Sunday, November 1, 2015

ဒေါ်အောင်ဆန်းစုကြည်နှင့်ပူးပေါင်းမှုကြောင့်ကြံခိုင်ရေးပါတီဥက္ကဋ္ဌအဖြစ်မှဖယ်ရှားခံရခြင်းဖြစ်နိုင်ကြောင်းသူရဦးရွှေမန်းဆို

ဒေါ်အောင်ဆန်းစုကြည်နှင့်ပူးပေါင်းမှုကြောင့်ကြံခိုင်ရေးပါတီဥက္ကဋ္ဌအဖြစ်မှဖယ်ရှားခံရခြင်းဖြစ်နိုင်ကြောင်းသူရဦးရွှေမန်းဆို

တောင်ငူ၊အောက်တိုဘာ၃၁

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်နှင့်ပူးပေါင်းမှုကြောင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီဥက္ကဋ္ဌရာထူးမှဖယ်ရှားခံခဲ့ရခြင်းဖြစ်နိုင်ကြောင်းကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌဟောင်းသူရဦးရွှေမန်းကပြောကြားသည်။

သူရဦးရွှေမန်းက၎င်းဝင်ရောက်ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်ဖြစ်သောဖြူးမြို့နယ်၊ကညွတ်ကွင်းတွင် မီဒီယာများနှင့်တွေ့ဆုံစဉ်ပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းကိစ္စနှင့်ပတ်သက်၍မီဒီယာများ၏မေးမြန်းချက်ကို၎င်းက "ဒေါ်အောင်ဆန်းစုကြည်နဲ့ပေါင်းလို့ဖယ်ရှားခံရတာဖြစ်နိုင်ပါတယ်လို့ပဲပြောပါရစေ" ဟုဆိုသည်။

ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်နေသောအတိုက်အခံပါတီအပါအဝင်ပါတီများ၊ပြည်သူလူထုပူးပေါင်းဆောင်ရွက်ရန်လိုအပ်သည်ဟုယူဆ၍လုပ်ဆောင်ခဲ့မှုအပေါ်နိုင်ငံတော်သမ္မတခေါင်းဆောင်သည့်အစုအဖွဲ့ကသဘောထားကွဲလွဲခဲ့သည့်ပုံစံရှိခဲ့သောကြောင့်ယင်းသို့ဖြစ်ပေါ်လာသည်ဟုယူဆရကြောင်း သူရဦးရွှေမန်းကဆိုသည်။

"ကိုယ်တစ်ယောက်တည်းအာဏာရအောင်ယူမယ်ဆိုတဲ့ကိစ္စဟာအင်မတန်ခက်ခဲပါတယ်" ဟု၎င်းကထပ်လောင်းပြောကြားသည်။

သို့သော်လည်းလာမည့်အထွေထွေရွေးကောက်ပွဲတွင်မည်သည့်ရလဒ်ထွက်ပေါ်သည်ဖြစ်စေပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီကနုတ်ထွက်မည်မဟုတ်ကြောင်းယင်းပါတီဥက္ကဋ္ဌ (ပူးတွဲ) ဟောင်းသူရဦးရွှေမန်းကပြောကြားသည်။

“ပါတီကဘယ်လိုရလဒ်ထွက်ထွက်နုတ်ထွက်ခြင်းမပြုပါဘူး။ဒါပေမဲ့ပါတီကောင်းကျိုးနဲ့တိုင်းပြည်ကောင်းကျိုး၊အမျိုးသားအကျိုးစီးပွားယှဉ်လာရင်ပါတီကမထွက်ပေမယ့်ဘယ်ပါတီဘယ်ပုဂ္ဂိုလ်နဲ့မဆိုပူးပေါင်းဖို့ရှိပါတယ်” ဟုသူရဦးရွှေမန်းကဆိုသည်။

ယင်းအပြင်ကြံ့ခိုင်ရေးပါတီကို၎င်းအနေဖြင့်စွန့်ခွာမည်မဟုတ်ဘဲအလုပ်ဖြင့်သက်သေပြကာကြီးမားသောတာဝန်ပေးအပ်မှုရှိပါကဆက်လက်ထမ်းဆောင်လိုကြောင်းသူရဦးရွှေမန်းကထပ်လောင်းပြောကြားသည်။

သူရဦးရွှေမန်းအပါအဝင်ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီဝင်ခေါင်းဆောင်ပိုင်းတာဝန်ရှိသူအချို့ကိုဩဂုတ်လ၁၂နေ့ညတွင်ရာထူးမှဖယ်ရှားခဲ့ပြီးကြံခိုင်ရေးပါတီဗဟိုအလုပ်မှုဆောင်ကော်မတီအဖွဲ့ကိုလည်းပြင်ဆင်ဖွဲ့စည်းခဲ့သည်။

No comments: