Monday, September 21, 2015

ပယင်းကျောက်တူးဖော်နေသူ ၂၀ ဦး အား မူးယစ်ဆေးဝါးသုံးစွဲသည်ဟု အကြောင်းပြကာ KIA အဖွဲ့မှ လူသစ်အဖြစ် ဖမ်းဆီး

ပယင်းကျောက်တူးဖော်နေသူ ၂၀ ဦး အား မူးယစ်ဆေးဝါးသုံးစွဲသည်ဟု အကြောင်းပြကာ KIA အဖွဲ့မှ လူသစ်အဖြစ် ဖမ်းဆီး

20 September 2015

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ရာမွတ်မှော်နှင့် လဘူခမှော်များတွင် ပယင်းကျောက်ရှာဖွေတူးဖော်သူ ၂၀ ဦးအား မူးယစ်ဆေးဝါးသုံးစွဲသည်ဟု အကြောင်းပြကာ စက်တင်ဘာလ ၁၇ ရက်နေ့တွင် KIA အဖွဲ့မှ လူသစ်အဖြစ် ဖမ်းဆီးခေါ် ဆောင်သွားကြောင်း ယင်းဒေသခံ များထံမှ သိရှိရသည်။

တနိုင်းမြို့နယ်၊ ရာမွတ်မှော်နှင့် လဘူခမှော်များသို့ စက်တင်ဘာလ ၁၇ ရက်နေ့တွင် KIA အဖွဲ့ တစ်ဖွဲ့ရောက်ရှိလာပြီး မှော်အတွင်းသို့ ၀င်/ထွက်သွားလာသူများအား မူးယစ်ဆေးဝါးရှာဖွေခြင်း၊ သုံးစွဲခြင်း ရှိ/မရှိ စစ်ဆေးဆောင်ရွက်၍ ပယင်း ကျောက်ရှာဖွေတူးဖော်သူ ၂၀ ဦးအား မူးယစ်ဆေးဝါး သုံးစွဲသည်ဟု အကြောင်းပြကာ ၎င်းတို့စခန်းရှိရာ ထရီဘွမ်တောင် သို့ လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ကျောက်လုပ်ငန်းရှင်တစ်ဦးမှ ပြောပြပါသည်။

“ ဒီနားက ပယင်းမှော်တွေမှာတော့ ကျောက်တူးဖော်တဲ့သူတွေကအများကြီးပဲ။ နေရာဒေသပေါင်းစုံက လူမျိုးပေါင်းစုံ လာလုပ်စားနေကြတာပေါ့။ ဒါကို KIA အဖွဲ့တစ်ဖွဲ့ရောက်လာပြီး မှော်လုပ်သားအယောက် ၂၀ ကို မူးယစ်ဆေးဝါးသုံးစွဲ တယ်လို့ စွပ်စွဲတယ်၊ ပြီးတော့ သူတို့ စခန်းကို ဖမ်းခေါ်သွားတယ်၊ ဒါဟာ သက်သက်အကြောင်းပြတာ၊ လူသစ်လုပ်ခိုင်းဖို့ ဖမ်းသွားတာ၊ ပြီးခဲ့တဲ့တစ်ပတ်ကလောက်လည်း မှော်လုပ်သား ၃၀ အကြောင်းမဲ့ဖမ်းသွားတယ်၊ အခုဖမ်းတဲ့သူတွေကို လည်း သင်တန်းတက်ခိုင်းပြီး လူသစ် လုပ်ခိုင်းမှာပဲလေ၊ သူတို့ကဆက်ကြေးကောက်လိုက်၊ လူသစ်စုလိုက် မကြာခဏ လုပ်နေတာ၊ မရှိလို့သာ လုပ်စားရတာ၊ အလုပ်လုပ်စားရတာ မလွယ်ပါဘူးဗျာ” ဟု ၎င်းမှ ဆက်လက်ပြောပြပါသည်။

KIA အဖွဲ့သည် ပယင်းကျောက်ရှာဖွေတူးဖော်သူများပါမကျန် ဆက်ကြေးငွေ ကောက်ခံခြင်း၊ လူသစ်အဖြစ် ဖမ်းဆီးခြင်း တို့ကြောင့် မှော်လုပ်သားများအနေဖြင့် လုပ်ငန်းများကိုစွန့်ကာ မိမိတို့နေရပ်ဒေသအသီးသီးသို့ ပြန်သွားသောကြောင့် ပယင်းမှော်များတွင် အလုပ်သမားရှားပါမှု ပြဿနာများနှင့် ရင်ဆိုင်နေရကြောင်း သိရှိရသည်။

နော်ဂျာ



သတင်းများကိုဆုံးအောင်ဖတ်တဲ့ အတွက်ကျေးဇူးပါ

No comments: