Friday, September 25, 2015

လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားသော ဒေသအချို့တွင် ရွေးကောက်ပွဲအတွက် ခြိမ်းခြောက်မှုများရှိနေ =================================

လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားသော ဒေသအချို့တွင် ရွေးကောက်ပွဲအတွက် ခြိမ်းခြောက်မှုများရှိနေ
=========================================

လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေလိုသော်လည်း လက်နက်ကိုင်ပဋိ ပက္ခရှိသည့် ဒေသအချို့တွင် ခြိမ်းခြောက်မှုများရှိနေကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။

စက်တင်ဘာ ၂၂ ရက်က ပြုလုပ်သည့် မီဒီယာများနှင့် တွေ့ဆုံရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက လာမည့်ရွေးကောက်ပွဲသည် လွတ်လပ်ပြီးတရားမျှတမှု ရှိမည်ဟု ပြောကြားနိုင်မည်လားနှင့် အကယ်၍ တရားမျှတမှုမရှိခဲ့ပါက တပ်မတော်က ကြားဝင်ဆောင်ရွက် နိုင်မည့် အခြေအနေနှင့် စပ်လျဉ်းသောမေးခွန်းကို ယင်းကဲ့သို့ ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လာမည့်ရွေးကောက်ပွဲတွင် တပ်မတော်ပိုင်းအနေဖြင့် လွတ်လပ်ပြီး တရားမျှတမှုရှိစေရန် ဆောင်ရွက်မည်ဖြစ်ကြောင်း ဖြေကြားသည်။ ဆက်လက်၍ ၎င်းက ‘‘ဒုတိယကတော့ တိုင်းပြည်တစ်ပြည်လုံးနဲ့ ပတ်သက်တဲ့ ဒီရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်စေချင်ပါတယ်’’ဟု ပြောသည်။

‘‘ဒါပေမဲ့ တချို့နေရာတွေပေါ့။ လက်နက်ကိုင်တိုင်းရင်းသားပဋိပက္ခရှိတဲ့ တချို့နေရာတွေမှာ ခြိမ်းခြောက်မှုလေးတွေရှိနေတယ်လို့ ကျွန်တော်တို့ တွေ့တဲ့အတွက်ကြောင့် ဒါတွေလည်း ကျော်လွှားနိုင်ဖို့ ကြိုးပမ်းနေပါတယ်’’ဟု ၎င်းက ဆက်လက်ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ရှမ်းပြည်တပ်မတော် (တောင်ပိုင်း)(RCSS/SSA)က တပ်မတော်၏ ထိုးစစ်ဆင်မှုများကြောင့် တိုက်ပွဲများဖြစ်ပွားနေပြီး လုံခြုံရေးအခြေအနေအရ ပါတီများအနေဖြင့် ၎င်းတို့ ထိန်းချုပ်ရာနယ်မြေအတွင်း မဲဆွယ်စည်းရုံးရေးများ ရပ်ဆိုင်းထားကြရန် ထုတ်ပြန်ခဲ့သည်။ အစိုးရကလည်း ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုနှစ်ခုတွင် ကေအိုင်အေ အပါအ၀င် လက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့က လာရောက်တားမြစ်သောကြောင့် မဲစာရင်းကပ်ထားခြင်း ကို ပြန်လည်ရုပ်သိမ်းခဲ့ရကြောင်း မကြာသေးမီက သတင်းထုတ်ပြန်ထားသည်။

တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များဘက်ကမူ ကချင်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ပြန် လည်ဖြစ်ပွားနေသော တိုက်ပွဲများသည် တပ်မတော်၏ ထိုးစစ်ဆင် ခြင်းကြောင့်ဟုဆိုသည်။

ကေအိုင်အိုအလုပ်အဖွဲ့(TAT)မှ ပြောခွင့်ရပုဂ္ဂိုလ် ဦးဒေါင်ခါးက ဒီမိုကရေစီနှင့် ရွေးကောက်ပွဲသည် ၎င်းတို့ ရန်သူမဟုတ်သဖြင့် နှောင့်ယှက်စရာမရှိကြောင်း ပြောသည်။ ‘‘ကျွန်တော်တို့အနေနဲ့ ရွေးကောက်ပွဲကို ဘာမှ အနှောင့်အယှက်ပေးမှာမဟုတ်ဘူးဆိုတာ ဗဟိုကနေ အရင်ကတည်းက ပြောထားပြီးသားဖြစ်ပါတယ်’’ဟု ၎င်းက ပြောသည်။

By 7Days



မဲစာရင်းမှာ သင့်အမည် စစ်ပြီးပြီလား။ သင့်အမည်မပါရင်/ ကိုယ်ရေးအချက်အလက်တွေမှားနေရင် သတ်မှတ်ပုံစံများကို ဖြည့်စွက်/ပြင်ဆင်ပြီး မဲပေးနိုင်အောင်ဆောင်ရွက်ပါ။

No comments: