Sunday, September 20, 2015

ဘုန်းကြီးတစ်ပါး ပါတီမဲဆွယ်တရားဟော ========================= နေသည် =====

ဘုန်းကြီးတစ်ပါး ပါတီမဲဆွယ်တရားဟော
=========================
နေသည်
=====
ခေါင်းစဉ်ကို ကြည့်ပြီး ဟိုထင်ဒီထင် ထင်နေကြပြီလားမသိဘူး။ ထင်မနေကြပါနဲ့။ တကယ်ဟောနေတာပါ။ တစ်နိုင်ငံလုံး ပါတီအရေးကို တစ်တစ်ခွခွ ပြောနေကြ ဟောနေကြတဲ့အချိန်မှာ ကိုယ်တစ်ပါးထဲ ဘောင်ဘင်ခတ်ပြီး လွတ်သွားတဲ့ငါးလို အထီးကျန်ဆန်ဆန် နေနေလို့ မသင့်ဘူးထင်လို့ပါ။

မြန်မာပြည်ရဲ့ မျက်မှောက်ကာလဟာ ရောင်စုံပါတီပန်းတွေ အပြိုင်အဆိုင်ဖူးပွင့်နေကြချိန်။ ဒီမိုကရေစီနိုင်ငံရေးတံခါးပေါက်က ဝင်လာတဲ့ သင်းပျံ့ ပျံ့ရနံ့လေးကို အလုအယက် ရှူရှိုက်နေကြချိန်ပေါ့။ ဒီလိုရာသီဥတုသာယာနေချိန်မှာ တစ်ချို့တစ်ချို့လူတွေက ကိုယ်စီရဲ့ခါးပိုက်တွေမှာ အသင့်ထည့်ယူလာတဲ့ ပစ္စည်းတစ်စုံတစ်ရာကို ဒီမိုကရေစီအသီးအပွင့်တွေပါဆိုပြီး လူတွေကြားထဲ ပစ်ကျဲနေကြလေရဲ့။ အဲ့ဒါတွေထဲမှာ အရှင့်ရဲ့ ညီအစ်ကိုတွေလည်းပါကြတယ်။ စိတ်ဝင်စားစရာကောင်းတာက ကချင်ပြည်နယ်ရဲ့ ရှမ်းရေးရာဝန်ကြီးနေရာအတွက် အရှင့်ရဲ့အဖေဖက်နဲ့ အမေဖက်က ဝမ်းကွဲညီအစ်ကိုနှစ်ယောက်က ပါတီတစ်ခုစီကနေ အပြိုင်အဆိုင်ဝင်လုကြမတဲ့လေ။ ဒီတော့ကား ဒီအရှင်လည်း ပါတီမဲဆွယ်တရား ဟောရပေတော့မှာပေါ့။ ကဲ စကြပါစို့ဗျာ။

လွှတ်တော်အမတ်လောင်းများဟာ မဲဆွယ်စဉ်မှာ မိမိတို့ကိုယ်စားပြုတဲ့ ပါတီရဲ့ မူဝါဒတွေကို ကိုင်ဆွဲပြီး ဟောပြောကြရတယ်။ တိုင်းပြည်ကို ဘယ်လိုပုံစံမျိုးနဲ့ ကယ်တင်မယ်။ လူထုကို ဘယ်လိုအချင်းအရာမျိုးနဲ့ လုပ်ကျွေးမယ်။ အားလုံးရဲ့အိပ်မက်တွေကို
ဘယ်လိုစွမ်းအားများနဲ့ အသက်သွင်းမယ် စသဖြင့် စသဖြင့်ပေါ့။ ဒီနေရာမှာ သတိထားစရာကောင်းတာက ပါတီများရဲ့ မူဝါဒတွေပါ။ ပါတီတိုင်း ပါတီတိုင်းရဲ့ မူဝါဒမှန်သမျှဟာ ရွှေရောင်အနာဂတ်အတွက် အာမခံချက်တွေဖြစ်တယ်။ ခပ်ညံ့ညံ့မူဝါဒဟူ၍ မရှိစကောင်း။ အဲ့ဒီလို စာရွက်ပေါ်မှာ ချရေးထားကြတဲ့ မူဝါဒများကို အမတ်လောင်းတွေက လူထုကို ရှင်းလင်းပြရတယ်။ ဒါကို ပါတီမဲဆွယ်တရား ဟောတယ်လို့ ဆိုကြပါတယ်။ ဒိနောက်မှာ လူတွေက မဲအဆွယ်ကောင်းတဲ့ အမတ်လောင်းတွေကို လွှတ်တော်ရောက်အောင် ပို့ပေးလိုက်ကြတယ်။ လုပ်ပိုင်ခွင့်တစ်စုံတစ်ရာရအောင် ကူညီပေးလိုက်ကြတယ်ပေါ့။ ဒီလိုနဲ့ လွှတ်တော်အမတ်များဟာလည်း မိမိတို့ကိုယ်စွမ်း ဉာဏ်စွမ်းရှိသလောက် အပတ်တကုတ်ကြိုးစားကြရတယ်။ ဒါပေမဲ့ မိုးပျံနေအောင် ရေးဆွဲထားတဲ့ ပါတီရဲ့မူဝါဒတွေကို ပြည့်ပြည့်၀၀ အကောင်အထည်ဖော်နိုင်ခဲ့ကြတယ်ရယ်လို့ အလျဉ်းမရှိခဲ့ကြပါ။ ဒီနိုင်ငံမှာမှ မဟုတ်ပါ။ ပထမတန်းစား နိုင်ငံများမှာတောင် မရှိနိုင်ပါ။ ဒါထက် သေချာအောင် ပြောရရင် မူဝါဒကောင်းခြင်းကြောင့် ဖွံ့ဖြိုးတိုးတက်ခဲ့ပါတယ်ဆိုတဲ့ နိုင်ငံအရေအတွက်နဲ့ ဦးဆောင်တဲ့ပုဂ္ဂိုလ်ကောင်းလို့ ပြောင်းလဲတိုးတက်ခဲ့တဲ့ နိုင်ငံအရေအတွက်နှစ်ခုကို ချိန်ထိုးကြည့်ရင် ဒုတိယအကြောင်းရင်းကြောင့်တွေက အဆမတန်ပိုများပါတယ်။ အဲဒီအတွက် ကမ္ဘာမြေပေါ်မှာ သာဓကတွေ များစွာရှိခဲ့ပါတယ်။ ရှိနေကြပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းဟာ လွတ်လပ်ရေးရဖို့ တောင်ပေါ်မြေပြန့်အားလုံးကို စုရုံးနိုင်ခဲ့တယ်။ အထူးသဖြင့် နယ်ချဲ့တွန်းလှန်ရေးအစီအစဉ်တွေမှာ သူ့အစီအမံအောက် ရောက်လာအောင်၊ သူ့အစီအမံကလည်း ဗြိတိသျှအင်ပါယာကို အံတုနိုင်လောက်အောင် ထက်မြက်ခဲ့တယ်။ ဒါက လူတော်လူကောင်းရှိရင် မူဝါဒကောင်းဆိုတာ ထက်ကြပ်မခွာလိုက်ပါနေကြောင်း သက်သေပါ။ ဒါ့ကြောင့် သူရဲကောင်းကိုးကွယ်သူလို့ဆိုချင် ဆိုကြပါစေ။ အရှင်ကတော့ တိုင်းပြည်ကို အမှန်တကယ် ကယ်တင်ပေးနိုင်မဲ့ သူရဲကောင်းပေါ်ပေါက်လာစေဖို့ ဆန္ဒပြုနေမိပါတယ်။
ဖြစ်နိုင်ရင် ဗိုလ်ချုပ်အောင်ဆန်းထက်သာသူပေါ့လေ။ ဒီစကားပြောရတာက ဗိုလ်ချုပ်က တိုင်းရင်းသားတန်းတူညီမျှရေးဆိုတဲ့ မူဝါဒကို ချမှတ်ရုံသာ ချမှတ်နိုင်ခဲ့ပြီး အကောင်အထည်မဖော်နိုင်ခဲ့လို့ပါ။

စကားကိုချုပ်ရရင် ပါတီမဲထည့်ကြမည့် လူထုဟာ ဘယ်ပါတီက မူဝါဒကောင်းပါတယ်ဆိုပြီး အယုံမလွယ်လိုက်ကြဖို့ သတိပေးချင်ပါတယ်။ ဘယ်ပါတီကဖြစ်ဖြစ် သူရဲကောင်းသွေးပါတဲ့ အမတ်လောင်းတွေကိုသာ နိုင်ငံရေးစင်မြင့်ပေါ် ဝိုင်းပြီးတွန်းတင်ကြဖို့ အကြံပြုလိုပါတယ်။

မှတ်ချက်။ အရှင့်ရဲ့ ညီအစ်ကို အမတ်လောင်းနှစ်ယောက်သို့ ရည်ညွှန်းပါတယ်။

Photo by fb



သတင်းများကိုဆုံးအောင်ဖတ်တဲ့ အတွက်ကျေးဇူးပါ

No comments: