မြန်မာပြည်ကို ပြောင်းလဲချင်ရင် အရင်ဆုံးကိုယ့်ကိုကိုယ် ပြောင်းလဲပါ
 Food not Bombs အဖွဲ့ရဲ့ လှုပ်ရှားမှုများ (ဓာတ်ပုံများ-Food not Bombs myanmar facebook) အောက်ခြေလူတန်းစားဈေးသည်တွေဆီက ၀ယ်ယူပြီး လမ်းဘေးလေလွင့်နေတဲ့ အိမ်ခြေ ယာခြေမဲ့ လူတန်းစား ကလေးသူငယ်တွေ သက်ကြီးရွယ်အိုတွေကို လိုက်လံ လှူဒါန်းနေတဲ့ မြန်မာပြည်က ပန့်ခ်(punk) လူငယ်တွေ အကြောင်းဟာ စိတ်ဝင်စားစရာ ကောင်းပါတယ်။ ပန့်ခ် ပုံစံ နေထိုင်မှုဘ၀တွေနဲ့ ဒီ လူငယ်တွေဟာ လမ်းဘေး လေလွင့်နေတဲ့ သူတွေအတွက် ပရဟိတ အလှူရှင်တွေပါ။ သူတို့အဖွဲ့ကို “Food not Bombs” လို့ အမည်ပေးထားပါတယ်။ ၂၀၁၃ ခုနှစ်ကစလို့ ဒီလို ပရဟိတအလုပ်တွေ လုပ်ကိုင်လာကြတဲ့ အဲ့ဒီအဖွဲ့မှာ အဖွဲ့ဝင်ပေါင်း အမျိုးသား၊ အမျိုးသမီး၂၀ ကျော်ပါဝင်ပါတယ်။ သူတို့အဖွဲ့ရဲ့ ပရဟိတ စိတ်ဓာတ် နဲ့ လုပ်ကိုင်မှုတွေအကြောင်း ဧရာဝတီဘလော့ဂ်က မေးမြန်းထားတာ ကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ မေး။ ။ ဘာကြောင့် Food not Bombs လို့ အမည်ပေးထားတာပါလဲ။ ဖြေ။ ။ Food not Bombs ဆိုတာ ကျနော်တို့ ကိုယ်တိုင် စဉ်းစားထားတဲ့ နာမည်မဟုတ်ပါဘူး။ သူက ကမ္ဘာတ၀ှမ်းမှာရှိပါတယ်။ ကျနော်တို့ကတော့ Food not Bombs Myanmar ဆိုပြီးတော့ပေါ့။ သူ့ မူရင်းကတော့ အမေရိကားကပါ။ ၁၉၈၀ ကျော်လောက်ကတည်း စပြီးတော့ စစ်ပွဲဆန့်ကျင်ရေးတွေ ဆင်းရဲသားတွေ ဘက်က ရပ်တည်ပေးရေးတွေ နောက်ပြီးတော့ သဘာဝပတ်ဝန်းကျင်လှုပ်ရှားမှုတွေ ပါတယ်။ အခုဆိုရင် Food not Bombs ဟာ တကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းကြီး ဖြစ်နေပြီ။ Food not Bombs စပိန်၊ Food not Bombs အင်ဒိုနီးရှား၊ Food not Bombs ဖိလစ်ပိုင်ဆိုပြီးတော့ ကျနော်တို့ကလည်း Food not Bombs မြန်မာဆိုပြီး တော့ စလိုက်တာပေါ့။ ဒါပေမယ့် တခုတော့ရှိပါတယ်။ တနိုင်ငံနဲ့ တနိုင်ငံ လူနေမှု စရိုက်၊ ယဉ်ကျေးမှုချင်း မတူတော့ Food not Bombs တွေရဲ့ လှုပ်ရှားမှုနဲ့ ပတ်သက်ပြီးတော့ ကွဲပြားခြားနားမှုတော့ ရှိတာပေါ့။ မေး။ ။ Food not Bombs မြန်မာရဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ချက်ကို သိချင်ပါတယ်။ ဖြေ။ ။ အဓိက ကျနော်တို့ ဦးစားပေးတာကတော့ လမ်းဘေးနေလူတန်းစားပေါ့။ ဘာကြောင့်လည်းဆိုတော့ မိဘမဲ့ကလေးဂေဟာတို့ကျတော့ သူ့ဟာနဲ့သူ လည်ပတ်နေတာလေ။ အဖွဲ့အစည်းတွေ အသင်းအဖွဲ့တွေနဲ့ အမြဲတမ်းလည်ပတ်နေတော့ ကျနော်တို့ကျတော့ လမ်းဘေးနေ လူတန်းစားကို အဓိက ထားတာပါ။ ကလေးတွေကို သူတို့နဲ့ ပေါင်းပြီးတော့ ကျနော်တို့က educate လုပ်ပေးပါတယ်။ educate ဆိုတာက ကျနော်တို့က ကျောင်းဆရာ မဟုတ်တော့ စာတော့မသင်တတ်ဘူး။ ဒါပေမယ့်ကလေးတွေ ကိုယ်နဲ့ရင်းနှီးပြီး ပျော်လာတဲ့အခါမျိုးကျတော့ (အဓိကအစားအသောက်တင်မကဘဲ သူတို့ပျောက်ဆုံးနေတဲ့ ပျော်ရွှင်မှု တွေကိုပါ တက်နိုင်သလောက်) ကျွန်တော်တို့လုပ်ပေးပါတယ်။ အဖိုးအဖွားတွေဆို ကျနော်တို့က အစားအသောက်တင်မဟုတ်ဘဲ ဆေးဝါးပိုင်းဆိုင်ရာပေါ့။ “အဖွားနေထိုင်ကောင်းရဲ့လား၊ ဘာဆေးသောက်နေလဲ” စသဖြင့်ပေါ့။ သူတို့က အစားအသောက်တင်မက ကြင်နာမှုပါ လိုနေတာပါ။ ဘာဖြစ်လို့လဲဆိုတော့ လမ်းဘေးမှာ အထီးကျန် ဆန်နေတော့လေ။ တချို့ဆို မိသားစု ပစ်သွားတာရှိမယ်။ သားသမီးက ပစ်သွားတာရှိတယ်။ ဘယ်လိုအကြောင်းကြောင့် လမ်းဘေးပေါ်ရောက်ရောက် အနည်းနဲ့အများတော့ အထီးကျန်ခံစားနေကြရတယ်။ ပိုက်ဆံပေးတဲ့ သူက ပိုက်ဆံသာပေးလိုက်ပေမယ့် သူတို့ကို လှည့်ကြည့်ချင်မှ ကြည့်တာ။ အဲ့လိုမျိုးဆိုတော့ ကျနော်တို့တွေက “အဖွားရေ ကျနော်တို့တော့ ဒီညတော့ ဘာလေးချက်လာတယ်။ အဖိုးရေ၊ အန်တီရေ၊ အကိုရေ၊ အမရေ”ဆိုပြီး ကြင်နာမှုလေးပေါ့ နဖူးလေးကိုင်၊ လက်လေးကိုင်၊ ဆိုတော့ သူတို့ရဲ့ ရင်ထဲမှာ လူသားတွေရဲ့လိုအပ်နေတာလေးပါ ရရှိသွားတာမျိုးလေးတွေပေါ့ ကျနော်တို့က လုပ်ပေးပါတယ်။ ဆေးသောက်နေရတဲ့သူဆိုရင်လည်း သူတို့သောက်တဲ့ ဆေးကတ်လေး ယူလာပြီး ၂ ပတ်တခါလောက် ကုန်ရင် ၀ယ်ပေးတာမျိုးလေးတွေကအစ လုပ်ပေးပါတယ်။ မေး။ ။ Food not Bombs ဟာ တနိုင်ငံနဲ့ တနိုင်ငံ လှုပ်ရှားမှုကွာခြားတယ်ဆိုတဲ့နေရာမှာ Food not Bombs မြန်မာရဲ့ လုပ်ဆောင်ချက်တွေက လမ်းဘေးလေလွှင့်နေသူတွေအတွက် ရည်ရွယ်တယ်ဆိုတော့ မြန်မာပြည် မှာ ဒီလိုလူတန်းစားတွေ များနေတယ် ဆိုတဲ့သဘောလား။ ဖြေ။ ။ ဟုတ်ပါတယ်။ မြန်မာပြည်မှာ လမ်းဘေးဈေးသည်ဆိုတာကလည်း ကျနော်တို့ တွေ့နေ၊ မြင်နေရတဲ့ လမ်းဘေး ဈေးသည်တွေက တကယ့်ကို ချို့ချို့တဲ့တဲ့တွေလေ။ သူများနိုင်ငံက လမ်းဘေးဈေးသည်ဆိုတာ တွန်းလှည်းလေး ဘာလေးနဲ့ သူ့ဟာနဲ့သူ။ မြန်မာပြည်ရဲ့ လမ်းဘေးဈေးသည်တွေမှာ တချို့ အဖွားကြီး၊ အဖိုးကြီးတွေဆို အသက်တွေတော်တော်ကြီးတယ်။ တချို့ ခြောက်ဆယ်ကျော် ခုနှစ်ဆယ် အဖွားကြီးက တောင်းကြီးကိုင်ပြီး လျှောက်သွားနေတဲ့ အခါမျိုးကျတော့ အဲ့လိုမျိုးတွေပေါ့။ ဒါ ဥပမာပြောပြတာပါ။သူတို့ကို ထောက်ပံ့ဖို့ကျတော့ ကျနော်တို့ တခုနှစ်ခု ၀ယ်တာထက်စာရင် အကုန်လုံး ဗန်းအပြတ်လိုက် ၀ယ်ချလိုက်ပြီး အဲ့ဒီမုန့်ကိုပဲ လိုအပ်တဲ့ သူတွေကို ပြန်လှူတော့ သူတို့လည်း ၀မ်းသာ ဟိုဘက်လည်း အဆင်ပြေသွားတဲ့ သဘောမျိုးလေးပေါ့။ မေး။ ။ နောက် အဖွဲ့လိုက် လမ်းဘေးမှာ ဖျော်ဖြေ အလှူခံနေတာလည်းတွေ့ရပါတယ်။ အဲ့ဒါကရော..။ ဖြေ။ ။ အလှူခံရတဲ့ ရည်ရွယ်ချက်ကလည်း ကျနော်တို့က သူတို့ဘ၀ထဲကိုဝင်ပြီး ရပ်တည်ခံစားပေးတာပါ။ ကိုယ်သာလမ်းဘေးမှာ ဒီလိုမျိုးဆိုရင်ဆိုတဲ့ စိတ်မျိုးနဲ့ ပြန်ပြီးခံစားတာပေါ့။ သူတို့အတွက် အလှူခံရုံ သက်သက်နဲ့ လမ်းဘေးမှာလိုက်ပြီး သီချင်းလိုက်ဆိုတာ မဟုတ်ပါဘူး။ အဲ့လို အလှူခံတာက ဒါ ပထမဆုံးတကြိမ်ပဲရှိပါသေးတယ်။ ၂၀၁၃ စစလုပ်ချင်းတုန်းကတော့ အပတ်စဉ် တနင်္လာနေ့တိုင်း ကိုယ်မုန့်ဖိုးလေးတွေနဲ့ကိုယ် လှူနေကြတယ်။ ဖျော်ဖြေပြီး အလှူခံတဲ့နေရာမှာ အလှူငွေလိုချင်တာထက် လူတွေကို မက်ဆေ့ခ်ျတခုပေးချင်တာပါ။ ကျနော်တို့တောင် ဒါတွေ လုပ်နေကြပြီ။ ဦးတို့ အဒေါ်တို့လည်း လုပ်သင့်ပါတယ်ဆိုတာမျိုးပေါ့။ ကျနော်တို့ကို အလှူငွေ လှူလာတာထက်စာရင် မုန့်တွေ လှူတာကို ပိုလိုချင်ပါတယ်။ ပိုက်ဆံကျတော့ တချို့မယုံသင်္ကာနဲ့လူတွေ သံသယတွေ ဒါတွေကို ကျနော်တို့ မဖြေရှင်းချင်ဘူး။ ကျနော်တို့အနေနဲ့ကျတော့ ကျနော်တို့ရဲ့ ကိုယ်ပိုင်ပိုက်ဆံနဲ့လည်း ဒီအလှူကို လုပ်နိုင်တယ်။ အလှူရှင်တွေအနေနဲ့လည်း အခြေခံလူတန်းစားတွေဆီက ၀ယ်ပြီး အဲ့ဒါကို လိုအပ်တဲ့သူတွေဆီ ပြန်လှူတော့ ကောင်းတာပေါ့။ ပြောရရင် ကျနော်တို့က အရမ်းကြီးမားတဲ့ အဖွဲ့အစည်းမဟုတ်တော့ အလှူရှင်တွေယုံအောင် သက်သေပြဖို့ မပြဖို့ကျတော့ ကျနော်တို့ဆီ ၀င်လေ့လာမှ ရမှာလေ။ မဖြစ်မနေ အလှူငွေပဲ လှူချင်တယ် ဆိုရင်တော့ ကျနော်တို့လက်ခံပါတယ်။ ဖျော်ဖြေပြီး အလှူခံသွားတာက ဆက်လုပ်ဦးမှာပါ။ special event ပေါ့။ ပြီးခဲ့တဲ့ စနေကဆို ကျနော်တို့ လှိုင်သာယာမှာသွားလုပ်တယ်။ အဲ့ဒါမျိုးဆို special event ပေါ့။ နောက်တခါ special event ကြုံလာတဲ့အခါမျိုးကျရင်လည်း ကျနော်တို့ ဖျော်ဖြေပြီး အလှူခံဦးမှာပါ။ မေး။ ။ အဖွဲ့ဝင်တွေက ဒီလို ပရဟိတအလုပ်အပြင် တခြား ပြင်ပအလုပ် ဘာလုပ်ကိုင်ကြသေးလဲ။ ဖြေ။ ။ တယောက်နဲ့ တယောက် အလုပ်တွေ မတူကြဘူး။ ကျနော်တို့ထဲမှာ ဟိုတယ်မှာ လုပ်တဲ့သူတွေရှိတယ်။ သဘောင်္သားတွေရှိတယ်။ ကျနော်ဆိုရင်လည်း ကျနော့ကိုယ်ပိုင်အလုပ်ပေါ့။ တီရှပ်လေးတွေကို စတစ်ကာ ရိုက်ပြီးတော့ ဆိုင်မှာရောင်းတယ်။ နယ်တွေဖြန့်တယ်။ တယောက်နဲ့ တယောက်အလုပ်မတူကြဘဲနဲ့ အားလုံး စုထားတာပါ။ ဖက်ရှင်ဆိုင်တွေမှာ လုပ်တဲ့သူတွေလည်းရှိတယ်။ စလုပ်တုန်းကလည်း ကျနော်တို့ ကိုယ်ပိုင် ၀င်ငွေ လေးတွေနဲ့ စကြတာပါ။ တယောက် ငါးရာ၊ တထောင်နှစ်ထောင် အဲ့လိုမျိုးစုပြီး စလုပ်ကြတာပါ။ အဲ့လို မျိုးလေး စလုပ်ရင်းနဲ့ ကျနော်တိုလို့မျိုး အရွယ်တူ လူငယ်တွေက ကျနော်တို့ လုပ်ရပ်လေးတွေကို ကြိုက်လို့ သူတို့ပါ ၀င်လာရင်း နောက်ပိုင်း တဖြည်းဖြည်းဖြစ်လာတာပေါ့။ နောက်ပိုင်းအလှူငွေတွေကို သူငယ်ချင်းတွေက ပေးရင်းနဲ့ များလာတဲ့အခါကျတော့ လှိုင်သာယာတို့ ရွှေပြည်သာတို့ ဒလတို့ဘက်တွေက ဆင်းရဲသား ပြည်သူ တွေရဲ့ ရပ်ကွက်တွေထဲ ဆင်းပြီးတော့ ထမင်းတွေချက်ပြီး လှူကြ၊ အလှူတင်မဟုတ်ဘဲ ကလေးတွေနဲ့ ဂိမ်း တွေဆော့ကြ၊ သီချင်းတွေဆို၊ ပုံပြင်တွေပြောနဲ့ အားလုံး ပျော်ရွှင်မှုတွေ လုပ်ပေးကြတာပေါ့။ တကယ်လို့ အလှူငွေ မရှိလည်း ကျနော်တို့ ကိုယ်ပိုင်ပိုက်ဆံနဲ့လှူကြပါတယ်။  မေး။ ။ ပုံမှန်ဘယ်လိုရက်တွေ ဘယ်လိုနေရာတွေကို အဓိက သွားလှူဖြစ်လဲ။ ဖြေ။ ။ အဓိကကတော့ ကျနော်တို့ ပုံမှန်ကတော့ တနင်္လာနေ့ ညပိုင်းကို အခြေခံလူတန်းစားတွေရှိတဲ့ နေရာတွေ ကျနော်တို့လိုက်ပတ်ပြီးတော့ အများစုကတော့ မြို့ထဲတွေ ဘူတာရုံတွေ သိမ်ကြီးဈေးထောင့်တွေ ကျနော်တို့ အကုန်လိုက်မွှေတာပဲ။ လူများရင် ကျနော်တို့ လူခွဲပြီးရှာတယ်။ တွေ့ရင် ကျနော်တို့ မုန့်လေး အလှူလုပ်လို့ လက်ခံပါပေါ့။ သူတို့ဆီက အရင်ခွင့်တောင်းတာပေါ့။ သူတို့လည်း လူသားတွေမို့ ကလေးပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် သူတို့မှာလည်း လူ့ဂုဏ်သိက္ခာ ရှိတယ်လေ။ အဲ့ဒါကိုလည်း ကျနော်တို့က တန်ဖိုးထားပါတယ်။ သူတို့လိုချင်မှ ပေးတာပါ။ တချို့ကျတော့လည်း စားပြီးသွားပြီဆိုပြီးတော့ ငြင်းပါတယ်။ မေး။ ။ ဒီမှာ ထူးခြားတာက Food not Bombs အဖွဲ့ဝင်တွေရဲ့ ၀တ်စားဆင်ယင်မှုက ပန့်ခ်(punk) ပုံစံ ဖြစ်နေတဲ့အနေအထားကို ရှင်းပြပေးပါဦး။ ဖြေ။ ။ ၀တ်စားဆင်ယင်မှုမဟုတ်ဘူးခင်ဗျ။ ကျနော်တို့ ဘ၀ နေထိုင်မှုကိုက ပန့်ခ် ပုံစံပဲ။ ကျနော်တို့ အလုပ်သွားရင်လည်း ဒီပုံစံပဲ။ ကျနော့ဆိုင်မှာဆိုရင်လည်း ဒီပုံစံပဲ။ တချို့ကျတော့ ကျနော်တို့က အခုလိုဖျော်ဖြေပြီး အလှူခံတော့မှ သက်သက်ကြီးဝတ်လာတယ်လို့ ထင်မှာစိုးလို့။ အဖွဲ့ဝင်တွေထဲမှာ ပန့်ခ်သမားတွေပိုများတယ်ပေါ့။ ပန့်ခ်သမားမဟုတ်ဘဲနဲ့ ပရဟိတကို သဘောကျတဲ့ လူငယ်တွေလည်း ပါပါတယ်။ မေး။ ။ ပန့်ခ်ပုံစံ ၀တ်စားနေထိုင်တဲ့ လူငယ်တွေရဲ့ ပရဟိတ အလုပ်တခုအပေါ် သာမာန်လူတွေရဲ့ အမြင်မှာ အထူးအဆန်းဖြစ်နေတယ်လို့ မြင်မိလား။ ဖြေ။ ။ မြင်မိပါတယ်။ ဆန့်ကျင်ဘက်ကြီး နှစ်ခုဖြစ်နေတာပေါ့။ ဆန့်ကျင်ဘက်ဆိုတာက တော်ရုံတန်ရုံက ပန့်ခ်ဆိုရင် လူတိုင်းရဲ့ မျက်စိထဲမှာ မူးယစ်ရမ်းကားနေတဲ့ လူငယ်တစုပေါ့၊ ကျနော်တို့ ဒီအလုပ်လုပ်တာ သူတို့စိတ်ထဲမှာ ၀မ်းလည်းသာတယ်။ ကြည်လည်းကြည်နူးတယ်။ အားလည်းပေးကြတယ်။ ဒါပေမယ့် ကျနော်တို့ကကျတော့ လူတွေလက်ခံအောင် တကူးတက ပေါ်ပင်လိုက်လုပ်တာမဟုတ်ဘူး။ ကျနော်တို့လုပ်တာကို လူတွေ လက်ခံသွားတာလို့ မြင်တယ်။ ကျနော်ဆို အခုလို ပန့်ခ်ဘ၀နဲ့နေလာတာ ၉ နှစ်ကျော် ၁၀ နှစ်လောက်ရှိပြီ။ ကျနော့တို့ကို မြင်တဲ့ အမြင်တွေကို တော်လှန်တယ်။ ဆန့်ကျင်တယ်။ သက်သေပြတာပေါ့။ ကျနော်တို့ ၂၀၁၁ တုန်းကလည်း ငြိမ်းချမ်းရေး ဆန္ဒပြပွဲ လမ်းလျှောက် တာတွေဟာ ကျနော်တို့ ဘ၀နေထိုင်မှုကနေ ပြောတဲ့ သဘောပါပဲ။ မေး။ ။ အခုလို လုပ်လာတဲ့အပေါ်ကို လူတွေရဲ့ မေတ္တာ ပြန်ရလိုက်တယ်လို့ရော မြင်မိလား။ ဖြေ။ ။ ဘာပဲဖြစ်ဖြစ် ပုထုဇဉ်လူသားတယောက်အနေနဲ့ ကိုယ်လုပ်တဲ့ လုပ်ရပ်တခုကို လက်ခံလာတယ် ဆိုရင်တော့ အနည်းနဲ့အများတော့ ၀မ်းသာတာပေါ့။ ပီတိဖြစ်တာပေါ့။ အကြောင်းအမျိုးမျိုးကြောင့် လက်မခံဘူး ဆန့်ကျင်ဘက် မြင်လာမယ်ဆိုရင်လည်း ကျနော်တို့ လုပ်နေတဲ့ လုပ်ရပ်က ရပ်သွားမှာမဟုတ်ပါဘူး။ ဝေဖန်တာကိုတော့ ကျနော်တို့သိပ်ပြီး ဂရုမစိုက်တတ်တော့ဘူး။ ဘာကြောင့် လည်းဆိုတော့ ကျနော်တို့သည် ပန့်ခ်စလုပ်လိုက်ကတည်းက လမ်းပေါ် ထွက်လိုက်တာနဲ့ အကုန်လုံး ဆဲနေကြတာကို နားရေ၀နေပြီ။ မေး။ ။ များသောအားဖြင့် လူတယောက်ကို အပေါ်ယံပဲ ကြည့်ပြီး ဝေဖန်တတ်တဲ့ မြန်မာပြည် လူ့ အသိုင်းအ၀ိုင်း ကို ၀တ်စားနေထိုင်မှုနဲ့ စိတ်ဓာတ်ဟာ ကွာခြားပါတယ်လို့ ပြလိုက်နိုင်လိုက်တယ်လို့ရော ယူဆမိပါလား။ ဖြေ။ ။အဲ့ဒါက ပန့်ခ်တွေမှ မဟုတ်ပါဘူး။ ကျနော်တို့ လုပ်လိုက်တဲ့ လှုပ်ရှားမှုက ရိုးရိုး လူငယ်လူတန်းစားတွေ အများကြီးရှိတယ်။ တချို့ ပန့်ခ်မဟုတ်ပေမယ့် ဂေါ်လီဆန်ဆန် အ၀တ်အစားတွေ ၀တ်စားကြတဲ့ လူငယ်တွေ အများကြီးရှိတယ်။ ဒီလှုပ်ရှားမှုဟာလည်း အဲ့ဒီလူငယ်တွေဘက်ကပါ ရပ်တည်ပေးလိုက်တဲ့ သဘောမျိုးပါ။ တချို့ဆို လက်မှာ တက်တူးအပြည့်နဲ့လူတွေကိုဆို ၀ိုင်းပြီး ကဲ့ရဲ့ကြတယ်၊ ရှုံချကြတယ်။ အဲ့လိုလူတွေမှာလည်းပရဟိတ စိတ်မျိုးတွေရှိတယ် ဆိုတာကိုဖော်ပြ လိုက်ခြင်းတမျိုးပါပဲ။ မေး။ ။ အောက်ခြေ လူတန်းစားတွေထဲအထိ ၀င်ရောက်ခံစားပြီး လုပ်ကိုင်နေတဲ့ Food not Bombs အဖွဲ့ကနေ မြန်မာပြည်သူတွေရဲ့ ဘ၀တွေ လိုအပ်ချက်တွေအပေါ် ဘာပြောချင်ပါသေးလဲ။ ဖြေ။ ။ ကျနော်တို့ရဲ့ခံယူချက်ကတော့ သမ္မတ ဘာလုပ်နိုင်လဲ။ နိုင်ငံခေါင်းဆောင်တွေ ဘာလုပ်နိုင်လဲ ထိုင်ပြီးအပြစ်ပြောရုံ သက်သက်တော့ မလုံလောက်ပါဘူး။ ကိုယ်ကိုယ်တိုင် ဘာလုပ်နိုင်လဲဆိုပြီး ထလုပ်တာတော့ အကောင်းဆုံးပါ။ မြန်မာနိုင်ငံကို ပြောင်းချင်တာပဲဖြစ်ဖြစ် ကမ္ဘာကြီးကိုပြောင်းချင်တာပဲဖြစ်ဖြစ် အရင်ဆုံး ကိုယ့်ကိုကိုယ် ပြောင်းလဲသင့်တယ်လို့ မြင်ပါတယ်။ ဧရာဝတီ
No comments:
Post a Comment