Friday, December 5, 2014

မြို့နယ် မဘသ လွတ်လပ်စွာ ဟောပြောခွင့်ကို ပိတ်ပင်လို့ ရသလား ------------------------------------------------------------------------ စိတ်မကောင်းစရာ သတင်း တစ်ကြိမ် ထပ်ပြီး ထွက်ပေါ်လာပြန်ပါပြီ။ လာမယ့် ဒီဇင်ဘာ ၁၂ ရက်နေ့ မန္တလေးတိုင်း သာစည်မြို့နယ်မှာ လုပ်ဖို့ စီစဉ်ထားတဲ့ စာပေဟောပြောပွဲ တစ်ခု မြို့နယ် အမျိုးဘာသာ သာသနာ ထိမ်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ မဘသ ရဲ့ ပိတ်ပင်တားမြစ်မှုကြောင့် ကြိုတင်ကြေငြာထားသူတွေနဲ့ မကျင်းပဖြစ်တော့ဘူး ဆိုတဲ့ သတင်းပါ။ အဲဒီ အကြိမ် ၂၀ မြောက် မြို့နယ် စာပေဟောပြောပွဲမှာ ကဗျာဆရာကြီး ကိုလေး (အင်းဝဂုဏ်ရည်)၊ ညီမင်းညို နဲ့ စာရေးဆရာမ မသီတာ(စမ်းချောင်း) တို့ ဟောပြောဖို့ စီစဉ်ထားတာ ဖြစ်ပြီး မြို့နယ် မဘသ ဥက္ကဌ ငါးဆူကျောင်းတိုက် ဆရာတော် ဦးပဏ္ဍိစ္စ က တရားဝင် လက်မှတ်ရေးထိုး၊ စာပို့ ကန့်ကွက်ခဲ့လို့ ပျက်သွားရတာပါ။ ဒါဟာ ဖြစ်သင့်ပါရဲ့လား၊ ဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။ တူမောရိုး သတင်းဂျာနယ် ဖော်ပြချက်အရ သာစည်မြို့နယ် မဘသ အဖွဲ့ဟာ စာရေးဆရာ (၃) ယောက် ဟောပြောမယ့် အဲဒီ ပွဲကို စာအမှတ် ၄/၂၀၁၄ ထုတ်ပြန်ပြီး ကန့်ကွက်ခဲ့တာပါ။ အဲဒီ ကန့်ကွက်စာကို သက်ဆိုင်ရာ မြို့နယ် အာဏာပိုင် အဖွဲ့အစည်းတွေဆီ ပေးပို့ခဲ့သလား၊ ပေးပို့စာကို မူတည်ပြီး သက်ဆိုင်ရာ မြို့နယ် အာဏာပိုင် အဖွဲ့အစည်းက စာပေဟောပြောပွဲကို ခွင့်ပြုချက် ချမပေးခဲ့တာလား ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။ သေခြာတာ တစ်ခုကတော့ မြို့နယ် မဘသ အဖွဲ့ကတော့ ကန့်ကွက်ခဲ့တယ် ဆိုတာပါ။ ကန့်ကွက်မှုနဲ့ ပါတ်သက်ပြီး မြို့နယ် မဘသ ဆရာတော်က သူတို့အနေနဲ့ စာပေဟောပြောပွဲ ကျင်းပတာကို သဘောကျပါတယ်။ ဒါပေမယ့် လာဟောမယ့် စာရေးဆရာတွေကို သဘောမကျတာ၊ အခု ပိတ်ပင်တာဟာ စာပေဟောပြောပွဲကို မဟုတ်၊ ဟောပြောမယ့် လူပုဂိုလ်ကို တားမြစ်ပိတ်ပင်တာသာ ဖြစ်တယ် ဆိုပြီး သတင်းမေးတဲ့ ဂျာနယ်ကို မိန့်ကြားထားပါတယ်။ ဆရာတော် ဆက်ပြီး မိန့်တာက အဲဒီစာရေးဆရာတွေကို ဟောပြောခွင့်ပြုလိုက်ရင်၊ သူတို့ဟောပြောမှုတွေမှာ ဘာသာရေးဆိုင်ရာ ငြိစွန်းမှုတွေ ပါခဲ့ရင် မလိုလားအပ်တဲ့ ပြသနာတွေ ဖြစ်နိုင်တယ်။ ဒါကြောင့် ကြိုတင်ပိတ်ပင်တားမြစ်ရတာလို့ ဆိုထားပါတယ်။ တကယ်တာ့ ဒါဟာ လွတ်လပ်စွာ ပြောဆိုခွင့်ကို ကြိုတင်ပိတ်ပင်မှု၊ ကြိုတင် ဆင်ဆာဖြတ်တောက်မှုပဲ ဖြစ်ပါတယ်။ လက်ရှိ တည်ဆဲ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံသားတိုင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုနိုင်သည် ဆိုတဲ့ အချက်နဲ့ မကိုက်ညီသလို ဗုဒ္ဓဘာသာ အတွေးအခေါ် လမ်းစဉ်နဲ့ ကိုက်ညီပါရဲ့လား ဆိုတာကလည်း မေးခွန်းထုတ်စရာပါ။ ဒါနဲ့ပါတ်သက်ပြီး နားလည်တတ်ကျွမ်းတဲ့ ဆရာတော် သံဃာတော်တွေကို မေးမြန်းလျောက်ထားကြည့်ရာမှာ ဗုဒ္ဓဘုရားရှင် ပွင့်တော်မမူခင်နဲ့ ဗုဒ္ဓဘာသာ ထွန်းကားစ ကာလမှာ အခြားအခြားသော အယူဝါဒ အမျိုးမျိုး ရှိနေနှင့်ပြီ ဖြစ်တဲ့အကြောင်း၊ ဗုဒ္ဓဘုရားရှင်ဟာ ကိုယ့်ရဲ့ အယူဝါဒကိုသာ ဟောပြောပြသ၊ညွှန်ပြတော်မူခဲ့ပြီး အခြား အယူဝါဒ၊ ဘာသာတွေရဲ့ ဟောပြော ၀ါဒဖြန့်မှုတွေကို ပိတ်ပင်တားမြစ်တာမျိုး မလုပ်ခဲ့တဲ့အကြောင်း၊ ကိုယ့်တပည့်သားမြေး သံဃာတော်တွေကိုလည်း အဲလို လုပ်ဖို့ သင်ကြားပြသပေးတာ မရှိခဲ့တဲ့ အကြောင်း ရှင်းလင်း မိန့်ကြားတော် မူကြပါတယ်။ အခုပြသနာမှာဆိုရင် စာရေးဆရာတွေ ဘာမှ ဟောပြောမှု မလုပ်သေးခင် တားမြစ် ပိတ်ပင်တာမျိုး ဖြစ်ပါတယ်။ တကယ်တော့ လူတစ်ယောက် လွတ်လပ်စွာ ဟောပြောခွင့်ဟာ သူ့အခွင့်အရေး ဖြစ်ပါတယ်။ ဒါကို ဘယ်သူကမှ တားမြစ် ပိတ်ပင်တာမျိုး လုပ်ခွင့်မရှိပါဘူး။ အဲ တကယ်လို့ ဟောပြောတဲ့ဆီမှာ အဲဒီ စာရေးဆရာတွေ၊ လူပုဂိုလ်တွေ အနေနဲ့ တရားဥပဒေက ခွင့်ပြုမထားတာမျိုး ဟောပြောမိခဲ့လို့ ရှိရင်၊ တနည်း ဆရာတော် တစ်ချို့ ကြိုတင် စွတ်စွဲသလို ဘာသာရေးနဲ့ ပါတ်သက်ပြီး ငြိစွန်းမှု ရှိခဲ့တယ် ဆိုလို့ရှိရင် သက်သေ အထောက်အထားတွေနဲ့တကွ တရားရုံးတင် ဥပဒေအရ အရေးယူရုံပါပဲ။ ကြိုတင် ဆင်ဆာလုပ်တာ၊ ကြိုတင် ပိတ်ပင်တားမြစ်တာမျိုး လုပ်ဖို့ မလိုအပ်ပါဘူး။ နောက်ပြသနာ တစ်ခုရှိနိုင်ပါတယ်။ လတ်တလော စာရေးဆရာ ဦးထင်လင်းဦး စာပေဟောပြောပါတယ်။ ဒါကို ဘာသာရေးနဲ့ ငြိစွန်းတယ် ဆိုပြီး တရားရုံးတင် တရားစွဲဆိုဖို့ လုပ်နေပါတယ်။ တကယ်လို့ တရားရုံးက အပစ်မရှိဘူး ဆုံးဖြတ်ရင် ဦးထင်လင်းဦး လွတ်မြောက်ပါမယ်။ ဒါဆို နောင် သူဟောပြောတာကိုလည်း ပိတ်ပင်တားမြစ်ဖို့ မလိုတော့ပါ။ တကယ်လို့ တရားရုံးက ဥပဒေချိုးဖေါက်တယ် ဆိုပြီး တွေ့ရှိ အပစ်ပေးခဲ့တယ် ဆိုရင် သူ့အနေနဲ့ ပစ်ဒါဏ်ချမှတ် ခံရပါမယ်။ ပြီးရင် တရားရုံးကနေ နောက်ထပ် ကာလ ဘယ်လောက် ပြည်သူလူထု ရှေ့မှာ ဟောပြောတာ မလုပ်ရ ဆိုတာမျိုး အမိန့်ချကောင်းလည်း ချနိုင်ပါတယ်။ အဲလို အမိန့်ချခဲ့ရင် ဦးထင်လင်းဦး လိုက်နာရပါမယ်။ နောက်ဆက်တွဲ ဘယ်လို အမိန့်တစုံတရာမှ ချမှတ်တာ မရှိဘူးဆိုရင်တော့ သူ့အပစ်ဒါဏ်က လွတ်မြောက်လာတဲ့အခါ လွတ်လပ်စွာ ဟောပြောခွင့် ရစေရပါမယ်။ သူ့ကို တစ်သက်တာ ဟောပြောခွင့် ပိတ်ပင်တားမြစ်တာမျိုးတော့ လုပ်ခွင့်မရှိပါ။ လက်ရှိ အခြေအနေ မဘသ ဆရာတော် တစ်ချို့က စာပေဟောပြောပွဲမှာ ပါဝင်တဲ့လူတွေကို ပိတ်ပင်ပေးပါလို့ တောင်းဆိုသည်ထားဦး။ တကယ့်လက်တွေ့ ဥပဒေအတိုင်း ဆောင်ရွက်ရမှာက အာဏာပိုင် အဖွဲ့အစည်း ဖြစ်ပါတယ်။ အာဏာပိုင်အဖွဲ့အစည်းဟာ ဒီတောင်းဆိုမှုကို ကျိုးကြောင်း ခိုင်လုံမှုမရှိဘူးဆိုရင် ပယ်ချပြီး စာပေဟောပြောပွဲ ကျင်းပဖို့ ခွင့်ပြုပေးရပါမယ်။ မလိုလားအပ်တဲ့ ပြသနာပေါ်နိုင်တယ် ဆိုတဲ့ စကားလုံးမျိုး၊ ဥပဒေနဲ့ မလျော်ညီတဲ့ အကြပ်ကိုင် ခြိမ်းခြောက်မှုမျိုး လုပ်လာတာ ရှိရင် ဥပဒေနဲ့ အညီ အကာအကွယ်ပေးဖို့ပဲ ရှိပါတယ်။ အာဏာပိုင် အဖွဲ့အစည်းတွေရဲ့ တာဝန်ဟာ ဥပဒေနဲ့အညီ ဆောင်ရွက်ရေးပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် အခု ပြသနာမှာ စာရေးဆရာ တစ်ချို့ရဲ့ လွတ်လပ်စွာ ဟောပြောခွင့်ကို သာစည်က ငါးဆူကျောင်းတိုက် ဆရာတော် ဦးပဏ္ဍိစ္စ နဲ့ ရဟန်းတစ်ချို့က သူတို့ရဲ့ သီးခြား ဆန္ဒနဲ့ တားမြစ် ပိတ်ပင်တာမျိုးမဟုတ်ပဲ မဘသ ဆိုတဲ့ အဖွဲ့အစည်း နာမည် အသုံးပြုထားတာကြောင့်၊ ဒါဟာ မဗသ ဗဟို အဖွဲ့ကြီးရဲ့ သဘောထား ဟုတ်မဟုတ် ထုတ်ပြန်ပေးဖို့ လိုပါလိမ့်မယ်။ ဗုဒဘာသာ အမျိုးဘာသာ စောင့်ရှောက်ရေး အဖွဲ့ရဲ့ လုပ်ငန်းဆောင်တာတွေမှာ လူတစ်ဦးတစ်ယောက်ရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို တားမြစ်ပိတ်ပင်ဖို့ ဆိုတာမျိုး ပါသလား ဆိုတာကိုလည်း ရှင်းလင်းပြောကြားဖို့ လိုပါတယ်။ ဗုဒဘာသာ ရဟန်းတစ်ချို့ဟာ သိပ်မကြာသေးခင်တုန်းက ရှေ့နေဦးကိုနီ၊ ၈၈ ပွင့်လင်းအဖွဲ့က ကိုမြအေး တို့ရဲ့ ဟောပြောမှုတွေကို လိုက်လံ ပိတ်ဆို့ဖူးပါတယ်။ ဘာသာခြားတွေ ဖြစ်တယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ပါ။ အခုတစ်ခါ လိုက်လံ ပိတ်ပင်နေသူတွေကတော့ ဗုဒဘာသာဝင်တွေ ဖြစ်ကြပါတယ်။ တကယ်တော့ တစ်ပါးသူရဲ့ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေကို လိုက်လံ ပိတ်ပင်ဟန့်တားတာ၊ ခြိမ်းခြောက်တာ၊ အကြပ်ကိုင်တာ၊ အန္တရာယ်ပြုတာတွေကို လုပ်နေကြတာဟာ အစွန်းရောက်တွေသာ ဖြစ်ပါတယ်။ လက်ရှိ ထင်ရှားတဲ့ သာဓက အဖြစ် နိုင်ငံတကာက အစ္စလာမ်မစ် အစွန်းရောက်တွေဖြစ်တဲ့ အိုင်အက်စ် အဖွဲ့၊ ဘိုကိုဟာရမ် အဖွဲ့တွေဟာ အဲလို အပြုအမူမျိုး လုပ်နေကြပါတယ်။ ဒီအတွက် နိုင်ငံနဲ့ ပြည်သူတွေအတွက် ဘယ်လိုမှ အကျိုးမရှိနိုင်တဲ့ လွတ်လပ်စွာ ဟောပြောမှုကို တားမြစ်ပိတ်ပင်နေတဲ့ လုပ်ရပ်မျိုးကို ဆရာတော် သံဃာတော်များကိုယ်တိုင် ဝေဖန်သုံးသပ် လမ်းညွှန်မှု ပြုပေးကြပါလို့ မေတ္တာရှေ့ထား လျောက်ထားအပ်ပါသည် ဆရာတော် သံဃာတော် အရှင်သူမြတ်တို့ ဘုရား။ စည်သူအောင်မြင့်။

No comments: