တစညပါတီ ကိုယ်စားပြုယှဉ်ပြိုင်မယ့် သတင်းစာဆရာများအသင်းဥက္ကဋ္ဌ ရာထူးမှ မနုတ်ထွက်လို့ဆို
-----------------------------------------
ပဲခူးတိုင်းဒေသကြီး မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း MJA ဥက္ကဋ္ဌ ဦးစိန်လှိုင်ဗိုလ်ဟာ လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တ.စ.ည) ပါတီမှ ကိုယ်စားလှယ်လောင်းအဖြစ် တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၂ နေရာမှ ဝင်ရောက် ယှဉ်ပြိုင်သွားမှာဖြစ်ပေမယ့် မူလရာထူးမှ နုတ်ထွက်သွားမှာ မဟုတ်ဘူးလို့ ဦးစိန်လှိုင်ဗိုလ်က ဆိုပါတယ်။
“မြန်မာနိုင်ငံ သတင်းစာဆရာများ အသင်း ရွေးချယ်တင်မြှောက်ရေး အဖွဲ့ စည်းကမ်း သတ်မှတ်ချက်နဲ့တော့ မကိုက်ညီပါဘူး။ ဒါပေမဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် စည်းကမ်းသတ်မှတ်ချက်နဲ့ မငြိစွန်းတဲ့အတွက် ပဲခူးတိုင်းဒေသကြီး သတင်းစာဆရာများအသင်း ဥက္ကဋ္ဌရာထူး ကနေ နုတ်ထွက်ခြင်း မပြုတာ ဖြစ်ပါတယ်” လို့ သူကပြောပါတယ်။
ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းတွေ ရွေးချယ်တင်မြောက်ခြင်း ဆိုင်ရာ ဥပဒေစည်းကမ်းတွေမှာ နိုင်ငံ့ဝန်ထမ်းဆိုရင် လက်ရှိရာထူးမှ နုတ်ထွက်ရမယ်လို့ ကန့်သတ်ထားပြီး အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ အနေနဲ့ နုတ်ထွက်ခြင်းပြု မပြုဆိုတာ အဲ့ဒီအဖွဲ့အစည်းတွေရဲ့ ဆုံးဖြတ်ချက်သာ ဖြစ်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး ညွှန်ကြားရေးမှူး အဆင့် ရှိသူတစ်ဦးက ပြောပါတယ်။
“သတင်းစာဆရာများ အသင်း ဗဟိုအလုပ်အမှုဆောင် ကော်မတီက နိုင်ငံရေးလုပ်ငန်းတွေ လုပ်မယ်ဆိုရင် ဥက္ကဋ္ဌနေရာက နုတ်ထွက်ပေးရမယ် ဆိုပြီး ညွှန်ကြားထားတယ်။ ဦးစိန်ဗိုလ်လှိုင် အနေနဲ့ နုတ်ထွက်ပေးမယ်လို့ ကတိပေးခဲ့ပေမယ့် အခုထိ မနုတ်ထွက်သေးတော့ ဝေဖန်စရာ ဖြစ်နေတယ်” လို့ ဖြူးဒေသခံ သတင်းထောက်တစ်ဦးက မှတ်ချက်ပြု ပြောဆိုပါတယ်။
သတင်းများကိုဆုံးအောင်ဖတ်တဲ့ အတွက်ကျေးဇူးပါ
No comments:
Post a Comment