“တရုတ်သူဌေးတစ်ယောက်ဆီမှာ တရုတ်ယွမ် အကြွေးသိန်း ၄၀၀ ရှိသေးတယ်။ အဲဒါတွေကို စဉ်းစားလိုက်တိုင်း ခေါင်းထဲမှာ မိုးကြိုးပစ်သလိုတောင် ခံစားရပါတယ်” - KIOအဖွဲ့၏ ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လနှင့် အင်တာဗျူး
စက်တင်ဘာလ ၂၂ ရက်၊ ၂၀၁၅
နေပြည်တော်၌ တိုင်းရင်းသား လက်နက်ကိုင်များနှင့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်တို့ စက်တင်ဘာ ၉ရက်၌ အပစ်အခတ် ရပ်စဲရေး အတွက် တွေ့ဆုံဆွေးနွေးခဲ့သည်။ ယင်းသို့ ဆွေးနွေးခဲ့သော်လည်း အပစ်အခတ် ရပ်စဲရေးစာချုပ် လက်မှတ်ထိုးရန် ထူးခြားမှု တစ်စုံတစ်ရာ မရှိပဲ ထပ်မံ ရွှေ့ဆိုင်းခဲ့ရသည်။ ထိုဆွေးနွေးပွဲ အပြီးတွင် KIOအဖွဲ့မှ အပစ်အခတ် ရပ်စဲရေး စာချုပ်တွင် လက်မှတ်ထိုးရန် အဆင်သင့် မဖြစ်သေးဟု ထုတ်ဖော်ပြောကြားခဲ့ကြောင့် မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများ အဆုံးမသတ်နိုင်သေးသော KIOအဖွဲ့၏ လက်မှတ်ထိုးရေးမှာ စိုးရိမ်စရာ ဖြစ်လာခဲ့သည်။ ထို့ကြောင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးရေးနှင့် ပတ်သက်၍ု KIOအဖွဲ့၏ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လနှင့် ယခုလို တွေ့ဆုံမေးမြန်းခဲ့သည်။
Tomorrow။ KIOအနေနဲ့ အစိုးရနဲ့ ပစ်ခတ်ရပ်စဲရေး စာချုပ်မှာ လက်မှတ်မထိုးဘူးလို့ အသံတွေ ထွက်နေတယ်။ ဟုတ်ပါသလား။
ဖြေ။ ကျွန်တော်တို့ အနေနဲ့ အစိုးရနဲ့ လက်မှတ်မထိုးဘူး ဆိုတာတော့ မဟုတ်ပါဘူး။ ထိုးမှာပါ။ ဒါပေမဲ့ ဆွေးနွေးပွဲရလဒ်က အောင်မြင်မှု အပြည့်အဝ မရရှိသေးတဲ့ အတွက် လက်မှတ်ထိုးဖို့ကို အခက်အခဲတွေ ဖြစ်နေတာပါ။ အစိုးရက ၆ဖွဲ့ကို ချန်ထားတဲ့အတွက် အဆင်မပြေသေးပါဘူး။ ဒါ့ကြောင့် ကျွန်တော်တို့ အနေနဲ့ ဆုံးဖြတ်ဖို့လည်း ခက်ပါတယ်။ ဒီဆွေးနွေးပွဲက ပြန်ရင် တိုင်းရင်းသား လက်နက်ကိုင်တွေ စုပေါင်းပြီး ချင်းမိုင်မှာ ပြန်လည်ဆွေးနွေးမှာ ဖြစ်သလို တစ်ဖက်ကလည်း ကချင်ပြည်သူတွေ အနေနဲ့ အစိုးရနဲ့ လက်မှတ်ထိုးဖို့ မထိုးဖို့ကို ဘယ်လို လုပ်သင့်သလဲဆိုတဲ့ အကြံဥာဏ်တွေကို တောင်းခံဦးမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် သမ္မတကြီးက လက်မှတ်ထိုးမယ့် ရက်ကို သတ်မှတ်ပေးတာတော့ ကျွန်တော်တို့ဘက်က အဆင်သင့် မဖြစ်သေးတဲ့အတွက် သတ်မှတ်ရက်ကို ထပ်မံရွှေ့ဆိုင်းထားပါတယ်။ ဒါကြောင့် ပစ်ခတ်ရပ်စဲရေး စာချုပ်မှာ လက်မှတ်ထိုးမယ် မထိုးဘူးဆိုတာ ခုချိန်ထိ ကျွန်တော်တို့ အနေနဲ့လည်း မဆုံးဖြတ်ရသေးပါဘူး။
Tomorrow။ အရင်တုန်းက NCA စာချုပ်နဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်ဂွမ်မော်ကပဲ တက်ရောက်ခဲ့ပြီး အခု ဆွေးနွေးပွဲကျမှ ဗိုလ်ချုပ်ကြီးကိုယ်တိုင် တက်ရောက် ဆွေးနွေးခဲ့တာ ဘယ်လို ထူးခြားမှုတွေ ရှိနေလို့ပါလဲ။
ဖြေ။ မဟုတ်ပါဘူး။ ဗိုလ်ချုပ်ဂွမ်မော်က NCAစာချုပ်နဲ့ ပတ်သက်ပြီး KIO ကိုယ်စားပြုအနေနဲ့ သူပဲတက်ရောက်ခဲ့တာပါ။ အခု ဆွေးနွေးပွဲကျမှ ကျွန်တော် တက်ရောက်ခဲ့တာကတော့ ဗိုလ်ချုပ်ဂွမ်မော်က ကျန်းမာရေးကြောင့် ဆေးခွင့် ၆လယူထားလို့ ဖြစ်ပါတယ်။
Tomorrow။ နေပြည်တော်မှာ NCAစာချုပ် လက်မှတ် ရေးထိုးနိုင်ရေးနှင့် ပတ်သက်ပြီး သမ္မတကြီးနှင့် ဆွေးနွေးခဲ့တာ မအောင်မြင်ဘူးလို့ ပြောရမလား။
ဖြေ။ ပြောရမယ်ဆိုရင် အရင်ဆွေးနွေးပွဲတွေနဲ့ အတူတူပါပဲလို့တောင် ပြောချင်ပါတယ်။ ဘာမှမထူးခြားခဲ့ပါဘူး။ ဆွေးနွေးပွဲမှာ အောင်မြင်မှုတွေ ရခဲ့တယ်။ သဘောတူညီမှုတွေ ရခဲ့ပါတယ်ဆိုပြီး သတင်းစာ ရှင်းလင်းပွဲတွေမှာ အစိုးရဘက်က ပြောခဲ့ပါတယ်။ တကယ်တော့ ကျွန်တော်တို့ကို သမ္မတကြီးက လက်မှတ်ထိုးဖို့ ကြေညာတဲ့အခါမှာ အောက်တိုဘာ ပထမပတ်မှာ လက်မှတ်ထိုးနိုင်အောင် သူဘက်က ပြောခဲ့တာပါ။ ကျွန်တော်တို့ဘက်က အဲ့ဒီနေ့မှာ လက်မှတ် လာထိုးပါမယ်လို့ ဘယ်သူမှ ၀န်မခံခဲ့ပါဘူး။ သူ့အနေနဲ့ လက်မှတ်လာထိုးပါလို့ ပြောတဲ့စကားကို ကျွန်တော်တို့ အနေနဲ့ ကြိုဆိုပါတယ်။ ဒါပေမဲ့ ဆွေးနွေးမှု အချက်တစ်ချက်ဖြစ်တဲ့ အားလုံး ပါဝင်ရေးဆိုတဲ့ အချက်က ဆွေးနွေးလို့ မရသေးတဲ့အတွက် ကျွန်တော်တို့ဘက်မှာ ပြန်လည် ပြင်ဆင်စရာလေးတွေ ရှိသေးလို့ ကျွန်တော်က အောက်တိုဘာ ၁၅ရက် အထိကို ရွှေ့ဆိုင်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါ့ကြောင့် ဆွေးနွေးပွဲရလဒ်က မထူးခြားဘူးလို့ဘဲ ပြောချင်ပါတယ်။
Tomorrow ။ တကယ်လို့ KIOအနေနဲ့ ပစ်ခတ်ရပ်စဲရေး စာချုပ်ကို လက်မှတ်မထိုးဘူးဆိုရင် ကချင်ပြည်သူတွေကို ဘယ်လိုကာကွယ်မှုတွေ လုပ်ပေးဖို့ စီစဉ်ထားပါသလဲ။
ဖြေ။ ဘယ်လိုကြိုတင် ပြင်ဆင်ထားလဲဆိုတာတော့ ခက်ပါတယ်။ ကျွန်တော်တို့က တော်လှန်ရေး လုပ်နေတာဆိုတော့ ကြိုတင် ပြင်ဆင်တယ်ဆိုတာ အရင်တုန်းက လိုင်ဇာမှာလည်း ကျွန်တော် ပြောခဲ့ဖူးတယ်။ ကိုယ့်မှာ လက်နက်အင်အား ပြည့်စုံတဲ့ အဖွဲ့တော့ မဟုတ်ပါဘူး။ ပြည်တွင်းစစ် အတွင်းမှာ ကျွန်တော်တို့အနေနဲ့ ထိုးစစ်ဆင်တာ မရှိပါဘူး။ ကိုယ်ကလည်း စပြီး မတိုက်ပါဘူး။ တကယ်လို့ လာတိုက်ခဲ့မယ်ဆိုရင်လည်း ခုခံမှာပါ။ ကချင်က ပြည်သူလူထုတွေလည်း မချမ်းသာပါဘူး။ အားလုံးက တောမှာနေကြတာပါ။ တချို့ပြည်သူတွေက ပြောတယ်။ KIOမှာ စစ်သားတွေ အများကြီး ရှိတယ်ဆိုပြီး အထင်ကြီးနေတယ်။ ဒါမဟုတ်ပါဘူး။ ကချင်မျိုးနွယ်စုတွေက အရွယ်ရောက်လာတာနဲ့ မူးယစ်ဆေးသုံးစွဲပြီး ပျက်စီးသွားတာများတယ်။ မြန်မာတွေကလည်း ပြောတယ် KIOတွေမှာ လက်နက်တွေ အများကြီးရှိတယ်။ တရုတ်က ကူညီနေတယ်လို့ ပြောတယ်။ ဒါကို တကယ် ကူညီနေတယ်လို့ တချို့က ထင်နေကြတယ်။ တကယ်တော့ တရုတ်က ကျွန်တော်တို့က ဆန်တစေ့၊ ငွေတစ်ပြားတောင် မကူညီဘူး။ လက်နက်ဆို မပြောနဲ့တော့ ဒါနဲ့ပတ်သက်ပြီးတော့ သက်ဆိုင်တဲ့သူတွေကိုလည်း မေးလို့ရပါတယ်။ ပြီးတော့ နိုင်ငံတကာမှာလည်း လက်နက်ကိုင်တဲ့ သူတွေကို မကူညီရဘူးဆိုတာလည်း သူတို့တွေ လက်မှတ်ထိုးထားကြပါတယ်။ နောက်တစ်ခုကတော့ ကျွန်တော်တို့ KIOကို ပိုက်ဆံ အရမ်းချမ်းသာတယ်လို့ ထင်နေကြတယ်။ သစ်တွေခုတ်တယ်။ ရောင်းတယ်။ ၀င်ငွေတွေ အရမ်းကောင်းတယ်ဆိုပြီး ပြောတဲ့သူတွေလည်း ရှိတယ်။ တကယ်တော့ KIO စစ်သားတွေက ကိုယ်တိုင် ဘယ်တော့မှ သစ်မခုတ်ပါဘူး။ သစ်ခုတ်လာတဲ့ သူတွေကိုတော့ တစ်တန်ကို ဘယ်လောက်ဆိုပြီး ကောက်ယူတာတော့ရှိတယ်။ အဲ့ဒီပိုက်ဆံကိုလည်း ကျွန်တော် ကိုယ်တိုင်ကိုင်ပြီး ဒေသ ဖွံ့ဖြိုးရေးဖြစ်တဲ့ ကျောင်းတွေ၊ ဆေးရုံတွေ၊ လမ်းဖောက်တဲ့ နေရာတွေမှာ ၇၀ရာခိုင်နှုန်းသုံးတယ်။ ကျန်တဲ့ ၃၀ရာခိုင်နှုန်းကိုတော့ KIOတပ်အတွက် စားနပ်ရိက္ခာတွေ ၀ယ်တယ်ဆိုတော့ ကျွန်တော်တို့အရမ်းကို ဆင်းရဲပါတယ်။ ကျွန်တော်တို့ တပ်ထဲက စစ်သားတစ်ယောက်ကို လစာတစ်လကို တစ်သောင်း တစ်သောင်းခွဲပေးမယ်လို့ ပြောခဲ့ပေမယ့် မပေးနိုင်တဲ့လတွေတောင် ရှိခဲ့တယ်။ KIOတပ် ဘယ်လောက်တောင် ဆင်းရဲလဲဆိုရင် ယခုထိ တရုတ်သူဌေး တစ်ယောက်စီမှာ တရုတ်ယွမ် အကြွေးသိန်း ၄၀၀ ရှိသေးတယ်။ အဲ့ဒါတွေကို စဉ်းစားလိုက်တိုင်း ခေါင်းထဲမှာ မိုးကြိုးပစ်သလိုတောင် ခံစားရပါတယ်။ ဒါ့ကြောင့် ကချင်လူမျိုးတွေကို ကာကွယ်ဖို့အတွက် ပြင်ဆင်ဖို့ဆိုတဲ့ နေရာမှာ ဒေသ ဖွံ့ဖြိုးရေးအတွက် ငွေအများကြီး သုံးထားတာကြောင့် ငွေရေးကြေးရေးတော့ အခက်အခဲရှိပါတယ်။ ဒါပေမဲ့ ပစ်ခတ်ရပ်စဲရေး ညှိနှိုင်းတဲ့ အချိန်မှာတော့ အစိုးရက လူအင်အား ထပ်မံစုဆောင်းခြင်း မပြုရဆိုပေမယ့် ကျွန်တော်တို့ကတော့ စစ်တပ်ကို တတ်နိုင်သလောက် တောင့်တင်းအောင် လုပ်တယ်။ တပ်တွေကို ထပ်ဖွဲ့တယ်။ သေနတ်တွေကိုလည်း ရသမျှစုခဲ့ပါတယ်။ အဲ့ဒီမှာ တစ်ခုပြောချင်တာက မြန်မာအစိုးရနဲ့ မြန်မာစစ်တပ် သူတို့အချင်းချင်းပဲ သဘောထား ကွဲလွဲနေလားတော့ မသိဘူး။ အစိုးရဘက်က ငြိမ်းချမ်းရေး ဆွေးနွေးတိုင်း စစ်တပ်ဘက်က ထိုးစစ်ဆင်ပြီး တိုက်ခိုက်နေတာ။ ဘယ်လိုသဘောလည်း ဆိုတာတော့ ကျွန်တော်လည်း မသိပါဘူး။ ကျွန်တော်တို့ ဘက်ကတော့ စပြီး ထိုးစစ်မဆင်ပါဘူး။ စပြီးတော့လည်း မတိုက်ပါဘူး။ မြန်မာ့တပ်မတော်လို အစ္စရေးကိုသွားပြီး တရားဝင် လက်နက်ဝယ်ယူပြီး ဖြည့်တင်းလို့ မရပါဘူး။ ဘယ်အရာမဆို ခိုးကြောင် ခိုးဝက်တော့ လုပ်နေပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ KIOအနေနဲ့ NCAစာချုပ်မှာ လက်မှတ်မထိုးနိုင်ခဲ့ရင် ကချင်မျိုးနွယ်စုတွေကို တတ်နိုင်သလောက်တော့ ကာကွယ်မှာပါ။ ဆိုလိုတာကတော့ သူတို့လာတိုက်ရင် ပြန်လည် တိုက်ခိုက်နိုင်တဲ့ အနေအထား တစ်ရပ်တော့ ရှိပါတယ်။
Tomorrow။ တကယ်လို့ NCAစာချုပ်ကို လက်မှတ်ထိုးပြီးခဲ့လို့ စာချုပ်မှာပါတဲ့ နှစ်ဖက်သဘောတူ ကတိက၀တ်တွေကို တဦးဦးက ဖောက်ဖျက်ခဲ့ရင် ဘယ်သူကတာဝန်ယူမှာလဲ။
ဖြေ။ တစ်နိုင်ငံလုံးက သိတဲ့ကိစ္စအပြင် နိုင်ငံတကာတွေကပါ သိတဲ့အတွက် စာချုပ် လက်မှတ်ထိုးတဲ့ နေရာမှာ အသိသက်သေတွေ အနေနဲ့ ထိုင်း၊ အိန်္ဒိယ၊ EU၊ ဂျပန်နိုင်ငံက သူတွေက သက်သေထိုးမှာ ဖြစ်ပါတယ်။ သက်သေမထိုးဘဲ ရပ်တည်မယ့် အခြားတိုင်းပြည်က သူတွေလည်း ရှိပါတယ်။ ဒါတွေကို သဘောတူမှ ထိုးမှာပါ။ NCAလက်မှတ် ထိုးပြီးရင်လည်း ၂၀၁၄ ခုနှစ်ကနေစပြီး ဖွဲ့စည်းထားတဲ့ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (joint Monitoring Committee(JMC)နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ပူးတွဲကော်မတီ Union Peace Dialogue Joint Committee(UPDJC)ကို ဖွဲ့ပေးရမှာ ဖြစ်ပါတယ်။ အဲဒီအဖွဲ့က စောင့်ကြည့်ပြီး သူကဖြေရှင်းမှာပါ။ ဒါကြောင့် ဒီအဖွဲ့က တရားသူကြီးအဖြစ်နဲ့ ရပ်တည်လာနိုင်မှာပါ။ ဒီအဖွဲ့တွမှာ ဘယ်သူတွေ ဘယ်လိုပါလာမယ်ဆိုတာတော့ မသိပါဘူး။
Tomorrow
မဲစာရင်းမှာ သင့်အမည် စစ်ပြီးပြီလား။ သင့်အမည်မပါရင်/ ကိုယ်ရေးအချက်အလက်တွေမှားနေရင် သတ်မှတ်ပုံစံများကို ဖြည့်စွက်/ပြင်ဆင်ပြီး မဲပေးနိုင်အောင်ဆောင်ရွက်ပါ။
No comments:
Post a Comment