရောက်အောင် မောင်းနှင်ပို့ဆောင်မည့် ယာဉ်မောင်းမှာ ဦးထင်ကျော် ဖြစ်သည်ကို ငြင်းဆို၍ ရနိုင်မည် မထင်ပေ။

The Ladies News
https://www.facebook.com/News.TheLadies

No comments: