Wednesday, December 3, 2014

KIA ဖမ်းဆီးသွားသော ဒေသခံ(၃)ဦး ငွေသိန်း ၃၀ ပေးမှ ပြန်လွတ်လာ KIA ဖမ်းဆီးသွားသော ဒေသခံ(၃)ဦး ငွေသိန်း ၃၀ ပေးမှ ပြန်လွတ်လာ

 KIA ဖမ်းဆီးသွားသော ဒေသခံ(၃)ဦး ငွေသိန်း ၃၀ ပေးမှ ပြန်လွတ်လာ

ဒီဇင်ဘာလ ၂ရက်၊ ၂၀၁၄ ကချင်ပြည်နယ်၊ မိုးညှင်းမြို့၊ အောင်သပြေရပ်ကွက်အနီးတွင် ဖမ်းဆီးခံရသော ဒေသခံ ၃ ဦးသည် နိုဝင်ဘာ ၃၀ ရက်နေ့၌ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)အဖွဲ့ထံမှ ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။ အဆိုပါဖြစ်စဉ်မှာ နိုဝင်ဘာ ၂၈ ရက်နေ့ နေ့လည် ၂ နာရီခွဲချိန်ခန့်တွင် အောင်သပြေရပ်ကွက် အရှေ့ဘက် ၂ မိုင်ခန့် အကွာ နေရာတွင် KIA အဖွဲ့မှ ဒေသခံ ၃ ဦးအား လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။ “ ဟိုတစ်နေ့ကတော့ သုံးယောက်လုံး ပြန်လွှတ်လာတာ မြင်တယ်၊ အဲဒီအထဲမှာ မြေတိုင်းစာရေးတစ်ယောက်လည်း ပါတယ်လို့ အသံကြားတယ်၊ ငွေဘယ်လောက် ပေးလိုက်ရသလဲတော့ မသိဘူး ” ဟု မြို့ခံတစ်ဦးက ပြောသည်။ KIA အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားသော ဒေသခံ ၃ ဦးမှာ ဦးစိုးထွန်း (၃၆)နှစ်၊ ဦးအောင်စိုးထွန်း(၂၇)နှစ်၊ မြေတိုင်း စာရေးအဆင့်(၄)၊ မိုးညှင်းခရိုင်မြေစာရင်းရုံး၊ ဦးကျော်ဝင်း(၅၈)နှစ်တို့ ဖြစ်ကြောင်း သိရသည်။ “ တစ်ယောက်ကို ငွေ ၁၀ သိန်းနှုန်းနဲ့ သိန်း ၃၀ ပေးလိုက်ရတာပေါ့၊ ငွေပေးလို့သာ ပြန်လွှတ်တာ၊ ငွေမပေးနိုင်ရင် KIA တပ်ထဲ ၀င်ရမှာလေ၊ ဒီဒေသမှာ KIA အဖွဲ့ရဲ့ ဥပဒေမဲ့လုပ်ရပ်တွေကို တားဆီးမယ့် ဌာနဆိုင်ရာအဖွဲ့အစည်းမျိုး ဒါမှမဟုတ် တပ်မတော်စစ်ကြောင်းတွေ ရှိသင့်တယ်လို့ ထင်တယ် ” ဟု ဆွေမျိုးတော်စပ်သူတစ်ဦးက ပြောကြား သွားသည်။ အဆိုပါ ဒေသခံ ၃ ဦးသည် ဖမ်းဆီးခံထားရသော ဒေသအခေါ် လခြမ်းတောင်မှ နိုဝင်ဘာ ၃၀ ရက် နေ့လည် ၁၂ နာရီခွဲချိန်ခန့်တွင် ၎င်းတို့၏ နေအိမ်အသီးသီးသို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။ ဇော်မိုင်

No comments: