Thursday, December 18, 2014

လူထုနှင့် နိုင်ငံ့အနာဂတ်

လူထုနှင့် နိုင်ငံ့အနာဂတ်

၂ဝ၁၅ ရွေးကောက်ပွဲကာလ ရောက်ရှိရန် သိပ်မကြာလှတော့ပေ။ ရွေးကောက်ပွဲကော် မရှင်ဥက္ကဋ္ဌက လာမည့် ၂ဝ၁၅ ဩဂုတ်လမတိုင်မီ တရားဝင်ထုတ်ပြန်မည်ဟု ပြောထားသည်။ လက်ရှိအစိုးရ၏ လက်ကျန်သက်တမ်းမှာလည်း များစွာမကျန်ရှိတော့ပေ။ လက်ရှိ မြန်မာနိုင်ငံ၏ ဖြစ်ပေါ်ပြောင်းလဲမှုများက စိတ်ဝင်စားစရာဖြစ်နေသလို ဝေဖန်မှုများ သုံးသပ်မှုများလည်း မကြာခဏ ထွက်ပေါ်လျက်ရှိသည်။ ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတွင် အရေးကြီးသော အကူးအပြောင်းကာလအတွက် စိန်ခေါ်မှုများ ရှိနေကြောင်း ဖော်ပြထားသည်။ အထူးသဖြင့် ၂ဝ၁၅ ခုနှစ်အတွင်း ကျင်းပရန်ရှိသော ရွေးကောက်ပွဲနှင့် အတူ ဖြစ်ပေါ်လာမည့် ပြုပြင်ပြောင်းလဲမှုများက အဓိကစမ်းသပ်မှုများ ဖြစ်လိမ့်မည်ဟု သုံးသပ်ထားသည်။ နိုင်ငံရေးတည်ငြိမ်မှုက နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကဖြစ်သည်။ နိုင်ငံရေးတည်ငြိမ်မှု၏နောက်တွင် စီးပွားရေး အခွင့်အလမ်းများဖြင့် အခြားကဏ္ဍအသီးသီးကိုပါ ကောင်းမွန်သော သက်ရောက်မှုများ ဆင့်ပွားပေါ်ပေါက် စေမည်ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှု အပြောင်းအလဲများအတွက် စိန်ခေါ်မှုများက အမြဲတစေ စောင့်ကြိုလျက်ရှိနေသည်။ လူထုအနေဖြင့်လည်း ယခုထက်ပိုမိုကောင်းမွန်သော နိုင်ငံရေးစနစ်မျိုး လိုလားမျှော်လင့် နေကြသည်။ ယောင်ပြမဟုတ်သော ဒီမိုကရေစီစစ်စစ် ပေါ်ပေါက်လာရန် ပိုမိုမျှော်လင့်နေကြသည်။ နိုဝင်ဘာ ၂၅ ရက်တွင် ပြည်ထောင်စု လွှတ်တော်က မြန်မာနိုင်ငံရေး ရှေ့ခရီးအရွေ့အတွက် အရေးပါသော ခြောက်ပွင့်ဆိုင် တွေ့ဆုံရေးအဆို အတည်ပြုခဲ့သည်။ အဆိုပါ ခြောက်ပွင့်ဆိုင်တွင် နိုင်ငံတော်သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် တိုင်းရင်းသားအစုအဖွဲ့မှ ဒေါက်တာအေးမောင်တို့ ပါဝင်မည့် ဆွေးနွေးပွဲပြုလုပ်ရန် ဖြစ်သည်။ ယင်းကဲ့သို့ ပြည်ထောင်စုလွှတ်တော်၏ တိုက်တွန်းမှုအပေါ် သမ္မတအနေဖြင့် လက်ရှိအထိ အကြောင်းပြန်ကြားခြင်း မရှိသေးပေ။ ခြောက်ပွင့်ဆိုင် တွေ့ဆုံရေးအဆို ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုခဲ့ပြီး ၁၄ ရက်အကြာတွင် အဆိုပါ ခြောက်ပွင့်ဆိုင်အစား တိုင်းရင်းသား မျိုးနွယ်စုများခုနစ်ခုမှ ကိုယ်စားလှယ်များ ထပ်မံပါဝင်စေကာ ၁၂ ပွင့်ဆိုင် တွေ့ဆုံရေး ပြုလုပ်သင့်ကြောင်း ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုတစ်ရပ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က တင်သွင်းလာခဲ့သည်။ ယင်းအဆိုမှာ ကန့်ကွက်သူ အနည်းငယ်သာရှိပြီး အတည်ဖြစ်ခဲ့သည်။ ယင်းနောက်တွင်တော့ ဝေဖန်မှုများ ထွက်ပေါ်လာပြီး လူထုကလည်း ငြီးတွားခဲ့ကြသည်။ လတ်တလောတွင်တော့ အားလုံးက စောင့်ကြည့်နေသည့် အခြေအနေပင်ဖြစ်သည်။ ထို့ပြင် ၂ဝ၁၅ အပြောင်းအလဲသည် မြန်မာနိုင်ငံအတွက် အရေးပါနေကြောင်းလည်း သုံးသပ်နေကြသည်။ တစ်ဖက်တွင်လည်း တိုင်းရင်းသားဒေသအချို့၌ တစ်ကျော့ပြန်ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် စိုးရိမ်မှုများရှိနေကြသည်။ ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံ အကူးအပြောင်းကာလတွင် ဆင်းရဲနွမ်းပါးမှု အဆုံးသတ်ခြင်းနှင့် အားလုံးမျှဝေပိုင်ဆိုင်သည့် သာယာဝပြောမှုကို မြှင့်တင်ခြင်း အစီရင်ခံစာအနှစ်ချုပ်တွင် ကောင်းမွန်သော အချက်အချို့ ပါဝင်လာသည်။ ဤသည်မှာ အသွင်ကူးပြောင်းရေးကာလ စီးပွားရေးဖွံ့ဖြိုးမှုအရှိန်နှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်မှု၊ ပြည်ပပို့ကုန် အခြေအနေ စသည်ဖြင့် ရင်းနှီးမြှုပ်နှံမှုများ၊ ကုန်ထုတ်လုပ်ငန်းများ တိုးတက်လာခြင်းဖြင့် စီးပွားရေးအခြေအနေ တိုးတက်နိုင်ခြေရှိကြောင်း သုံးသပ်ထားသည်။ သို့ပါ၍ နိုင်ငံ၏ ပထဝီအနေအထားအရ လည်းကောင်း ကောင်းမွန်သော အပြောင်းအလဲများအတွက် အချိန်ကောင်းတစ်ခု ဖြစ်နေခြင်းသည် လည်းကောင်း အဘက်ဘက်က နိမ့်ကျနေသော နိုင်ငံအတွက် လူထုနှင့်တိုင်းပြည် အနာဂတ်ကို ထောက်ထား၍ လုပ်ဆောင်ကြပါရန် The Daily Eleven သတင်းစာက တိုက်တွန်းအပ်ပါသည်။ Eleven Media

No comments: