ပြည်တွင်းငြိမ်းချမ်းရေးကို ဖဲတစ်ချပ်ကဲ့သို့ မကစားရန် ဦးမင်းကိုနိုင် ပြောကြား
--------------------------------
ရန်ကုန်၊ စက်တင်ဘာ ၂၁
ပြည်တွင်းငြိမ်းချမ်းရေးကို ဖဲတစ်ချပ်ကဲ့သို့ လက်ထဲတွင်ကိုင်ပြီး ကစားရန် အသုံးချ ခံနေရခြင်းမျိုး မဖြစ်ရန် လိုအပ်သည်ဟု ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က ပြောကြားသည်။
စက်တင်ဘာ ၂၁ ရက်နေ့က ရန်ကုန်မြို့ရှိ အင်းလျားကန်ဘောင်တွင် ပြုလုပ်သော အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အခမ်းအနားတွင် ဦးမင်းကိုနိုင်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
“လာမယ့်ရွေးကောက်ပွဲ အပါအဝင် အပြောင်းအလဲအားလုံး အတွက် ငြိမ်းချမ်းရေးဟာ အတိမ်းအစောင်းမခံတဲ့ ကိစ္စဖြစ်နေပါတယ်။ ရိုးရိုးလေးပဲ ပြန်ကြည့်ပါ၊ ငြိမ်းချမ်းရေး မရဘူးဆိုရင်၊ လက်နက်ကိုင်တိုက်ပွဲတွေ ရှိနေရင်၊ တိုင်းရင်းသားဒေသတွေမှာ ရွေးကောက်ပွဲ မလုပ်နိုင်တဲ့ နေရာတွေ များလာရင် လွှတ်တော်ထဲမှာ ဒီမိုကရေစီ အင်အားစုတွေနဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တွေ ပိုပြီးတော့ နည်းသွားလိမ့်မယ်။ ဒါဆိုရင် မဲခွဲတဲ့အခါမှာ နဂိုကတည်းကမှ ဒီမိုကရေစီ ပြောင်းတာကို ပြင်းပြင်းထန်ထန် နှိပ်ကွပ်ခဲ့တဲ့ အင်အားစုတွေက အသာစီးရဦးမယ်” ဟု ကိုမင်းကိုနိုင်က ဆိုသည်။
ထို့အပြင် တိုင်းပြည် အပြောင်းအလဲအတွက် ရွေးကောက်ပွဲနည်းလမ်းများ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ လုပ်ဆောင်နေသည့် အချိန်တွင် အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသားများနှင့် ကျောင်းသားလူငယ်များ ရှိနေခြင်းမှာ ပြီးပြည့်စုံသည့် အနေအထားတစ်ရပ် မဟုတ်ဟု ဦးမင်းကိုနိုင်က ပြောကြားသည်။
“ဒါကြောင့် တိုင်းပြည်ဟာ အဖြေတစ်ခု ထုတ်ရမယ့်အချိန်မှာ ငြိမ်းချမ်းရေး အပါအဝင် လွတ်လပ်ခွင့် အပါအဝင် တွဲပြီးတော့ ပြောကြရတယ်။ တိုင်းရင်းသားတွေ တောင်းနေတဲ့ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ဖို့ကော၊ ဒီမိုကရေစီ အခွင့်အရေးတွေ ရဖို့ကော နိုင်ငံရေးအကျဉ်းသားတွေ ကင်းစင်ဖို့ကော ဆိုရင်တော့ ကျွန်တော်တို့ ဖွဲ့စည်းပုံကို မဖြစ်မနေ ပြင်ကြရမှာပဲ” ဟု ဦးမင်းကိုနိုင်က ထပ်လောင်းပြောကြားသည်။
အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ပြည်တွင်းရှိ အရပ်ဘက်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး လိုလားသည့် လူငယ်များ စုပေါင်း၍ ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ရှိ မြေနီကုန်း ခုံးတံတားအောက်မှ အင်းလျားကန်ဘောင်အထိ လမ်းလျှောက်ချီတက်ကာ စစ်ပွဲများအားလုံး ရပ်စဲရေး၊ ငြိမ်းချမ်းရေး ရရှိရေး၊ အကျဉ်းကျနေသည့် ကျောင်းသားများနှင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးတို့ကို တောင်းဆိုခဲ့ကြသည်။
မဲစာရင်းမှာ သင့်အမည် စစ်ပြီးပြီလား။ သင့်အမည်မပါရင်/ ကိုယ်ရေးအချက်အလက်တွေမှားနေရင် သတ်မှတ်ပုံစံများကို ဖြည့်စွက်/ပြင်ဆင်ပြီး မဲပေးနိုင်အောင်ဆောင်ရွက်ပါ။
No comments:
Post a Comment