သမ္မတ ဦးသိန်းစိန် ဘာကြောင့် PR ပိုလုပ်သလဲ
သမ္မတ ဦးသိန်းစိန်
မြန်မာနိုင်ငံ ရွေးကောက်ပွဲအတွက် ပါတီပေါင်းစုံက မဲဆွယ်စည်းရုံးရေးတွေ လုပ်နေသလို သမ္မတ ဦးသိန်းစိန်ရုံးကလည်း သမ္မတရဲ့ ကောင်းကြောင်းတွေကို ဆက်တိုက် ဖော်ပြမှုတွေ ပိုလုပ်လာနေပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကပဲ Moving Foward ရှေ့သို့မြန်မာ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဗီဒီယိုတွေကို အပိုဒ်လိုက် ပြသလာနေပါတယ်။
ပထမဦးဆုံး တင်ထားတဲ့ ဗီဒီယိုမှာတော့ လယ်သမားတွေကအစ မိုဘိုင်းဖုန်းတွေ သုံးလာနိုင်တာ သမ္မတ ဦးသိန်းစိန်ကြောင့်၊ ဘဏ်စနစ်ပြောင်းလဲလာတာ သမ္မတ ဦးသိန်းစိန်ကြောင့် ဆိုပြီး ထွက်ပေါ်လာပါတယ်။
ဒုတိယဗီဒီယိုမှာတော့ စစ်နဲ့ ငြိမ်းချမ်းရေး ဆိုတဲ့ ခေါင်းစဉ်နဲ့ နိုင်ငံရေးပြဿနာကို ဖြေရှင်းဖို့ မျှော်လင့်ချက်ပေးနေတဲ့လူကတော့ သမ္မတ ဦးသိန်းစိန်ပဲ ဆိုပြီး ၆ မိနစ်ခွဲကျော်ကြာ ပြသခဲ့ပါတယ်။
မနေ့တုန်းကပဲ ထွက်ပေါ်လာတဲ့ ဗီဒီယိုမှာတော့ လွတ်လပ်စွာ ရေးသား ထုတ်ဖော်ပြောဆိုခွင့် ဆိုတဲ့ ခေါင်းစဉ်နဲ့ မီဒီယာ ကဏ္ဍပြောင်းလဲလာတာ သမ္မတ ဦးသိန်းစိန်ကြောင့် ဆိုပြီးတော့ ၅ မိနစ်စာ ဗီဒီယို ပြသခဲ့ပါတယ်။
ဒါ့အပြင် ရေကြီးမှုနဲ့ ပတ်သက်ပြီး သမ္မတရဲ့ လှုပ်ရှားမှုအကြောင်းကိုလည်း သမ္မတရုံး ဝဘ်ဆိုက်အပြင် MRTV သတင်းမှာလည်း ဆက်တိုက်ဖော်ပြနေပါတယ်။
ဒီရက်ပိုင်းတွေအတွင်း ခါတိုင်းထက် ပိုပြီး PR လို့ခေါ်တဲ့ ကိုယ်အရည်အသွေးမြင့်တင်မှုတွေ လုပ်နေတာကို ကြည့်ပြီး သမ္မတ ဦးသိန်းစိန်အနေနဲ့ ဒုတိယအကြိမ် သမ္မတ သက်တမ်း ရရှိဖို့ ကြိုးစားနေတာ ဖြစ်မယ်ဆိုပြီး သုံးသပ်နေကြပါတယ်။
သတင်းမီဒီယာတွေမှာ လွတ်လပ်မှု ရှိလာတယ်ဆိုပေမယ့် သမ္မတ ဦးသိန်းစိန်လက်ထက်အတွင်း သတင်းစာသမားတွေ အရေးယူခံရတာတွေ၊ နိုင်ငံရေးမှာ ဆန့်ကျင်သူတွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေ ထောင်ချ ခံနေရဆဲပဲလို့လည်း ပြောဆိုကြပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ရဲ့အဆိုအရ မြန်မာအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား ၁၀၈ ယောက် ရှိနေပြီး အခွင့်အရေးလှုပ်ရှားသူ အယောက်ပေါင်း ၄၆၀ က တရားစွဲဆို ခံနေရတယ်လို့ ဆိုပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
Labels: LocalNews
မဲစာရင်းမှာ သင့်အမည် စစ်ပြီးပြီလား။ သင့်အမည်မပါရင်/ ကိုယ်ရေးအချက်အလက်တွေမှားနေရင် သတ်မှတ်ပုံစံများကို ဖြည့်စွက်/ပြင်ဆင်ပြီး မဲပေးနိုင်အောင်ဆောင်ရွက်ပါ။
No comments:
Post a Comment