Monday, November 2, 2015

"ဒီမိုငပိန်းလေးတွေဖတ်ဖို့…ဘာလဲ-ဘယ်လဲ"

"ဒီမိုငပိန်းလေးတွေဖတ်ဖို့…ဘာလဲ-ဘယ်လဲ"
==========================

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရဲ့ မဲဆွယ်စည်းရုံးပွဲတစ်ခုမှာ ကြံ့ခိုင်ရေးပါတီရဲ့ အမျိုးသားရေးနဲ့ပတ်သက်တဲ့ မူဝါဒတွေနဲ့ပတ်သက်ပြီး မဲဆန္ဒရှင်တစ်ဦးကမေးခွန်းများမေးခွန်းခဲ့ပြီး အဲဒီမေးခွန်းတွေအပေါ် ကြံ့ခိုင်ရေးပါတီရဲ့ဖြေကြား ချက်တွေကို မဲဆန္ဒရှင်များအားလုံးသိရှိသင့်တယ်လို့ ယူဆတဲ့အတွက် ဖော်ပြပေးလိုက်ပါတယ်။

မဲဆန္ဒရှင်တစ်ဦး၏မေးခွန်းများ

၁။ မျိုးစောင့်ဥပဒေကို NDF က ဒေါ်ခင်ဝိုင်းကြည် စတင် တင်သွင်းခဲ့ခြင်းဟုတ်/မဟုတ်။

၂။ ဘင်္ဂါလီ ၁၀ သိန်းကျော်ကိုဝှိုက်ကတ်များထုတ်ပေးပြီးမဲပေးခိုင်းကာဦးရွှေမောင်တို့ လွှတ်တော်ထဲရောက် အောင်လုပ်ခဲ့သည့်ပါတီ။ ဦးရွှေမောင်လိုလွှတ်တော်ထဲမှာရိုဟင်ဂျာအကြောင်းဆွေးနွေးနေတဲ့အမတ်ကိုပါတီဝင် အဖြစ်လက်ခံထားတာကရောအမျိုးဘာသာသာသနာအတွက် ရင်အေးစေမယ့် အချက်လား။

၃။ အကြမ်းဖက်သမားတိုင်းသည် အစ္စလာမ်ဖြစ်နေတာထူးခြားပါတယ်။ မြန်မာနိုင်ငံဟာလည်း အစ္စလာမ် မိုက်ဇေးရှင်းကိုစိုးရိမ်တာသဘာဝကျပါတယ်။ ဒါပေမယ့် မုံရွာ၊ရန်ကုန်အပါအဝင် မြန်မာနိုင်ငံအနှံ့မှာ မူဆလင်တွေ များလာတာဘယ်အစိုးရလက်ထက်မှာလဲ။

၎။ ဒေါ်စန္ဒာမင်းတင်သွင်းသွားတာကလက်ရှိပြည့်တန်ဆာလုပ်ငန်းမှာလုပ်ကိုင်နေတဲ့သူတွေကိုမှတ်ပုံတင်ပေးဖို့လို့ ဖြစ်ပါတယ်။ ပြည့်တန်ဆာလုပ်ငန်းကိုပိုမိုကြီးထွားအောင် လုပ်ဖို့ မဟုတ်ပါဘူး။ ကေတီဗွီ၊ မာဆပ်တွေကမိန်းကလေး တွေ ဟာ ဟိုလူ့ကြောက်ရ၊ ဒီလူ့ကြောက်ရ ဖြစ်နေတယ်။ ဒီလူတွေကိုကာကွယ်ပေးဖို့ ဥပဒေတင်သွင်းတာပါ။ ပြည်သူ့ ကျန်းမာရေးအမြင်အရ HIV ကိုကောင်းကောင်းမထိန်းချုပ်နိုင်ဘူး။ ပြည့်တန်ဆာတွေကိုသာတရားဝင်သွေးစစ်နိုင်မယ် ဆိုရင် HIV ကိုထိန်းချုပ်နိုင်မယ်။

၅။ NCA ကိုလက်နက်ကိုင်အဖွဲ့အစုံမပါပဲရွေးကောက်ပွဲမတိုင်ခင်မှာအပြေးအလွှားလုပ်ရာကျနေတယ်။

၆။ မည်သည့်ပါတီတက်တက် ဗုဒ္ဓဘာသာအများစုဖြစ်သည့် မြန်မာနိုင်ငံတွင် အများစု၏ဆန္ဒကိုကျော်လွန်၍ လုပ်မည်မဟုတ်။

ပြည်ခိုင်ဖြိုးပါတီ၏ဖြေကြားချက်များ

၁။ မျိုးစောင့်ဥပဒေကိုလွှတ်တော်တွင် စတင်အဆိုပြုခဲ့သူမှာ NDF က ဒေါ်ခင်ဝိုင်းကြည်ဖြစ်သည်မှာမှန်ကန်ပါ သည်။ မျိုးစောင့်ဥပဒေလေးခုကိုမူကြမ်းဆွဲ၍ လွှတ်တော်ဥပဒေကြမ်းကော်မတီကိုတင်သွင်းခဲ့သူမှာ သက်ဆိုင်ရာ ဝန်ကြီး ဌာနများဖြစ်ပြီးထိုဥပဒေကြမ်းများကို ပြဌာန်းရန် သင့်/မသင့် လွှတ်တော်တွင်းမဲခွဲဆုံးဖြတ်ရာတွင် ကြံ့ခိုင်ရေးနှင့် တပ်မတော်သားကိုယ်စားလှယ်များက ထောက်ခံ၍သာ ဥပဒေကိုအတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။ အတိုက်အခံပါတီကြီး တစ်ခုက အမတ်များ အားလုံးက ကန့်ကွက်ခဲ့သော်လည်း ထိုပါတီမှာ လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း၏ ၈% ခန့် သာရှိ၍ ထိုဥပဒေကြမ်း များကို အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။ ထိုပါတီမှ ကိုယ်စားလှယ်များသာ ကိုယ်စားလှယ် စုစု ပေါင်း ၏ ၅၀% ကျော်ရှိပါက ထိုဥပဒေများ ပြဌာန်းနိုင်မည်မဟုတ်။ လာမည့်ရွေးကောက်ပွဲအပြီးတွင် မျိုးစောင့်ဥပဒေ များ ကို ကန့်ကွက်သူမှာ ကိုယ်စား လှယ်စုစုပေါင်း၏ ၅၀% ကျော်ရှိပါကမျိုးစောင့်ဥပဒေ(၄)ခုကိုအချိန် မရွေး ဖျက်သိမ်း နိုင်သည် ။ (အတိုက်အခံ ပါတီကြီးတစ်ခုသည် ထိုဥပဒေများ မူကြမ်း ထွက်မလာခင်ကပင် ကြိုတင်၍ ကန့်ကွက်ခဲ့သလို လွှတ်တော်တွင်းမဲခွဲရာတွင် လည်း ကန့်ကွက်မဲပေးခဲ့သည်)

၂။ ဝှိုက်ကတ်သည် မြန်မာနိုင်ငံနယ်နမိတ်အတွင်းနေထိုင်ပြီး နိုင်ငံသားမစိစစ်ရသေးသူဖြစ်ကြောင်းခွဲခြားနိုင်ရန် ထုတ်ပေးခဲ့ခြင်းဖြစ်ပြီးဝှိုက်ကတ်ကိုမဲပေးခွင့်ပြုခဲ့ခြင်းသည် ယခင်စစ်အစိုးရ၏အမှားဖြစ်သည်။ ယခုသမ္မတဦးသိန်းစိန် လက်ထက်တွင် ဝှိုက်ကတ်ကိုပယ်ဖျက်ခဲ့ပြီးထိုပြဿနာကိုဖြေရှင်းခဲ့ပြီးဖြစ်သည်။ ဦးရွှေမောင်၊ ဝှိုက်ကဒ် စသည်တို့မှာ ယခင်တပ်မတော်အစိုးရလက်ထက်ကအကျိုးဆက်များဖြစ်ပြီးလက်ရှိခေတ်သစ်တွင် ဝှိုက်ကဒ်မဲပေးခွင့် မရှိတော့ သလို ဦးရွှေမောင်သည်လည်းအရွေးခံပိုင်ခွင့် မရှိတော့သလို ကြံ့ခိုင်ရေးပါတီမှလည်း ထုတ်ပယ်ခဲ့ပြီးဖြစ်သည်။ ဝါးလုံးရှည်နှင့် သိမ်းကျုံးပြောဆိုခြင်းမှာအဆိုးမြင် သက်သက်သာ ဖြစ်သည်။

၃။ အကြမ်းဖက်သမားတိုင်းအစ္စလာမ်ဆိုသည်မှာမှန်ကန်မှုမရှိပါ။ ကိုလံဘီယာမှ FARC ၊ စပိန်မှ ETA စသည်ဖြင့် အစ္စလာမ်မဟုတ်တဲ့ အကြမ်းဖက်အဖွဲ့အစည်းများစွာရှိပါသည်။ မြန်မာနိုင်ငံတွင်လည်းလက်ရှိအချိန်တွင် အရပ်ဖက် ပစ်မှတ်များကို ဗုံးခွဲဖျက်ဆီးနေသူများမှာအစ္စလာမ်မစ်အကြမ်းဖက်အဖွဲ့များမဟုတ်ပါ။ မြန်မာနိုင်ငံအနှံ့မှာအစ္စလာမ် ဘာသာဝင်တွေ တိုးပွားလာတာကတော့ အင်္ဂလိပ်အစိုးရလက်ထက်မှာဖြစ်ပါတယ်။ ကြံ့ခိုင်ရေးပါတီအနေနဲ့ အစ္စလာမ် ဆန့်ကျင်ရေးဝါဒမရှိပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေပါ လွတ်လပ်စွာကိုးကွယ်ခွင့်ကိုလေးစားလိုက်နာပါတယ်။ တရားမဝင် ဘင်္ဂါလီတွေ နိုင်ငံသားဖြစ်လာပြီး ဘင်္ဂါလီလူဦးရေအလွန်အမင်းတိုးပွားလာမယ့်အရေးကိုသာ ကာကွယ်ဖို့ ကြိုးစားနေ ခြင်းဖြစ်ပါတယ်။

၎။ ပြည့်တန်ဆာကိုတရားဝင်ခွင့်ပြုခြင်းဟာအကျိုးထက်အပြစ်ပိုများတယ်ဆိုတာ နိုင်ငံတကာအတွေ့အကြုံတွေ အရသိရပါတယ်။ ပြည့်တန်ဆာတွေကိုတရားဝင်ခွင့်ပြုရင် HIV ထိန်းချုပ်ရေးမှာအထောက်အကူဖြစ်နိုင်တယ် ဆိုတာ ကလဲမှန်းဆချက်သာဖြစ်ပြီးခိုင်မာတဲ့အထောက်အထားမရှိဘူး။ အရေးအကြီးဆုံးကတော့ မြန်မာ့ယဉ်ကျေးမှုနဲ့ မကိုက်ညီပါဘူး။ ဘယ်သူမှ ကိုယ့်အိမ်ဘေးမှာဖာခန်းရှိစေချင်မယ် မထင်ပါ။ အဓိကပြောလိုသောအချက်မှာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲအပြီးရောက်ရှိလာခဲ့သော လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်အတွင်း မည်မျှ ထိထိရောက်ရောက် လုပ်နိုင်ခဲ့သလဲဆိုတာကို ပြည်သူများသိရှိစေရန် ဖြစ်သည်။ လက်တွေ့ လုပ်ဆောင်ချက်များအရ ကြည့်လျှင် မယ်မယ်ရရ ကြီးကြီးမားမားမရှိခဲ့ပါ။ အတိုက်အခံပါတီခေါင်းဆောင်ကြီးကိုယ်တိုင်သည်ပင်လျှင် ရင်းနှီးမြုပ်နှံမှု နည်းဥပဒေ ထုတ်ပြန်ထားပြီး ဖြစ်သည်ကိုမသိဘဲနည်းဥပဒေအမြန်ဆုံးထုတ်ပြန်ပေးရန် ဆွေးနွေးခဲ့သဖြင့် လွှတ်တော် အတွင်းအကြီးအကျယ် အရှက်ကွဲခဲ့ရသည်။ ကျန် ကိုယ်စားလှယ်များဆိုလျှင် ပြောဖွယ်ရာမရှိတော့။ လူနည်း သဖြင့် မလုပ်နိုင်ဟုဆိုပါကတစ်ဦးတည်းရှိသောဦးသိန်းညွန့်၊ ဒေါ်ညိုညိုသင်းတို့ကို ကြည့်ပါ ဟုပြောလိုသည်။ ထိုသို့ လွှတ်တော်အတွင်းရောက်ရှိလာခဲ့သော်လည်းဘာတစ်ခုမှ လုပ်ပြနိုင်မှု မရှိခဲ့ခြင်းကိုအသိပေးလိုခြင်းသာ ဖြစ်သည်။

၅။ NCA ကိုတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အကုန်ပါမှ လက်မှတ်ထိုးမယ်ဆိုရင်တော့ NKU က ဖဒို မန်းငြိမ်းမောင်ပြောသလိုလေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကြာရင်တောင်ဖြစ်မှာမဟုတ်ပါ။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ ပေါ်ပေါက်လာပုံသမိုင်းကြောင်းမတူသလိုရည်ရွယ်ချက်တွေလဲမတူကြပါ။ မငြိမ်းချမ်းတဲ့ဒေသက ပြည်သူတွေ နေရာမှာဝင်ပြီးခံစားကြည့်ပါ။ ပြည်ပနိုင်ငံတွေကချီးကျူးနေသော်လည်း အဆိုးမြင်ပြီးမုဒိတာမပွားနိုင်သည့် ပါတီကြီး တစ်ခု ၏ စိတ်ရင်းစေတနာမှာအံ့သြဖွယ်ရာ ဖြစ်သည်။ မိမိပါတီအတွင်းမှာပင် ကိုယ်စားလှယ်လောင်း ရွေးချယ်ရေး ကိစ္စနှင့်ပတ်သက်ပြီး ဆန္ဒပြတာတွေ၊ ထုတ်ပစ်ပြီး အရေးယူခဲ့ရတာတွေ ရှိခဲ့တဲ့ အထိစိတ်ဝမ်းကွဲပြားနေတာကိုကြည့်ရင် လက်နက်ကိုင်ထားတဲ့ အဖွဲ့တွေ တစ်စုတစ်စည်း တည်းတစ်သဘောတည်း ဖြစ်ဖို့ မည်မျှ ခက်ခဲမည်ကို နားလည် သင့်သည်။ ကိုယ်ကိုယ်တိုင် ဘာမှ မလုပ်နိုင်၊ လုပ်မပြ နိုင်သေးဘဲ တိုင်းရင်းသားအားလုံး ၀မ်းမြောက်ဝမ်းသာနေကြ သည့် NCA ကိုသေးသိမ်အောင် လုပ်ဆောင်ခြင်းသည့် စိတ်မကောင်းစရာ ဖြစ်နေပါသည်။ တိုင်းရင်းသား ခေါင်းဆောင် ကြီး မူတူးဆေးဖိုးလိုလူကိုတောင် တွေ့ဖို့သွားတဲ့အခါ အခန်းထဲပေးမဝင်ဘဲ အပြင်မှာမတ်တပ်ရပ် စောင့်ခိုင်းတဲ့အထိ တန်းတူရည်တူမဆက်ဆံပဲ နှိမ့်ချဆက်ဆံခဲ့တဲ့သူတွေ ရှိပါတယ်။ ဒီလိုလူမျိုးက NCA လက်မှတ်ထိုးပွဲ မတက်တာ အံ့သြစရာမဟုတ်ပါဘူး။ NCA မထိုးပါနဲ့ ဆိုပြီးမနာလိုတိုရှည်နဲ့ သွေးထိုးခဲ့တဲ့ ပါတီကဘယ်ပါတီလဲ၊ ဘာဖြစ်လို့ ငြိမ်းချမ်းရေးလိုအရေးကြီးတဲ့ ကိစ္စမျိုးကိုတောင် ကဖျက်ကယက် လုပ်ချင်ရတာလဲ။

၆။ ဥပဒေတိုင်းကို ပြည်သူ့ဆန္ဒခံယူပွဲမလုပ်နိုင်ပါ။ ဒါကြောင့် ပြည်သူတွေကိုယ်စားဥပဒေပြဌာန်းပေးမယ့်၊ အုပ်ချုပ် မယ့် ပြည်သူ့ကိုယ်စားလှယ်တွေကိုရွေးရခြင်းဖြစ်ပါတယ်။ ဒါကြောင့်မို့ ပြည်သူတွေ သိနိုင်အောင် အမျိုးသားရေးနဲ့ ပတ်သက်လို့ ပါတီရဲ့မူကိုပြောကြားခြင်းဖြစ်တယ်။ အမျိုးသားရေးနဲ့ ပတ်သက်ပြီးမူဝါဒမကြေညာရဲတဲ့ပါတီဟာ မူဝါဒမရှိလို့ပဲဖြစ်တယ်။ မူဝါဒ ရှိရင်တောင် ပြည်သူကိုအတိအလင်းအသိမပေးရဲလောက်အောင် ဖြစ်နေလို့ ဖြစ်ပါလိမ့်မယ်။ ပြည်သူ ကြိုက်နှစ်သက်ဖွယ်ရာမရှိတဲ့ မူဝါဒ ဖြစ်နေလို့လဲခုလိုမပြောဘဲဝေ့လည်ကြောင်ပတ် လျှာအရိုးမရှိတိုင်းလျှောက်ပြောနေခြင်းသာ ဖြစ်ပါတယ်။ ကြံ့ခိုင်ရေးပါတီက မျိုးစောင့်ဥပဒေတွေ လုံးဝ ပြင်ဆင်မှာ၊ ပယ်ဖျက်မှာ မဟုတ်ပါ ဘူးလို့ အာမခံပါတယ်။ အာမမခံရဲတဲ့ ပါတီတွေအနေနဲ့ အမျိုးသားရေးနဲ့ ပတ်သက်ပြီး အများ ဆန္ဒပါ ဆိုပြီး ယောင်ဝါးဝါး လျှောက်မပြောပါတော့နဲ့။ ပြည်တွင်း အတိုက်အခံတွေ က ကန့်ကွက်နေတဲ့ကြား၊ နိုင်ငံတကာ ကကန့်ကွက်နေတဲ့ကြားက မျိုးစောင့်ဥပဒေလေးခုကိုဦးသိန်းစိန်ကလက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။ ပြောမယ်ဆိုရင် ဦးသိန်းစိန်က “ရိုဟင်ဂျာလုံးဝလက်မခံ” ဆိုပြီး ပြတ်ပြတ်သားသားပြောရဲတယ်။ နိုင်ငံတကာက သူ့ကို အသိအမှတ်ပြုထားတယ်ဆိုတဲ့သူက ဘာဖြစ်လို့ မပြောရဲတာလဲ။ အဖြေကရှင်းနေတာပဲ။ ဆင်သေကိုဆိတ်သားရေနဲ့ ဖုံးနေတာရှက်ဖို့ ကောင်းပါတယ်။ သိက္ခာကျပါတယ်။

No comments: