Tuesday, September 1, 2015

ဒုက္ခသည်စခန်း ထပ်မံပြောင်းရွှေ့

ဒုက္ခသည်စခန်း ထပ်မံပြောင်းရွှေ့ ဂျာရာယန်ကျေးရွာ အနီးတ၀ိုက်ထိ အစိုးရစစ်တပ်မှ လက်နက်ကြီး တရစပ် ပစ်ခတ်လာမှုကြောင့် ဂျာယာယန်ကျေးရွာအနီးရှိ စစ်ဘေးဒုက္ခသည် စခန်းအား စလန်ယန် စစ်ရှောင်စခန်း သို့ ထပ်မံရွှေ့ပြောင်းနေရပြီ ဖြစ်ကြောင်း သိရသည်။ “ ဂျာရာယန်ကျေးရွာနဲ့နီးတဲ့ စခန်းက ထပ်ရွှေ့လိုက်ရတယ် ဘာလို့လဲဆိုတော့ လက်နက်ကြီး လှမ်းမီလာလို့” ဟု ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်မှ ဆရာတစ်ဦးဆိုသည်။ ပြီးခဲ့သည့် ရက်ပိုင်းများအတွင်း အစိုးရစစ်တပ်မှ စစ်အင်အားထပ်မံ ဖြည့်တင်း ထိုးစစ်ဆင်လာမှုကြောင့် ဆွမ်ပရာဘွမ်မြို့နယ်ရှိ အချို့သောကျေးရွာတို့တွင် အစိုးရစစ်တပ်နှင့် ကေအိုင်အေ တပ်ဖွဲ့ အကြား တိုက်ပွဲများ ထပ်မံ ပြင်းထန်လာကြောင်းသိရသည်။ ယခင် ဂျာရာယန်ကျေးရွာ အနီးရှိ စစ်ဘေးရှောင် စခန်းတွင် လူဦးရေ ခုနစ်ဆယ် နီးပါးရှိပြီး စလန်ယန် စစ်ဘေးရှောင် စခန်းတွင် လူဦးရေ လေးရာကျော် ရှိကြောင်းသိရသည်။ စစ်ဘေးရှောင်စခန်းများသို့ အကူအညီပေး သွားဖို့ရန် KBC နှစ်ခြင်းအဖွဲ့ချုပ်နှင့် RC အသင်းတော်တို့မှ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ခွင့်ပြုစာ တင်ခဲ့ရာ လုံခြံရေးကြောင့် ခွင့်ပြုမိန့် မရရှိကြောင်း သိရသည်။ စစ်ဘေးရှောင်စခန်းများတွင် ကျောင်းသားစုစုပေါင်း နှစ်ရာကျော်ရှိပြီး ကျောင်းများကို ဖွင့်နိုင်ရန်ကြိုးစားနေပြီး၊ အစားအသောက်အတွက် ဆန်လုံလောက်မှုရှိနေသော်လည်း အာဟာရအစားအစာနှင့် ဆေးဝါး အကူအညီ လိုအပ်နေသည်။ လွန်ခဲ့သည့် ဇွန်လ ၂၄ ရက်မှစ၍ အစိုးရစစ်တပ် နှင့် ကေအိုင်အေ တပ်ဖွဲ့ကြား တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ပြည်သူများ တစ်ထောင်ကျော် တောထဲတောင်ထဲ များတွင် စစ်ဘေးရှောင်စခန်းများ ဖွင့်ကာ ပုန်းရှောင်နေရကြောင်းသိရသည်။လွန်ခဲ့သည့် နှစ်ရက်မှစ၍ တိုက်ပွဲများ ငြိမ်သက်နေကြောင်းသိရသည်။

No comments: