Tuesday, December 16, 2014

ကျွန်တော်သိသော KIO/KIA အတွင်းရေးများ - အပိုင်း(၂၀)

ကျွန်တော်သိသော KIO/KIA အတွင်းရေးများ - အပိုင်း(၂၀)

ဒီဇင်ဘာလ ၁၆ရက်၊ ၂၀၁၄ ဖားကန့် ကျောက်စိမ်းမှော်ဒေသမှာ စစ်ရေးအခြေအနေတွေ တင်းမာလိုက်၊ ပြန်လျော့သွားလိုက်နဲ့ အပြောင်းအလဲတွေ သိပ်မြန်လွန်းနေပါတယ်။ KIO/KIA ခေါင်းဆောင်ပိုင်းတွေ လုံးဝလက်လွတ်မခံနိုင်တဲ့ နေရာဖြစ်တဲ့အတွက်ကြောင့် အစိုးရတပ်တွေနဲ့ ပဋိပက္ခခဏခဏဖြစ်နေရတာလည်း ဖြစ်ပါတယ်။ ဖားကန့်၊ လုံးခင်း၊ ဆိပ်မူ၊ အောင်ဘာလေ စတဲ့ မြို့ ရွာတွေမှာ နေထိုင်ကြတဲ့ ဒေသခံတွေ ကျောက်မျက်ကုမ္ပဏီတွေဟာဆိုရင် မငြိမ်သက်နိုင်သေးတဲ့ ဒီနယ်မြေကို စိတ်ကုန်စပြုနေကြပါပြီ။ အခုလည်း ခရစ္စမတ်ပွဲတော်နီးလာပြီမို့ KIO/KIA ခေါင်းဆောင်ကြီးတွေရဲ့ ခြေလှမ်းအသစ်အဆန်းတွေကလည်း တစ်ခု တစ်မျိုးမရိုးအောင် လှုပ်ရှားလာပြန်ပါပြီ။ အပစ်ရပ်ရေး၊ ငြိမ်းချမ်းရေးနဲ့ တစာစာအော်နေတဲ့ ဒေသခံပြည်သူတွေအတွက် တော့ KIO/KIA ခေါင်းဆောင်တွေရဲ့ ဥပေက္ခာပြုမှုဟာ တော်တော်လေးခံရခက်လွန်းပါတယ်။ အပစ်ရပ်ဖို့ မပြောနဲ့ နောက်ထပ်တိုက်ပွဲတွေ ထပ်ဖြစ်မလာအောင် ဆုတောင်းရမယ့်ကိန်း ကြုံနေရပြန်ပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ KIA အဖွဲ့က ခရစ္စမတ်ပွဲတော်ကာလမှာ လူသစ်စုဆောင်းဖို့ ကြံစည်နေတဲ့ကိစ္စဖြစ်ပါတယ်။ ခရစ္စမတ်ပွဲတော်ဆိုတာ ဒေသခံ ခရစ်ယာန်ဘာသာဝင်တွေအတွက် ထူးခြားမွန်မြတ်တဲ့ ဆုတောင်းမှုတွေ၊ ပျော်ပွဲရွှင်ပွဲ တွေ လုပ်ရတဲ့အခါသမဆိုရင်လည်း မမှားပါဘူး။ ဒါပေမယ့် KIO/KIA ခေါင်းဆောင်တွေကတော့ မောဟအမှောင်တွေ ဖုံးလွှမ်းနေပြီး နောင်တမရနိုင်သေးဘဲ ပြည်သူကို ဒုက္ခပေးဖို့ နောက်ကွယ်က ကြံစည်နေပြီ ဖြစ်ပါတယ်။ စဉ်းစားကြည့်ကြပါ။ ခရစ္စမတ်ကာလမှာ KIA တပ်ဖွဲ့ဝင်တစ်ယောက်ကို လူသစ် ၅ ယောက်နှုန်း စုဆောင်းပေးရမယ်။ တပ်ရင်းတစ်ရင်းကို လူသစ် ၃၀ ယောက် စုဆောင်းပေးရမယ်၊ အရေအတွက်ပြည့်မီအောင် စုနိုင်တဲ့တပ်ရင်းကို တရုတ်ယွမ်ငွေ ၅၀၀၀ ဆုချီးမြှင့်မယ်ဆိုပြီး မက်လုံးပေးထားပါသေးတယ်။ ခရစ္စမတ်ပွဲတော်ကာလဟာ KIO/KIA ခေါင်း ဆောင်တွေအတွက်တော့ လူသစ်စုဆောင်းလို့ အကောင်းဆုံးအချိန်လို့တောင် သတ်မှတ်ထားသလား အောက်မေ့ရပါ တယ်။ ပိုပြီးဆိုးဝါးတဲ့ လုပ်ရပ်လည်းရှိနေပါသေးတယ်။ ခရစ္စမတ်ပွဲတော်ကို တက်ရောက်လာမယ့် ဖားကန့်မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအသီးသီးမှ နှစ်ခြင်းခရစ်ယာန်အသင်းတော်ဓမ္မဆရာ၊ ဆရာမတွေကိုတောင် လူသစ်စုဆောင်းဖို့ တာဝန်ပေး မယ်တဲ့ဗျာ။ အဲဒီလို စုဆောင်းလို့ရလာတဲ့ လူသစ်တွေကို ခရစ္စမတ်ပွဲတော်ပြီးဆုံးတာနဲ့ KIA တပ်ရင်း(၆)မှာ စစ်သင်တန်း တက်ခိုင်းမယ်ဆိုတာပါပဲ။ ကြိုတင်သတင်းရထားတဲ့ မိဘတွေကတော့ သူတို့ကလေးတွေကို ခရစ္စမတ်ပွဲတော်ကာလ အိမ်မှာပဲ နေခိုင်းကြဖို့ စီစဉ်နေကြတယ်။ တစ်ချို့ကတော့ မြစ်ကြီးနား၊ မန္တလေးကို ပို့ကြမယ်လို့ သိရတယ်။ အဲဒီအကြောင်းတရားတွေနဲ့ ဆက်စပ်ပြီး KIO/KIA ခေါင်းဆောင်တွေရဲ့ အကြံက ပက်စက်လွန်းပါတယ်။ ခရစ္စမတ်ပွဲ တော်ပြီးရင် ၂၀၁၅ ခုနှစ်ထဲ ရောက်သွားပြီဖြစ်လို့ အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလုပ်ဖို့ ရှိပါတယ်။ သူတို့လိုချင်တာ တောင်းလို့မရရင် ပြန်လည်တိုက်ခိုက်သွားဖို့အတွက် လူအင်အားတွေကို အခုကတည်းက မရရတဲ့နည်းနဲ့ စုဆောင်းနေ ခြင်းဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ တိုင်းရင်းသားတွေ လိုလားတောင့်တနေတဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးသည်လည်း အလှမ်းဝေးနေ ရဦးမည်သာ ဖြစ်ပါတယ်။ KIO ဒုဥက္ကဋ္ဌ အင်ဘန်လ၊ KIA စစ်ဦးစီးချုပ် ဂမ်ရှောင်နဲ့ ဒုစစ်ဦးစီးချုပ် ဂွမ်မော်တို့ ဦးဆောင် နေသမျှ ထွက်ပြေးတိမ်းရှောင်နေရသော ဒုက္ခသည်တွေ လျော့မသွားမယ့်အပြင် ထပ်တိုးလာဖို့ပဲ ရှိပါတယ်။ ဒါ့ပြင် ကချင်မြေမှာ ငြိမ်းချမ်းရေးတေးသံတွေ ဝေးကွာပြီး သေနတ်သံ၊ ဗုံးသံတွေနဲ့ပဲ အရုပ်ဆိုးအကျည်းတန်ရဦးမှာ ဖြစ်ပါ တယ်။ အမိကချင်မြေ အမြန်ဆုံး ငြိမ်းချမ်းပါစေ။ ဘရန်စန်အောင်

No comments: