Wednesday, September 2, 2015

မန်စီမြို့၌ တရားမ၀င် ကျွန်းသစ်ခွဲသားဆိုက်စုံ အချောင်း ၁၀၇၀ (၁၅ ဒသမ ၈၃၉ တန်) ဖမ်းဆီးရမိ ======

မန်စီမြို့၌ တရားမ၀င် ကျွန်းသစ်ခွဲသားဆိုက်စုံ အချောင်း ၁၀၇၀ (၁၅ ဒသမ ၈၃၉ တန်) ဖမ်းဆီးရမိ =============================================== မန်စီ စက်တင်ဘာ ၁ ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့ မောရဝတီရပ်ကွက် အေးသာယာ ရွာသစ်ကုန်းတွင် တရားမဝင် ကျွန်းသစ်ခွဲသားဆိုက်စုံ အချောင်း ၁ဝ၇ဝ (၁၅ ဒသမ ၈၃၉ တန်) ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ သြဂုတ် ၂၈ ရက်က ဗန်းမော်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး ကြီးဝင်းမြင့်အောင်နှင့်အဖွဲ့သည် သတင်းအရ မန်စီမြို့၏ အရှေ့ဘက် တစ်မိုင်ခန့်အကွာ မောရဝတီရပ်ကွက် အိမ်ရှင်ဦးဖိုးဆော့ နေအိမ်ခြံဝင်း အတွင်း၌ စုပုံထားသော တရားမဝင်ကျွန်းသစ်ခွဲသားဆိုက်စုံ ၃၆၆တုံး(၅ ဒသမ ၆၄၇ တန်)၊ အိမ်ရှင်ဦးဝါကျယ်တူး နေအိမ်ခြံဝင်းအတွင်း၌ စုပုံထားသော တရားမဝင်ကျွန်းသစ်ခွဲသားဆိုက်စုံ ၂၁၂ တုံး(၃ ဒသမ ဝ၂၆တန်)၊ အိမ်ရှင် ဦးနော်ရန် နေအိမ်ခြံဝင်းအတွင်း၌ စုပုံထားသော တရားမဝင်ကျွန်းသစ်ခွဲသား ဆိုက်စုံ ၄၉၂တုံး(၇ ဒသမ ၁၆၆ တန်) စုစုပေါင်း ကျွန်းခွဲသားဆိုက်စုံ အချောင်း ၁ဝ၇ဝ (၁၅ ဒသမ ၈၃၉ တန်) ဒေသပေါက် ဈေးနှုန်း ငွေကျပ် ၉၅ဝ၃၄ဝဝ တို့ကို ရှာဖွေဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးရမိသစ်များကို သြဂုတ် ၂၈ ရက် ညနေ ၇ နာရီ ၄၅ မိနစ်က မန်စီမြို့နယ် သစ်တောဦးစီးဌာန တောအုပ်ကျော်ထိုက်ဝင်းထံသို့ လွှဲပြောင်း ဆောင်ရွက်ခဲ့ပြီး ဥပဒေအရ အရေးယူပေးရန် မြို့မရဲစခန်းမှူး ဒုတိယရဲမှူး စိုးမြင့်သန်းက တရားလိုပြုလုပ်တိုင်တန်းခဲ့သဖြင့် မန်စီမြို့မရဲစခန်းက ဦးဖိုးဆော့ (၅၇နှစ်)၊ ဦးဝါကျယ်တူး (၅၃ နှစ်)နှင့် ဦးနော်ရန် (၆၆ နှစ်)တို့ကို ဥပဒေအရ စစ်ဆေးအရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ဝါဝါ(ဗန်းမော်)

No comments: