Tuesday, September 1, 2015

သက်တမ်းရှည် အင်းဝတံတား =====================

သက်တမ်းရှည် အင်းဝတံတား ===================== လွန်ခဲ့သော နှစ် ၃ဝ ကျော်က မန္တလေးမှ မြစ်ကြီးနားသို့ မီးရထား ဖြင့် ခရီးထွက်ခဲ့စဉ် စစ်ကိုင်းတံတား ခေါ် အင်းဝတံတားကြီးပေါ်မှ ဖြတ်သန်းသွားခဲ့သည့်အချိန်ကို ကျွန်တော် ယခုတိုင်မှတ်မိနေပါသည်။ စစ်ကိုင်းတောင်တန်းကို နောက်ခံပြုထားသည့် ဧရာဝတီမြစ်ပြင်ကျယ် ကြီးနှင့် စစ်ကိုင်းတောင်တန်းတစ်လျှောက်ရှိ စေတီဖြူဖြူများကို တံတား ပေါ်မှ မီးရထားဖြတ်သန်းမောင်းနှင်သွားနေစဉ် ခဏတာမျှသာ မြင်တွေ့ လိုက်ရသဖြင့် ကြည့်၍မဝနိုင်ခဲ့ပါချေ။ ရှုမငြီးအောင် သာယာလှပသော ထိုမြင်ကွင်းကို စစ်ကိုင်းတံတားကြီးပေါ်မှ ဖြတ်သွားဖူးကြသူတိုင်း အမှတ်ရကြမည်ဖြစ်ပေသည်။ ယင်းတံတားကြီးသည် ဧရာဝတီမြစ်ကို ဖြတ်ကျော်လျက် တောင် ဘက်ခြမ်း မန္တလေး၊ အမရပူရမှ မြောက်ဘက်ခြမ်း စစ်ကိုင်းသို့ ဆက်သွယ် ထားသောကြောင့် စစ်ကိုင်းတံတားဟု အမည်တွင်သကဲ့သို့ မြန်မာ့ ကုန်းဘောင်ခေတ် ရှေးဟောင်းမြို့တော်တစ်ခုဖြစ်သည့် အင်းဝအနီးတွင် တည်ရှိသဖြင့် အင်းဝတံတားဟုလည်း ထင်ရှားသည်။ ၁၉၃၄ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည့် စစ်ကိုင်းတံတားကြီးသည် ယခုအခါ သက်တမ်း နှစ် ၈ဝ ကျော်ခဲ့ပြီ ဖြစ်သည်။ ဧရာဝတီမြစ်သည် မြန်မာပြည်မြောက်ဖျား မေခ၊ မလိခတွင် မြစ်ဖျား ခံခဲ့ပြီး မြောက်မှတောင်သို့ စီးဆင်းလာသော်လည်း စစ်ကိုင်းမြို့အနီး တွင် မြစ်လမ်းကြောင်းပြောင်းကာ မင်းဝံတောင်ကြောကို ကွေ့ဝိုက် လျက် အရှေ့မှ အနောက်သို့ စီးဆင်းလျက်ရှိသည်။ ထို့ကြောင့် မြန်မာ နိုင်ငံ မြောက်ပိုင်းနှင့် တောင်ပိုင်းကို တောက်လျှောက် ဆက်သွယ်နိုင်ရန် စစ်ကိုင်းမြို့ တောင်ဘက်တွင် အရှေ့အနောက်စီးဆင်းနေသည့် ဧရာဝတီ မြစ်၏ တစ်ဆစ်ချိုးနေရာသည် အဓိကနေရာတစ်ခု ဖြစ်နေပေသည်။ မင်းတုန်းမင်းသည် ထိုနေရာ၏အရေးပါမှုကို သိရှိခဲ့သည့်အတွက် တံတားတစ်စင်းမတည်ဆောက်ခဲ့သော်လည်း နယ်ချဲ့များ၏ရန်ကို ကာကွယ် နိုင်ရန် သပြေတန်း၊ အစေခံနှင့် ဆင်ကျုံးဟူသော ခံတပ်သုံးခုကို သုံးပွင့်ဆိုင် တည်ဆောက်ခဲ့သည်။ မင်းနေပြည်တော် ရတနာပုံသို့ တက်ရောက် လာနိုင်သည့် နယ်ချဲ့စစ်သင်္ဘောများအား ထိုခံတပ်များမှ တားဆီးဟန့်တား ရန် ရည်ရွယ်ခဲ့သည်။ အင်္ဂလိပ်တို့သည် မြန်မာနိုင်ငံအား သိမ်းယူပြီး သည့် နောက်ပိုင်းတွင် စစ်ရေး၊ စီးပွားရေးဆိုင်ရာ သယ်ယူပို့ဆောင်ရေး များ ဆောင်ရွက်နိုင်ရန် ကြီးမားသော စစ်ကိုင်းတံတားကြီးကို တည်ဆောက် ခဲ့ကြသည်။ သက္ကရာဇ် ၈ဝ၄ ခုနှစ်၌ ထူပါရုံစေတီ ဒါယကာဖြစ်သူ နရပတိမင်း သည် ဧရာဝတီမြစ်ကိုဖြတ်ကူးသည့်တံတားတစ်စင်းကို ဆောက်လုပ်ခဲ့ သည်။ ပြည်သီဟသူဟု ထင်ရှားသော နရပတိ (၁၄၄၃- ၁၄၆၉) သည် စစ်ကိုင်းဘက်ခြမ်း၌ ထူပါရုံစေတီကို တည်ခဲ့ပြီး ခရစ်နှစ် ၁၄၄၇ ခုနှစ် တွင် စေတီတော်အား ထီးတော်တင်ခဲ့ချိန်တွင် တစ်ဖက်ကမ်းရှိ အင်းဝမှ ပြည်သူများ စစ်ကိုင်းသို့ လာရောက်ဖူးမြော်နိုင်ကြရန် ဧရာဝတီမြစ်ကို ဖြတ်သန်းလျက် ယာယီသစ်သားတံတားတစ်ခုကို ထိုးခဲ့သည်။ ထူပါရုံ စေတီတော်ထီးတင်ပွဲတွင် အင်းဝဘက်ကမ်းမှ မင်း၊ မိဖုရား၊ မှူးမတ်များ နှင့် ပြည်သူများသည် ယင်းတံတားပေါ်မှ ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ကြ ကြောင်း ဦးအောင်သော်၏ (History Sites in Myanmar) စာအုပ် တွင် ရေးသားထားသည်။ ယင်းတံတားသည် မြန်မာ့သမိုင်းတွင် ပထမ ဆုံးသော ဧရာဝတီမြစ်ကူးတံတားကြီး ဖြစ်ဖွယ်ရှိပေသည်။ မြန်မာသက္ကရာဇ် ၈၂၁ ခုနှစ်တွင် သာလွန်မင်း၏ သားတော် မင်းရဲ နန္ဒမိတ်သည် ဧရာဝတီမြစ်အား ဖြတ်သန်းလျက် ကျွန်းသစ်တံတားတစ်ခု ကို ဆောက်လုပ်ခဲ့ကြောင်းလည်း မှတ်သားခဲ့ရဖူးပါသည်။ အင်္ဂလိပ်တို့သည် ၁၈၈၅ ခုနှစ်တွင် မြန်မာနိုင်ငံတစ်နိုင်ငံလုံးကို သိမ်း ပိုက်ခဲ့ပြီးနောက် မြန်မာနိုင်ငံအထက်ပိုင်းနှင့် အောက်ပိုင်းကို ဆက်သွယ် နိုင်ရန် မီးရထားလမ်းများကို ဖောက်ခဲ့သည်။ ၁၈၉ဝ ပြည့်နှစ်တွင် စစ်ကိုင်း-ရွှေဘို မီးရထားလမ်းနှင့် ၁၈၉၉ ခုနှစ်တွင် ရန်ကုန်-မန္တလေးရထားလမ်း ကို ဖောက်လုပ်ခဲ့သည်။ အင်္ဂလိပ်အစိုးရသည် ရန်ကုန်မှ ရွှေဘို၊ မြစ်ကြီးနား အထိ ကားလမ်းနှင့် မီးရထားလမ်း ဆက်သွယ်နိုင်ရန် ဧရာဝတီမြစ်ကို စစ်ကိုင်း မြို့မှဖြတ်မည့်ကားနှင့် မီးရထားလမ်းနှစ်လမ်း ပါဝင်သော တံတားတစ်စင်း ဆောက်လုပ်ရန် စီစဉ်ခဲ့ကြသည်။ ထို့ကြောင့် ၁၉၂၄ ခုနှစ်တွင် စစ်ကိုင်းတံတား ဒီဇိုင်းပုံစံကို Redel Palmers & Trittion ကုမ္ပဏီမှ အင်ဂျင်နီယာချုပ် မစ္စတာဂျေအီးစမ်ရိုက ဦးဆောင်ရေးဆွဲခဲ့ကာ ခန့်မှန်းတန်ဖိုး ၁၅၅၇၇၃၁၈ ကျပ် ကုန်ကျမည် ဖြစ်ကြောင်း တွက်ချက်ခဲ့သည်။ အင်္ဂလိပ်တို့သည် ၁၉၂၇ ခုနှစ်တွင် စစ်ကိုင်း တံတားကြီးကို စတင်တည်ဆောက်ခဲ့ကာ ၁၉၃၄ ခုနှစ်တွင် ပြီးစီးခဲ့သည်။ စစ်ကိုင်းတံတားသည် ၁၂ဝ၃ မီတာ (၃၉၄၈ ပေ) ရှည်လျားကာ ရေလယ် တိုင် ၁၅ လုံး ရှိသည့်အနက် အမြင့်ဆုံးတိုင်သည် ရေအောက်ကြမ်းပြင်မှ တံတားကြမ်းခင်းမီးရထားသံလမ်းအထိ ၁ဝ၂ ပေမြင့်သည်။ ရေလမ်း ကင်းလွတ်အမြင့်သည် ပေ ၄ဝ ဖြစ်သည်။ စစ်ကိုင်းတံတားသည် သံပေါင်ပေါင်းကူးတံတားအမျိုးအစားဖြစ်ကာ ခန်းပွင့် ၁၆ ခုရှိသည်။ သံရက်မများဖြင့် ဖွဲ့စည်းထားသည့် ခန်းပွင့်များတွင် ပေ ၃၅ဝ အရှည် ခန်းပွင့် ကိုးခန်း၊ ပေ ၂၅ဝ အရှည် ခန်းပွင့် တစ်ခန်းနှင့် ပေ ၆ဝ အရှည် ခန်းပွင့် ခြောက်ခန်းပါဝင်သည်။ သံပေါင်များကိုBraithwaite ကုမ္ပဏီကထုတ်လုပ်ပေးခဲ့ပြီး တံတားကြီးတစ်ခုလုံး၏ ဆောက်လုပ်မှုကုန်ကျ စရိတ်သည် ထိုစဉ်က ငွေကြေးတန်ဖိုးအရ စတာလင်ပေါင် တစ်သန်း (မြန်မာကျပ်ငွေ ၁၄၃ဝဝဝဝဝ) ဖြစ်သည်။ စစ်ကိုင်းတံတားကြီး တည်ဆောက်ပြီးစီးသွားချိန်တွင် ၇၂၄ မိုင် ရှည်လျားသော ရန်ကုန်မှ မြစ်ကြီးနားအထိ သွားနိုင်သော မီးရထားလမ်း သည် မန္တလေးမှတစ်ဆင့် တောက်လျှောက် လမ်းပေါက်သွားခဲ့သည်။ ၁၉၃၄ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့ အင်္ဂါနေ့တွင် ထိုစဉ်က မြန်မာနိုင်ငံ၏ ဘုရင်ခံဖြစ်သူ ဆာဟုခ်ျလင်းစ်ဒေါင်း စတီဖင်ဆန် (Sir Hugh Lans-down Stevenson)က စစ်ကိုင်းတံတားသစ်ကြီးကို ဖွင့်လှစ်ပေးခဲ့သည်။ ဘုရင်ခံသည် အဖြူရောင် အထူးမီးရထားတွဲတွင် စီးနင်းလိုက်ပါလာခဲ့ပြီး ရထားထိန်း(ဂတ်ဗိုလ်)တွဲ၌ ခရိုင် မီးရထားသယ်ယူပို့ဆောင်ရေး အရာရှိချုပ် ဦးတင်သည် မြန်မာ ခေါင်းပေါင်းကိုပေါင်းကာ တောင်ရှည်ပုဆိုးကိုဝတ်ဆင် ပြီး အလံစိမ်းကိုကိုင်၍ တံတားကြီးပေါ်မှ ဖြတ်သန်းသွားသော မီးရထား ကြီးကို ဦးဆောင်ခဲ့သည်။ နောင်အခါတွင် မိုးဒေဝါမလှရွှေဟု ကျော်ကြား လာခဲ့သည့် ကွန်ဗင့် ကျောင်းသူလေး မလှရွှေက ဘုရင်ခံအား တံတား၏တစ်ဖက်ထိပ်မှ ပန်းစည်းဆက်ခဲ့သည်။ စစ်ကိုင်းတံတားကြီးအား ရှစ်နှစ်ကြာ အသုံးပြုခဲ့ပြီး နောက် ဒုတိယ ကမ္ဘာစစ်ဖြစ်ပွားခဲ့သည်။ ဂျပန်တို့သည် ၁၉၄၂ ခုနှစ် ဧပြီလ ၃ ရက်နေ့တွင် မန္တလေးမြို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် စစ်ကိုင်းတံတားကြီးသည် စစ်ဘေး စစ်ဒဏ်သင့်ခဲ့ရသည်။ ထိုနေ့ည သန်းခေါင်ယံမတိုင်မီ တစ်မိနစ်အလိုတွင် အင်္ဂလိပ်စစ်တပ်သည် ဂျပန်တို့၏ တိုက်ခိုက်မှုကြောင့် မန္တလေးမှ မြစ်ကြီး နားသို့ ဆုတ်ခွာခဲ့စဉ် ဂျပန်များဆက်သွယ်ရေး လမ်းကြောင်းပြတ်တောက် စေရန် စစ်ကိုင်းတံတားကြီးအား ဗုံးခွဲဖျက်ဆီးခဲ့သည်။ ဗုံးဒဏ်ကြောင့် စစ်ကိုင်းတံတားကြီး၏ တံတားခုံးအမှတ် ၇ နှင့် ၈ တို့သည် ဧရာဝတီ မြစ်အတွင်းသို့ ကျိုးကျခဲ့ကာ ရေလယ်တိုင်ခုနစ်တိုင် ပျက်စီးခဲ့ပြီး မန္တလေး ဘက်ကမ်းနှင့် စစ်ကိုင်းဘက်ကမ်း ကုန်းလမ်းဆက်သွယ်ရေး ပြတ်တောက် ခဲ့သည်။ ထိုအချိန်မှစ၍ မြန်မာနိုင်ငံ လွတ်လပ်ရေးရသည့်အချိန်အထိ ပျက်စီး နေသည့် စစ်ကိုင်းတံတားကြီးအား ပြန်လည်ပြင်ဆင်ခြင်းမပြုနိုင်ခဲ့ဘဲ စစ်ကိုင်းဆိပ်ကမ်းနှင့် အမရပူရ စံရွေးဆိပ်ကမ်းတို့ကို ကူးတို့လှေ၊ သမ္ဗန် များဖြင့်သာ ဖြတ်ကူးခဲ့ကြရသည်။ ကုန်စည်များကို တစ်ဖက်မှ တစ်ဖက် သို့ ခက်ခဲစွာ သယ်ပို့ခဲ့ကြရသည်။ ၁၉၅၃ ခုနှစ်တွင် ထိုစဉ်က နိုင်ငံတော် ဝန်ကြီးချုပ် ဦးနု၏ စီမံညွှန်ကြားမှုဖြင့် စစ်ကိုင်းတံတားကြီး ကို ဦးကြည်ဝင်း ဦးစီးသော မြန်မာအင်ဂျင်နီယာများနှင့် လုပ်သားများက ပြင်ဆင်ခဲ့ကြသည်။ စစ်ကိုင်းတံတားကြီး ပြင်ဆင်စရိတ်သည် ငွေကျပ် ၅၇ သိန်းကျော် ကုန်ကျခဲ့ကာ ၁၉၅၄ ခုနှစ်တွင် ပြီးစီးခဲ့သဖြင့် ထိုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့တွင် ထိုစဉ်က နိုင်ငံတော်သမ္မတဖြစ်သူ ဒေါက်တာဘဦးက ဖွင့်လှစ်ပေးခဲ့သည်။ မြန်မာနိုင်ငံ အထက်နှင့်အောက် သွားလာနေကြသော မော်တော် ယာဉ်များနှင့် မီးရထားများသည် ဧရာဝတီမြစ်ကို ဖြတ်သန်းရန် တံတားကြီး ကျိုးနေသည့် ခြောက်နှစ်တာကာလမှလွဲ၍ ၁၉၃၄ ခုနှစ်မှ ၁၉၉၂ ခုနှစ် အထိ စစ်ကိုင်းတံတားကြီးကိုသာ နှစ်ပေါင်း ၅ဝ ကျော် အသုံးပြုခဲ့ကြရ သည်။ စစ်ကိုင်းတံတားသည် သက်တမ်းကြာမြင့်လာသည်နှင့်အမျှ တံတား ၏ခံနိုင်ဝန် လျော့ကျလာခဲ့ကာ ၁၉၉၂ ခုနှစ်တွင် ခံနိုင်ဝန် ၁၅ တန်သာ ရှိတော့သည်။ ထိုအချိန်မှစ၍ ၁၅ တန်အထက်ယာဉ်နှင့် ကုန်စည်များ အား ဇက်ရေယာဉ်များဖြင့် ဧရာဝတီမြစ်ကို ဖြတ်သန်းစေခဲ့ရသည်။ ထို့ကြောင့် လမ်းပန်းဆက်သွယ်မှု အရှိန်မပျက်စေရန်နှင့် ပို့ဆောင် ရေး ပိုမိုကောင်းမွန်စေရန် ဧရာဝတီမြစ်ကူး တံတားအသစ်တစ်ခုကို စစ်ကိုင်းတံတားအနီးတွင် ဆောက်လုပ်ရန် ၂ဝဝ၂ ခုနှစ်က စီစဉ်ခဲ့သည်။ ၂ဝဝ၂ ခုနှစ် နိုဝင်ဘာလတွင် တံတားတည်ဆောက်ရန် မြန်မာ နိုင်ငံတော်အစိုးရနှင့် တရုတ်နိုင်ငံ CAMC အင်ဂျင်နီယာ ကုမ္ပဏီတို့ စာချုပ်ချုပ်ဆိုခဲ့ပြီး၂ဝဝ၃ ခုနှစ်တွင် တံတားအသစ်ကို စတင်တည်ဆောက် ခဲ့သည်။ ယင်းတံတားအသစ်ကို ၂ဝဝ၈ ခုနှစ် ဧပြီလ ၁၁ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ကာ ရတနာပုံတံတားဟု အမည်ပေးခဲ့သည်။ ရတနာပုံ တံတားသည် စစ်ကိုင်းတံတားဟောင်း၏ ရေဆန်ဘက် ပေ ၂ဝဝဝ အကွာတွင်တည်ရှိပြီး တံတားအရှည်သည် ၅၆၁၄ ပေဖြစ်သည်။ ပင်မသံပေါင်တံတားတွင် ၃၆၇ ဒသမ ၅ ပေ ရှည်သော ခန်းဖွင့် လေးခန်းနှင့် ၇၃၅ ပေရှည်သော သံပေါင်ခုံး အခန်းသုံးခန်း ပါဝင်သည်။ ကွေးဝိုက်ထားသည့် သံပေါင်ခုံး တံတားခန်းဖွင့် သုံးခုကြောင့် ရတနာပုံ တံတားသည် ဧရာဝတီမြစ်ကူးတံတားများအနက် အလှပဆုံး တံတား တစ်စင်းဖြစ်လာခဲ့ပေသည်။ ယခုအခါတွင် ဧရာဝတီမြစ်ကိုဖြတ်သန်း တည်ဆောက်ထားသည့် တံတားများသည် ကချင်ပြည်နယ်မှ ဧရာဝတီတိုင်းဒေသကြီး မြစ်ဝ ကျွန်းပေါ်အထိ တိုင်းဒေသကြီး/ ပြည်နယ်အနှံ့ တည်ရှိနေသည့်အနက် စစ်ကိုင်းမြို့အနီးရှိ မူလစစ်ကိုင်းတံတားဟောင်းနှင့် ရတနာပုံ တံတားသစ်တို့သည်လည်း အပါအဝင်ဖြစ်ပေသည်။ ဧရာဝတီမြစ်ကူး တံတားများအနက် ဒုတိယ ကမ္ဘာစစ်အတွင်းက ထင်ရှားကျော်ကြားခဲ့ သည့် သမိုင်းဝင်စစ်ကိုင်းတံတား ခေါ် အင်းဝတံတားသည် ကမ္ဘာလှည့် ခရီးသည်များ စိတ်ဝင်စားသည့် တံတားကြီးတစ်ခုဖြစ်ပေရာ မြန်မာ့ ရှေးဟောင်းမြို့တော် အင်းဝသို့ လာရောက်လည်ပတ်ကြသော ပြည်တွင်း ပြည်ပ ခရီးသည်များအား ကြိုဆိုနေသကဲ့သို့ ခံ့ညားစွာ ရပ်တည်လျက် ရှိနေပေသည်။ မောင်သာ(ရှေးဟောင်းသုတေသန)

No comments: