ပုံပြောပြိုင်ပွဲ
------ ------ ------
၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်မှာ အထွေထွေရွေးကောက်ပွဲကျင်းပဖို့ရှိတယ်။ ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီ ၉၀ ကျော်နဲ့ ကိုယ်စားလှယ်လောင်း ၆၀၀၀ ကျော် ပါဝင်ယှဉ်ပြိုင်ကြတယ်။ မဲဆွယ်စည်းရုံးရေးကာလဟာ စက်တင် ဘာလဆန်းမှ နိုဝင်ဘာလဆန်းအထိ နှစ်လဖြစ်ပါတယ်။ ပါတီဥက္ကဋ္ဌတွေက သူတို့ပါတီကိုမဲပေးကြပါ။ သူတို့ ပါတီသာ ရွေးကောက်ပွဲမှာ အနိုင်ရရင်၊ အစိုးရဖွဲ့နိုင်မယ်ဆိုရင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် ဘယ်လိုလုပ် မယ်၊ ပြည်သူလူထုရဲ့ဘ၀ တိုးတက်အောင် ဘာတွေလုပ်ပေးမယ်ဆိုပြီး ကတိတွေ အမျိုးမျိုးပြောနေကြပါတယ်။ တသီးပုဂ္ဂလအပါအ၀င် လွှတ်တော်ကိုယ်စားလှယ်လောင်းများကလည်း သူတို့ကို မဲပေးကြပါ။ ရွေးကောက်ပွဲမှာ အနိုင်ရရင် မဲဆန္ဒရှင်တွေအကျိုး ဘယ်လိုသယ်ပိုးမယ်ဆိုပြီး ပြောဆိုစည်းရုံးနေကြပါတယ်။
အမှန်တကယ် ရွေးကောက်ပွဲတခုမှာ မဲဆွယ်စည်းရုံးတယ်ဆိုတာ နိုင်ငံရေးပါတီအချင်းချင်း၊ ပါတီခေါင်းဆောင် အချင်းချင်း၊ ကိုယ်စားလှယ်လောင်းအချင်းချင်း ပုံပြောပြိုင်ကြတာ ဖြစ်ပါတယ်။ သူတို့ရဲ့ မျှော်မှန်းချက်တွေ၊ စိတ်ကူးအိပ်မက်တွေကို ပြည်သူလူထုသိအောင် ချပြကြတာဖြစ်ပါတယ်။ စိတ်ကူးအိပ်မက်များဆိုတာ အကောင် အထည်ဖော်ခွင့်ရမှပဲ လက်တွေ့ဖြစ်နိုင်တာပါ။ အဲဒီအတွက် နိုင်ငံရေးပါတီတခု၊ ကိုယ်စားလှယ်လောင်းတဦး ဟာ ရွေးကောက်ပွဲမှာ မဖြစ်မနေ အနိုင်ရဖို့ လိုအပ်ပါတယ်။
နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲမှာ ကိုယ်စီအနိုင်ရဖို့ အကြိတ်အနယ် ပုံပြောပြိုင်နေကြတဲ့ အဓိက နိုင်ငံရေး ပါတီ ကြီးနှစ်ပါတီကတော့ သမ္မတဦးသိန်းစိန်ဦးဆောင်တဲ့ အာဏာရပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) တို့ ဖြစ်ပါတယ်။
အာဏာရ ပြည်ခိုင်ဖြိုးပါတီက သူတို့ပါတီကို မဲပေးဖို့ အခုလိုမဲဆွယ်စည်းရုံးပါတယ်။
ပြည်ခိုင်ဖြိုးပါတီက ဒီမိုကရေစီပြောင်းလဲမှုအစ ပြည်ခိုင်ဖြိုးကဆိုပြီး ကြွေးကြော်ပါတယ်။ ဒီမိုကရေစီအသွင်ကူး ပြောင်းရေးလုပ်ငန်းကို တည်ငြိမ်ချောမွေ့စွာနဲ့ အောင်မြင်အောင် ဖော်ဆောင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ပါတီ ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတလက်ထက်တွင် သန်း ၅၀ ကျော် ပြည်သူများနဲ့ နိုင်ငံတော်အစိုးရတို့ရဲ့ တူညီသောဆန္ဒ နှစ်ခုဖြစ်တဲ့ တိုင်းပြည်တည်ငြိမ် အေးချမ်းရေးနှင့် ပြည်သူများရဲ့ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးကို အလေး အနက်ထား ဖြစ်မြောက်အောင် ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။
ထင်သာမြင်သာတဲ့ ပြောင်းလဲမှုများတွင် လက်ကိုင်ဖုန်းများနဲ့ မော်တော်ဆိုင်ကယ်များ၊ မော်တော်ကားများ၊ လယ်ယာသုံးစက်ကိရိယာများကို ကျေးလက်နေပြည်သူများအထိ အသုံးပြုနေတယ်။ ၀န်ထမ်းလစာများ တိုးပေး ခဲ့တယ်။ အလုပ်သမားများအတွက် အနိမ့်ဆုံးလုပ်ခကြေးငွေ သတ်မှတ်နိုင်ခဲ့တယ်။ တောင်သူလယ်သမားများ အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားကာကွယ်ရေးဥပဒေကို ပြဋ္ဌာန်းပေးခဲ့တယ်ဆိုပြီး အာဏာရပြည်ခိုင် ဖြိုးပါတီက ပြောဆိုစည်းရုံးနေပါတယ်။ (မှတ်ချက်- လယ်သိမ်းခံရ၊ ထွန်တုံးတိုက်ပွဲဆင်နွှဲကြလို့ အစုလိုက်အပြုံ လိုက် တရားစွဲခံ၊ ထောင်ကျရတဲ့ လယ်သမားများ၊ လုပ်ခလစာတိုးပေးဖို့ ဆန္ဒဖော်ထုတ်လို့ ဖမ်းဆီးထောင်ကျခံ နေရသော အလုပ်သမားများအကြောင်းတော့ မပါဝင်ပါ။)
ဒါ့ပြင် ပြည်ခိုင်ဖြိုးပါတီဟာ ပြည်တွင်းပဋိပက္ခချုပ်ငြိမ်းဖို့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဖော် ဆောင်ရေးကို လုပ်ဆောင်ပေးခဲ့တယ်။ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး (NCA) သဘောတူညီချက်ကို အောက်တိုဘာ ၁၆ ရက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နဲ့ လက်မှတ်ရေးထိုးသွားဖို့ရှိတယ်။ ဒါဟာ သမ္မတ ဦးသိန်းစိန်အစိုးရနဲ့ အာဏာရပြည်ခိုင်ဖြိုးပါတီရဲ့ ကြိုးပမ်းအောင်မြင်မှုတွေပဲ ဖြစ်တယ်လို့ ပြောနေကြပါတယ်။ သို့သော် ရှမ်း၊ ကချင်၊ ကရင်တို့မှာ တိုက်ပွဲတွေ ဖြစ်နေဆဲပါ။
အာဏာရပြည်ခိုင်ဖြိုးပါတီက အမျိုးသားရေးနှင့်မျိုးနွယ်ကိုစောင့်ရှောက်တာ ပြည်ခိုင်ဖြိုးပါတီပါဆိုပြီး အောက်တို ဘာ ၈ ရက်၊ မကွေးမြို့နယ်၊ ကန်သာကြီးကျေးရွာအနီး မဲဆွယ်စည်းရုံးပွဲမှာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင်ပင်ခံ ဦးစိုးသာက ပြောပါတယ်။
''တို့ မြန်မာလူမျိုးအတွက် ပြည်ခိုင်ဖြိုးကတော့ စိတ်ချရတယ်။ မြန်မာဆိုတာမှာ တိုင်းရင်းသားတွေ အားလုံး အပါအ၀င် ဖြစ်တယ်။ အမျိုးသားရေးဆိုရင်တို့ပါတီ၊ တို့အစိုးရက ဘယ်သူ့မျက်နှာမှမကြည့်ဘူး။ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးဘက်ကပဲ ပြတ်ပြတ်သားသား ရပ်တည်မယ်''ဟု ဟောပြောခဲ့သည်။
အောက်တိုဘာ ၉ ရက်ထုတ် Daily Eleven ပါ ယင်းသတင်း၏ အဆုံးသတ်၌ ''ဦးစိုးသာသည် ယခင်က နိုင်ငံ ပိုင်မြေကွက်များနှင့် နိုင်ငံပိုင်စက်ရုံများ၊ လုပ်ငန်းများ အများအပြားကို ပုဂ္ဂလိကပိုင်ပြုလုပ်ခဲ့စဉ်က အဓိကတာဝန် ရှိသူတဦးဖြစ်ခဲ့ပြီး လက်ရှိတွင်လည်း ရန်ကုန်မြို့ရှိ အဓိကအချက်အချာကျနေရာအချို့တွင် ဒေါ်လာသန်းချီတန် သော မြေကွက်ကြီးအချို့ကို ပိုင်ဆိုင်ထားသူဖြစ်သည်''ဆိုပြီး ဖော်ပြထားပါတယ်။ သြော် ဒါကြောင့် ပြည်ခိုင်ဖြိုး ပူးတွဲဥက္ကဋ္ဌ ဦးဌေးဦးက ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်လောင်းများရဲ့ ပိုင်ဆိုင်မှုထုတ်ပြန်ကြေညာမှာမဟုတ်လို့ ပြောခဲ့တာ ဖြစ်မှာပါ။
ဝေဖန်သူအချို့က အာဏာရ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်း ပြည်ထောင်စုဝန်ကြီးအချို့ စိန်လက်စွပ်၊ ပတ္တမြားလက်စွပ်ကြီးတွေ တ၀င်းဝင်းနဲ့ လက်များဆန့်တန်းပင့်မြှောက်ကြပြီး မဲဆွယ်စည်းရုံးနေကြတာဟာ အမြင်မတော် ဆင်တော်နဲ့ခလောက်ဖြစ်နေပါတယ်။ လယ်ယာစိုက်ပျိုးရေးဌာနကြီးကို ဦးဆောင်တဲ့သူရဲ့မိသားစု က လယ်သမားများရဲ့ လယ်မြေများကို သိမ်းဆည်းခဲ့တယ်ဆိုတဲ့ကိစ္စ၊ လယ်ယာမြေပြဿနာ စုံစမ်းစစ်ဆေးရေး ကော်မတီတွင် အဖွဲ့ဝင်အဖြစ် ပါဝင်နေသူရဲ့ကုမ္ပဏီက လယ်သမားများနဲ့ လယ်ယာမြေအငြင်းပွားမှု ဖြစ်နေခြင်း များဟာ အရပ်ရပ်ကြားလို့မှ မတော်ကြောင်း ထောက်ပြကြပါတယ်။
အာဏာရပြည်ခိုင်ဖြိုးပါတီဟာ အမျိုး၊ ဘာသာစောင့်ရှောက်ရေးကို ရှေ့တန်းတင်ပြောဟောနေကြပါတယ်။ အစိုးရ၊ အာဏာရပါတီရဲ့ အားပေးပံ့ပိုးမှုနဲ့ မျိုးစောင့်ဥပဒေအောင်မြင်မှုအထိမ်းအမှတ် ဂုဏ်ပြုပွဲများကို ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်မြို့ကြီးများမှာ အကြီးအကျယ်ကျင်းပခဲ့ကြပါတယ်။
အထက်ပါကိစ္စများနဲ့ပတ်သက်ပြီး အရှင်သံဝရလင်္ကာရ (ဓမ္မပီယ) ဆရာတော်က ''အခု အမျိုးဘာသာ သာသနာ လို့ တွင်တွင်အော်နေသူတွေဟာ တချိန်က ဘုန်းကြီးတွေကို ရိုက်တဲ့သူတွေပါ။ ဘုန်းကြီးတွေကို ခြေထောက်နဲ့ လှိမ့်ကန်ခဲ့တဲ့သူတွေပါ။ ဘုန်းကြီးတွေကို ထောင်သွင်းနှိပ်စက်ခဲ့တဲ့သူတွေပါ။ ဘုန်းကြီးကို သတ်ဖြတ်ခဲ့တဲ့သူ တွေပါ''ဆိုပြီး မိန့်ကြားပါတယ်။
အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ကတော့ ရွေးကောက်ပွဲမှာ အနိုင်ရချင်တယ်။ အနိုင်ရမှ အစိုးရဖွဲ့နိုင်မယ်။ အစိုးရဖွဲ့ခွင့်ရပြီး အာဏာရပါမှ တိုင်းပြည်နဲ့ လူမျိုးအကျိုးလုပ်နိုင်မှာဖြစ်တယ်ဆိုပြီး ပြောပါ တယ်။ ဒါပေမဲ့ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အာဏာနဲ့တာဝန်ကို အခုလို ခွဲခြားပြီး ပြောပါတယ်။
''ကျွန်မတို့လိုချင်တာ အာဏာမဟုတ်ပါဘူး။ ကျွန်မတို့ လိုချင်တာကတော့ 'တာဝန်'ပါ။ တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ရေးအတွက် လုပ်ဆောင်ပေးနိုင်မယ့် 'တာဝန်'ကိုသာ လိုချင်ပါတယ်။ အဲဒီတာဝန်ကို တိုင်းရင်းသား ပြည်သူတို့က ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထံ အပ်နှင်းစေလိုပါတယ်''ဆိုပြီး ၂၅-၉-၂၀၁၅ ရက်က စစ်ကိုင်းတိုင်း ခန္တီးမြို့ မဲဆွယ်စည်းရုံးရေးခရီးမှာ ပြောကြားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က NLD အစိုးရဟာ အာဏာကို ဖက်တွယ်ထားမှာ မဟုတ်ဘူး။ ပြည်သူလူထုက မလိုလားတဲ့အချိန်မှာ အာဏာက ဆင်းပေးမှာ ဖြစ်တယ်လို့ အာမခံပါတယ်။ NLD က မြန်မာနိုင်ငံဟာ ကမ္ဘာ့ ဖွံ့ဖြိုးပြီးနိုင်ငံများကို မဆိုထားနဲ့ အိမ်နီးချင်းနိုင်ငံများရဲ့နောက် အများကြီး ကျန်ရစ်နေတယ်။ မြန်မာနိုင်ငံဟာ အမှန်တကယ်ပြောင်းလဲချိန်တန်ပါပြီ။ အမှန်တကယ်ပြောင်းလဲဖို့ NLD ကို မဲပေးစို့' ဆိုပြီး လှုံ့ဆော်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်မထိ၊ ပြည်သူမနာတဲ့ နည်းလမ်းတွေနဲ့သာ ဒီမိုကရေစီဖက်ဒရယ်ပြည် ထောင်စုကြီးကို တည်ဆောက်မယ်ဆိုပြီး NLD ရဲ့ စိတ်ကူးအိပ်မက်များကို ပြောပြပါတယ်။
NLD ဟာ ၉၀ ပြည့်နှစ် ရွေးကောက်ပွဲတုန်းက တောင်ပြိုကမ်းပြို အနိုင်ရခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်တုန်းက စစ်အစိုးရက အာဏာမလွှဲ ပြောင်းပေးခဲ့တဲ့အတွက် သူ့ရဲ့စိတ်ကူး အိပ်မက်ကို လက်တွေ့အကောင်အထည် ဖော်ခွင့်မရခဲ့ပါဘူး။ ဒါကြောင့် NLD အနေနဲ့ အခု နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရပြီး ၉၀ ပြည့်နှစ်တုန်းက အကောင်အထည်ဖော်ခွင့် မရခဲ့တဲ့ စိတ်ကူးအိပ်မက်တွေကို လက်တွေ့အကောင် အထည် ဖော်ချင်နေပါတယ်။ NLD ရဲ့ ဆန္ဒဟာ တရားပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲကြီးမှာ မဲဆန္ဒရှင်လူထုက NLD ကို တိုင်းပြည်အုပ်ချုပ်ခွင့် 'တာဝန်'ပေးပါ့မလား။
တိုင်းသိပြည်သိ ဆရာတော်ကြီးအချို့ အပါအ၀င် ဘာသာရေးဆိုင်ရာ လူပုဂ္ဂိုလ်အချို့က သမ္မတဦးသိန်းစိန်ဟာ ပထမငါးနှစ်သက်တမ်းမှာ ပြုပြင်ပြောင်းလဲရေးများ စတင်ခဲ့တယ်။ သူ့ရဲ့ ပြုပြင်ပြောင်းလဲရေးတွေ ဆက်လက် အကောင်အထည်ဖော်ဆောင်ဖို့ နောက်ထပ် ငါးနှစ်ဆက်လက် တာဝန်ထမ်းဆောင်သင့်တယ်ဆိုပြီး ပြောကြတာ မျိုးရှိပါတယ်။ အမှန်ပြောရရင် သမ္မတဦးသိန်းစိန်ဟာ ယခင်စစ်အစိုးရလက်ထက်က ဗိုလ်ချုပ်ကြီးဘ၀နဲ့ နှစ်အတော်ကြာ ၀န်ကြီးချုပ်တာဝန် ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီးမှာ သမ္မတအဖြစ် ငါးနှစ်လုပ်ပိုင်ခွင့်ရခဲ့သူပါ။ ဒီသမ္မတ၊ သမ္မတကြီး အစိုးရအဖွဲ့အတွင်းရှိ ၀န်ကြီးများ၊ အကြံပေး များရဲ့ အရည်အချင်း၊ လုပ်ရည်ကိုင်ရည်၊ သူတို့ပေးခဲ့တဲ့ ကတိတွေ၊ ပုံပြင်တွေ နှစ်ပေါင်းများစွာ ကြားခဲ့ရတာမို့ ရိုးအီနေပြီ ဖြစ်ပါတယ်။
ဗိုလ်ချုပ်ကြီးနေ၀င်းက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ဖြင့် ဆိုရှယ်လစ်လောကသို့ မရောက်ရောက်အောင် ချီတက် မယ်ဆိုပြီး စိတ်ကူးအိပ်မက်ခဲ့ပါတယ်။ အိပ်မက်ကို လက်တွေ့အကောင်အထည်ဖော်ပါတယ်။ မအောင် မြင်ပါဘူး။ တိုင်းပြည် ကမ္ဘာ့အဆင်းရဲဆုံး စာရင်းဝင်ခဲ့ပါတယ်။ ၈၈ အရေးအခင်းအပြီး စစ်အာဏာသိမ်းအစိုးရ က စည်းကမ်းပြည့်ဝပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီးတည်ဆောက်အံ့ဆိုပြီး လုပ်ပါ တယ်။ ဒါပေမဲ့ မအောင်မြင်ပါဘူး။ အာဏာရပါတီက သမ္မတဦးသိန်းစိန်အစိုးရဟာ တိုင်းပြည်ကို ပြောင်းလဲခဲ့ တယ်။ ဆက်လက်ပြီး ပြုပြင်ပြောင်းလဲနေတယ်။ ပြည်ခိုင်ဖြိုးကို မဲပေးကြပါဆိုပြီး ပြောပါတယ်။ ဒါပေမဲ့ တိုင်းပြည် ဟာ အဆင်းရဲဆုံးနိုင်ငံများစာရင်းမှ မလွတ်မြောက်သေးပါဘူး။ ကမ္ဘာပေါ်တွင် အာဖဂန်နစ္စတန်ပြီးရင် ဘိန်း အစိုက်ဆုံးနိုင်ငံ၊ စိတ်ကြွမူးယစ်ဆေး အများဆုံးထုတ်လုပ်တဲ့နိုင်ငံ၊ ကမ္ဘာပေါ်တွင် အကျင့်ပျက်ခြစားမှုအများဆုံး နိုင်ငံဆိုပြီး နာမည်ဆိုး နာမည်ပျက်နေပါတယ်။
ပြည်သူလူထုကြီးကတော့ အပြောင်းအလဲတရပ် လိုချင်နေပြီဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ ပြောင်းလဲစေချင်တဲ့ ဆန္ဒကို ဆိုက်ကားတွေပေါ်မှာ၊ တက္ကစီကားတွေပေါ်မှာ၊ ကိုယ်ပိုင်ကားအချို့အပေါ်မှာ တွေ့မြင်နေရပါတယ်။ အဲဒါက ရဲရဲနီတဲ့အောက်ခံပေါ်တွင် အ၀ါရောင် ခွပ်ဒေါင်းနှင့်ကြယ်ဖြူတလုံးပါ။ ဒီမြင်ကွင်းများက ၂၀၁၅ ရွေး ကောက်ပွဲ အတွက် ပြည်သူ့ဆန္ဒကိုဖော်ပြတဲ့ စစ်တမ်းပဲ ဖြစ်ပါတယ်။
ရွေးကောက်ပွဲဆိုတာ နိုင်ငံရေးပါတီတွေ၊ ပါတီခေါင်းဆောင်တွေ၊ ကိုယ်စားလှယ်လောင်းတွေ ပုံပြောပြိုင်ကြတာ ဖြစ်ပါတယ်။ တနည်းအားဖြင့် စကားရည်လုပြိုင်ပွဲ ဖြစ်ပါတယ်။ သူတို့တတွေရဲ့စိတ်ကူးအိပ်မက်ကို ထုတ်ဖော် ပြောဆိုတဲ့ပွဲလည်း ဖြစ်ပါတယ်။ ဒါဆိုရင် ၂၀၁၅ ရွေးကောက်ပွဲဆိုတဲ့ ပုံပြောပြိုင်ပွဲကြီးမှာ ဘယ်ပါတီ၊ ဘယ် ကိုယ်စားလှယ်တွေ အနိုင်ရရှိပြီး သူတို့တတွေရဲ့ စိတ်ကူးအိပ်မက်တွေကို ဘယ်လို လက်တွေ့အကောင် အထည်ဖော်ခွင့်ရကြမလဲ စောင့်ကြည့်ကြရမှာပဲဖြစ်ကြောင်းပါဗျာ။
ဝိုင်းတော်သားတဦး
$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်
No comments:
Post a Comment