၁၃ နှစ်ကြာပိတ်ထားခဲ့ရသည့် ထိုင်း-မြန်မာ နယ်စပ်ဂိတ် ပြန်လည် ဖွင့်လှစ်တော့မည်
ကျော်သဲအိမ်
နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေးနှင့် ခရီးသွား လုပ်ငန်း မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် ထိုင်းနှင့် မြန်မာနိုင်ငံအကြားရှိ ဘန်လတ်တန် နယ်စပ်ဂိတ်ကို မကြာမီ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း ချင်းမိုင် ကုန်သည်ကြီးများ အသင်း ဥက္ကဋ္ဌ ဝိပါဗန်ဗိုရာပူသီပေါင်က စက်တင်ဘာ ၁၈ ရက်တွင် ပြောကြား သည်ဟု ဆင်ဟွာသတင်းတစ်ရပ်၌ ဖော်ပြထားသည်။
လုံခြုံရေးကြောင့် ၁၃ နှစ်ကြာပိတ်ထားခဲ့ရသော အဆိုပါ နယ်စပ်ဂိတ်သည် ထိုင်းနိုင်ငံ ချင်းမိုင်ပြည်နယ် ဗီယန်ဟန်ခရိုင်နှင့် မြန်မာနိုင်ငံ တောင်ကြီးမြို့နယ် အကြား ၂၂၇ ကီလိုမီတာ ရှည်သော လမ်းကြောင်းပေါ်ရှိ ဝင်ပေါက် သစ်တစ်ခုဖြစ် လာမည် ဖြစ်ကြောင်း၊ ယင်းနယ်စပ်ဂိတ်မှတစ်ဆင့် နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေးနှင့် ခရီးသွားလုပ်ငန်း လျင်မြန်စွာမြှင့် တင်နိုင်တော့ မည်ဖြစ်ကြောင်း၊ တစ်ဆက်တည်းမှာပင် ကုန်သည်များနှင့် ကမ္ဘာလှည့်ခရီးသည်များအနေဖြင့် ဗီယန်ဟန်ခရိုင်နှင့် တောင်ကြီး၊ ကျိုင်းတုံ၊ တာချီလိတ်မြို့နယ်တို့အကြား ကုန်းလမ်းခရီးဖြင့် သွားရောက်နိုင်ကြ မည်ဖြစ်ကြောင်း ဝိပါဗန်ဗိုရာပူသီပေါင်က ပြောကြားသည်။
ထို့ပြင် အဆိုပါနယ်စပ်ဂိတ်ကို ဖွင့်ပြီးပါက တစ်နှစ်လျှင် ကုန်သွယ်ရေး နှင့် ခရီးသွားလုပ်ငန်းမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံ ရရှိမည်ဟု မျှော် လင့်ရကြောင်း ဝိပါဗန်ဗိုရာပူသီပေါင်က ထပ်လောင်းပြောကြား သည်။
ဘန်လတ်တန် နယ်စပ်ဂိတ်သည် တောင်ကြီးမြို့နယ်နှင့်အနီးဆုံး ထိုင်းနယ်စပ်ဒေသ တစ်ခုဖြစ်ရာ တောင်ကြီးမှ မြန်မာနိုင်ငံ၏ ဒုတိယမြို့တော် ဖြစ်သော မန္တလေးမြို့အထိ ရောက်ရှိနိုင်သောလမ်းသစ်တစ်ခု ထပ်မံပေါ်ပေါက် လာဖွယ်ရှိသည်ဟု အဆိုပါသတင်းတွင် ဖော်ပြထားသည်။ ထို့ကြောင့် ဘန်ကောက်မှမန္တလေးသို့ လေယာဉ်ဖြင့်သွားရောက်ကြသည့် ခရီးသည်များမှာလည်း နောင်တွင် ပေါ်ထွက်လာမည့် ချင်းမိုင်-မန္တလေးလမ်းမကို အသုံးပြုကာ သွားလာနိုင်ကြတော့မည်ဖြစ်သည်။
သတင်းများကိုဆုံးအောင်ဖတ်တဲ့ အတွက်ကျေးဇူးပါ
No comments:
Post a Comment