Monday, September 21, 2015

ကော်မရှင်က ခုံရုံးဖွဲ့ စိစစ်ပြီးနောက် ပယ်ချခံရသော ကိုယ်စားလှယ်လောင်း ၁၁ ဦး ရွေးကောက်ပွဲ ဝင်ခွင့်ပြန်ရ --------------------------------------

ကော်မရှင်က ခုံရုံးဖွဲ့ စိစစ်ပြီးနောက် ပယ်ချခံရသော ကိုယ်စားလှယ်လောင်း ၁၁ ဦး ရွေးကောက်ပွဲ ဝင်ခွင့်ပြန်ရ -------------------------------------- ရန်ကုန်၊ စက်တင်ဘာ ၂၀ ကိုယ်စားလှယ်လောင်း အရည်အချင်းနှင့် ကိုက်ညီမှုမရှိဟု ဆိုကာ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ၏ ပယ်ချခြင်း ခံရသော ကိုယ်စားလှယ်လောင်းများကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က စုံညီခုံရုံးဖွဲ့ စိစစ်ပြီးနောက် ကိုယ်စားလှယ်လောင်း ၁၁ ဦး ရွေးကောက်ပွဲဝင်ခွင့် ပြန်ရကြောင်း အဆိုပါ ကော်မရှင်ထံမှ သိရသည်။ ပယ်ချခံရသော ကိုယ်စားလှယ်လောင်းများအား ပယ်ချသော ဆုံးဖြတ်ချက်များကို စက်တင်ဘာလ ၁၈ ရက်နေ့တွင် စုံညီခုံရုံးဖြင့် ပြန်လည်စိစစ်ပြီးနောက် ကိုယ်စားလှယ်လောင်း ၁၈ ဦးတွင် ၁၁ ဦးကို ရွေးကောက်ပွဲဝင်ခွင့်ပြုခြင်း ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်သည်။ အဆိုပါ ကိုယ်စားလှယ်လောင်း ၁၁ ဦးတွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ နှစ်ဦး၊ အမျိုးသားဒီမိုကရေစီပါတီသစ် ပါတီမှ တစ်ဦး၊ အမျိုးသားညီညွတ်ရေးကွန်ဂရက်ပါတီမှ လေးဦး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီမှ နှစ်ဦးနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း နှစ်ဦးတို့ ပါဝင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ သတင်းထုတ်ပြန်ချက်အတွင်း ပါရှိသည်။ အဆိုပါ ကိုယ်စားလှယ်လောင်းများသည် မွေးဖွားချိန်တွင် မိဘနှစ်ပါး နိုင်ငံသား မဖြစ်သေးသောကြောင့် ပယ်ချခံရခြင်း ဖြစ်သောကြောင့် ခရိုင်ကော်မရှင်အဖွဲ့ခွဲ ရုံးများ၏ ပယ်ချမှုကို ပြန်လည်စိစစ်ပြီးနောက် ကိုယ်စားလှယ်လောင်း ခုနစ်ဦးမှာမူ ရွေးကောက်ပွဲ ဝင်ပြိုင်ခွင့် မရရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံသို့ အမည်စာရင်းတင်သွင်းသူ ကိုယ်စားလှယ်လောင်း စုစုပေါင်း ၆၁၈၉ ဦး ရှိခဲ့သော်လည်း ကိုယ်စားလှယ်လောင်း အရည်အချင်းသတ်မှတ်ချက်နှင့် မကိုက်ညီသောကြောင့် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ၏ ပယ်ချခြင်းခံရသူ ကိုယ်စားလှယ်လောင်း ၈၈ ဦးရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောဆိုထားသည်။ သို့သော်လည်း ရွေးကောက်ပွဲကိစ္စအတွက် ကော်မရှင်အဖွဲ့ခွဲ အသီးသီး၏ ရွေးကောက်ပွဲဆိုင်ရာ ဆောင်ရွက်ချက်၊ ဆုံးဖြတ်ချက်များနှင့် စပ်လျဉ်း၍ ကော်မရှင်သည် မိမိ၏ ဆန္ဒအလျောက် သက်ဆိုင်ရာ အမှုတွဲ၊ စာရွက်စာတမ်းများကို တောင်းယူကြည့်ရူ့၍ လိုအပ်သလို အဆုံးအဖြတ် ချမှတ်နိုင်ပြီး ယင်းအဆုံးအဖြတ်သည် အပြီးပြတ်ဖြစ်စေရမည် ဖြစ်ကြောင်း ရွေးကောက်ပွဲ ဥပဒေများ၏ ပုဒ်မ ၅၃ တွင် ပြဋ္ဌာန်းပါရှိသည်။

No comments: