ရှုံးပွဲအတွက် ကိုယ်ကိုယ်ကိုယ်သာ အပြစ်တင်သင့်ကြောင်း ရော်နယ်ကိုးမန် ပြောဆို
********************************************************************
ဆောက်သမ်တန် နည်းပြ ရော်နယ်ကိုးမန်က မန်ချက်စတာ ယူနိုက်တက်အား (၂-၃)ဂိုးဖြင့် ရှုံးနှိမ့်ခဲ့သည့်အတွက် အမှားပြုလုပ်ခဲ့ကြသည့် မိမိကိုယ်မိမိသာ အပြစ်တင်သင့်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
အဆိုပါပွဲ၏ ပထမပိုင်း ပွဲကစားချိန်တွင် တိုက်စစ်မှူး ဂရာဇီရာနို ပီလီက ဆောက်သမ်တိုက်အတွက် ဦးဆောင်ဂိုးကို သွင်းပေးခဲ့သော်လည်း ယူနိုက်တက် တိုက်စစ်မှူး အန်တိုနီရယ် မာရှယ်က ချေပဂိုး သွင်းနိုင်ခဲ့သည်။ ထို့နောက် ဒုတိယပိုင်း ပွဲကစားချိန်တွင် မာရှယ်က ဆောက်သမ်တန် နောက် ခံလူ မာယာ ယိုရှီဒါ၏ နောက်ပြန်ပေး အမှားအယွင်းမှတဆင့် ယူနိုက်တက် အတွက် ဦးဆောင်ဂိုးကို သွင်းယူခဲ့ပြီး မာတာကလည်း အနိုင်ဂိုးကို သွင်းနိုင်ခဲ့သည်။ ဆောက်သမ်တန်အတွက် ဂရာဇီနိုပီလီက ဂိုးတစ်ကြိမ် ထပ်မံသွင်းနိုင်ခဲ့သော်လည်း (၂-၃)ဂိုးဖြင့် ပွဲပြီးဆုံးခဲ့သည်။
"ဒီနေ့ပွဲမှာ ကျွန်တော်တို့ အမှားကြောင့် ရှုံးခဲ့ရတာဖြစ်လို့ ကျွန်တော် စိတ်ပျက်မိပါတယ်။ ပထမပိုင်း ပွဲကစားချိန်(၃၀)မိနစ်ထိ ကျွန်တော်တို့ စိတ်ကြိုက်ကစားနိုင်ခဲ့တယ်။ ပြိုင်ဘက်ကိုလည်း အကဲစမ်းနိုင်ခဲ့တယ်။ ဒါပေမယ့် အသေးအဖွဲ့ အမှားများက ပွဲတခုလုံးကို ပြောင်းလဲပစ်စေခဲ့တယ်။ ယူနိုက်တက် ပထမဂိုး ရသွားတာက ကျွန်တော်တို့ကို ကံဆိုးစေခဲ့တယ်။ ဒီဂိုးက လူကျွံဘောလို့ ပြောသံကြားပါတယ်။ ဒါပေမယ့် ဖြစ်ပြီးသွားပါပြီး။ မနှစ်ကလည်း ယူနိုက်တက်နဲ့ ရင်ဆိုင်ကစားခဲ့တဲ့ပွဲမှာ ဂျို့စ်ဖွန်တီက ဂိုးသမားဆီ နောက်ပြန်ပေးတဲ့ အမှားအယွင်းကို ပြုလုပ်ခဲ့ပါတယ်။ ဒီနှစ်လည်း မာယာက ထပ်လုပ်ခဲ့ပြန်ပါပြီး။ ဒီအမှားကနေ ကျွန်တော်တို့ ဂိုးပေးလိုက်ရပြီး ဒီနောက်ပိုင်းမှာ ယူနိုက်တက်အသင်း ကစားတာ ပိုကောင်းခဲ့တယ်။ ပွဲပြီးဖို့ (၁၅)မိနစ်လောက်မှာမှ ကျွန်တော်တို့ ဂိုးရဖို့ နီးစပ်ခဲ့တယ်။ ဒါပေမယ့် ယူနိုက်တက် ဂိုးသမား ဒီဂီယာက ဂိုးရနိုင်မယ့် အခွင့်အရေး (၂)ကြိမ်ကို အံ့အားသင့်ဖွယ် လက်စွမ်းပြ ကာကွယ်သွားနိုင်ခဲ့တယ်။
ဂိုးသမားဆီ ဘောလုံးနောက်ပြန် ပေးတတ်တဲ့ ကစားသမားတွေကို ကျွန်တော် မုန်းတယ်။ ပြိုင်ဘက်ကို ဖိအားပေးဖို့ ဘောလုံးကို ရှေ့ပို့ ကစားကြပါလား။ ယူနိုက်တက် အသင်းရဲ့ ခံစစ်ကြောင်းမှာ အားနည်းချက်တွေ ရှိနေတယ်ဆိုတာကို ကျွန်တော် မြင်တွေ့ခဲ့တယ်။ ဂိုးသမားဆီ ဘောလုံးနောက်ပြန် မပေးဖို့ သူတို့ကို (ဆောက်သမ်တန် ကစားသမားများ) ကျွန်တော် အမြဲတမ်း ပြောပါတယ်။ ဒီပွဲကနေ ကျွန်တော်တို့ သင်ခန်းစာ ယူရမှာပါ။ မနှစ်တုန်းကလည်း ကျွန်တော်တို့ အမှားပြုလုပ်ခဲ့တယ်။ ဒီနေ့လည်း ကျွန်တော်တို့ နောက်ထပ်တကြိမ် အမှားပြုလုပ်ခဲ့တယ်။ ကျွန်တော်တို့အမှားကြောင့် ကျွန်တော်တို့ ရှုံးခဲ့ရတာပါ။
ဒီပွဲမှာ သူတို့ ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ ကစားနိုင်ပေမယ့်လည်း ဇုံအလိုက် ခုခံကစားနေတဲ့ ကျွန်တော်တို့ကြားကနေ သူတို့လူပေးကစားဖို့ အခက်အခဲ တွေ့ခဲ့တယ်။ ကျွန်တော်တို့ ခံစစ်ကစားပုံလည်း ကောင်းမွန် ခဲ့တယ်။ ဒါပေမယ့် (၂-၃)ဂိုး ဖြစ်သွားပြီးနောက်ပိုင်းမှာ ကျွန်တော်တို့ ယုံကြည်ချက်တွေ ပျောက်ဆုံးပြီး စုစည်းမှုလည်း အားနည်းသွားခဲ့တယ်။ ဒီအချိန်က သူတို့ရဲ့ အကောင်းဆုံး ပွဲကစားချိန်ပါ။ ကျွန်တော်တို့ အမှားကြောင့် ဂိုးပေးလိုက်ရပြီး နောက်ပိုင်းမှာ ကျွန်တော်တို့ ယုံကြည်မှု လုံးဝ မရှိတော့ဘူး။ အုပ်စုဖွဲ့ ကစားတာလည်း ပျက်ခဲ့တယ်။
တကယ်လို့ ခင်ဗျာသာ ယူနိုက်တက်ကို နေရာလွတ်တွေ ပေးကစားမိရင် ဒုက္ခတွေ့သွားမှာပါ။ သူတို့မှာ ဒီလိုဒုက္ခပေးနိုင်တဲ့ ကစားသမားတွေ ရှိပါတယ်။ သူတို့ကို ထိန်းချုပ်ကစားဖို့ ခက်ခဲတယ်ဆိုတာ ကျွန်တော်တို့ သိထားပါတယ်။ ပွဲပြီးခါနီးချိန်မှာတော့ ကျွန်တော်တို့ ယုံကြည်မှု ရှိလာပြီး ပြန်လည်တိုက်ပွဲ ၀င်နိုင်ခဲ့တယ်။
ဒီရာသီမှာ ကျွန်တော်တို့ တိုက်စစ်ကစားပုံ ကောင်းမွန်ခဲ့တယ်လို့ ကျွန်တော် ထင်တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ တိုက်စစ်ဆင်တိုင်း ပြိုင်ဘက်အပေါ် ခြိမ်းခြောက် ကစားနိုင်လို့ပါ။ ဒီနေ့ပွဲမှာဆို ဆာဒီအို မန်နီနဲ့ ပီလီတို့ဟာ တကယ့်ကို ခြေစွမ်းပြ ကစားနိုင်ခဲ့ကြတယ်လို့ ကျွန်တော် ထင်ပါတယ်"ဟု ရော်နယ်ကိုးမန်က ပြောဆိုခဲ့သည်။
#Ytn
Football Café
မဲစာရင်းမှာ သင့်အမည် စစ်ပြီးပြီလား။ သင့်အမည်မပါရင်/ ကိုယ်ရေးအချက်အလက်တွေမှားနေရင် သတ်မှတ်ပုံစံများကို ဖြည့်စွက်/ပြင်ဆင်ပြီး မဲပေးနိုင်အောင်ဆောင်ရွက်ပါ။
No comments:
Post a Comment