Monday, September 21, 2015

သန်လျင် ရဲနှစ်ဦး အသတ်ခံရမှု အောက်တိုဘာ ၁ ရက်တွင် တရားစွဲမည် -----------------------------

သန်လျင် ရဲနှစ်ဦး အသတ်ခံရမှု အောက်တိုဘာ ၁ ရက်တွင် တရားစွဲမည်
-----------------------------

ရန်ကုန်၊ စက်တင်ဘာ ၂၀

သန်လျင်မြို့နယ်တွင် ဖြစ်ပွားခဲ့သော တရားခံပြေး လိုက်ဖမ်းသည့် နယ်ထိန်းခေါင်းဆောင် အပါအဝင် ရဲနှစ်ဦး အသတ်ခံရမှုကြောင့် ဖမ်းဆီးထားသော အသက် ၄၇ နှစ်အရွယ် တင်မြင့်ကို လူသတ်မှု၊ တာဝန်ထမ်းဆောင်သော ပြည်သူ့ဝန်ထမ်းကို နာကျင်စေမှု ပြစ်မှုများဖြင့် လာမည့် အောက်တိုဘာ ၁ ရက်တွင် တောင်ပိုင်းခရိုင် တရားရုံး၌ တရားစွဲတင်မည် ဖြစ်ကြောင်း သန်လျင်မြို့နယ် ရဲတပ်ဖွဲ့ရုံးထံမှ သိရသည်။

“ပြီးခဲ့တဲ့ ၁၇ ရက်တုန်းက တရားရုံးမှာ ရုံးထုတ်ခဲ့ပေမယ့် ဥပဒေအကြံပြုချက် မရသေးလို့ တရားမစွဲသေးဘဲ ရုံးထုတ် ရမန်ယူခဲ့ပါတယ်၊ လာမယ့်ရုံးချိန်းမှာတော့ အမှုကိုတရားစွဲဆို တင်ပို့ပါတော့မယ်၊ တရားခံပြေး အမှုနဲ့လည်း မြို့နယ်တရားရုံးမှာ တရားစွဲဆိုသွားပါလိမ့်မယ်” ဟု သန်လျင်မြို့နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

တင်မြင့်ကို အောက်တိုဘာ ၁ ရက်တွင် တောင်ပိုင်းခရိုင် တရားရုံး၌ ရုံးထုတ်ပြီး ပြစ်မှုပုဒ်မ ၃၀၂/၃၃၂ ဖြင့် တရားစွဲဆိုသွားမည်ဖြစ်ပြီး တရားလိုပြသက်သေ ၁၀ ဦးခန့် စစ်ဆေးရန်ရှိကြောင်း ၎င်းထံမှ သိရှိရသည်။

၂၀၁၄ ခုနှစ်အတွင်း သန်လျင်မြို့နယ်တွင် အမျိုးသားတစ်ဦးကို ဓားဖြင့်ထိုးပြီး ထွက်ပြေးတိမ်းရှောင်နေသော တင်မြင့်သည် ၂၀၁၅ ခုနှစ် စက်တင်ဘာ ၂ ရက်နေ့က ယင်းမြို့နယ် ဘုရားကုန်း ကျေးရွာအုပ်စုရှိ သဘာဝအလှ တည်းခိုခန်းတွင် အမျိုးသမီးတစ်ဦးနှင့် အတူရှိနေစဉ် ၎င်းကို လာရောက်ဖမ်းဆီးသည့် သန်လျင်မြို့မ ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်အောင်နိုင်နှင့် ရဲတပ်ကြပ် သူရလွင်တို့နှစ်ဦးကို ဓားဖြင့်ထိုးသတ်ခဲ့ကြောင်း ရန်ကုန်တောင်ပိုင်းခရိုင် ရဲတပ်ဖွဲ့ရုံးထံမှ သိရသည်။

ဓားဖြင့်ထိုးခံရသော နယ်ထိန်းခေါင်းဆောင် ရဲအုပ်အောင်နိုင်တွင် လည်ပင်း ထိုးသွင်းဒဏ်ရာတစ်ချက်၊ တပ်ကြပ်သူရလွင်တွင် ရင်ဘတ်တွင် ဓားဒဏ်ရာ နှစ်ချက်ရရှိကာ သေဆုံးခဲ့ကြောင်း၊ ကျူးလွန်သူဟု တိုင်ကြားခံရသော တင်မြင့်ကို ကျန်ရဲတပ်ဖွဲ့ဝင်များ လိုက်လံဖမ်းဆီးနိုင်ခဲ့ပြီး (ပ) ၅၆၃/၁၅၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် သန်လျင်မြို့မ ရဲစခန်းတွင် အမှုဖွင့် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း ယင်းရဲစခန်းထံမှ စုံစမ်းသိရသည်။

တင်မြင့်သည် ၁၉၉၀ ခုနှစ်က ပဲခူးတိုင်း၊ ဝေါမြို့နယ်တွင် ရဲအရာရှိကို ဓားဖြင့်ထိုးသတ်ခဲ့မှုကြောင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ကျခံထားရပြီး ၂၀၀၈ ခုနှစ်တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သူ ဖြစ်ကြောင်း၊ လွတ်မြောက်လာပြီးနောက် ရာဇဝတ်မှုပေါင်းစုံ ထပ်မံကျူးလွန်ခဲ့သဖြင့် ၂၀၁၁ ခုနှစ်တွင် ထောင်ဒဏ် နှစ် ၂၀ ကျခံစေရန် အမိန့်ချမှတ်ခံရပြီး၊ ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၈ ရက်တွင် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ထပ်မံလွတ်မြောက်လာသူ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ မှုခင်းမှတ်တမ်းများအရ သိရသည်။



သတင်းများကိုဆုံးအောင်ဖတ်တဲ့ အတွက်ကျေးဇူးပါ

No comments: