Saturday, December 20, 2014

ကင်ညာလွှတ်တော်အတွင်း ပဋိပက္ခ ပြင်းထန် ------------------------------------------------------------- ကင်ညာနိုင်ငံရဲ့ လွှတ်တော်တွင်း ဒီဇင်ဘာ ၁၉ ရက်နေ့ နေ့ခင်းပိုင်းအစည်းအဝေးမှာ လုံးထွေးသတ်ပုတ်မှုတွေဟာ ဒီဇင်ဘာ ၁၈ ရက် မနက်ပိုင်းထက် ပိုပြင်းထန်ခဲ့ပါတယ်။ အငြင်းပွားဖွယ် အကြမ်းဖက်မှုဆန့်ကျင်ရေး ဥပဒေမူကြမ်းကို ပြင်ဆင်ဖြည့်စွက်ဖို့ ဆွေးနွေးငြင်းခုံရင်း ပရမ်းပတာ ဖြစ်ခဲ့တာပါ။ လွှတ်တော်ပြောခွင့်ရနဲ့ ဒုပြောခွင့်ရတို့က အဆိုတင်သွင်းထားတဲ့ ဥပဒေမူကြမ်းထဲက ပြင်ဆင်မယ့် စာကြောင်းတွေကို မဲပေးဖို့ ကြိုးစားခဲ့လို့ အတိုက်အခံ အမတ်တွေက သူတို့ရဲ့ ကန့်ကွက်မှုကို သိသာအောင် အစည်းအဝေးကို နှောင့်ယှက်ခဲ့ပါတယ်။ လွှတ်တော် အမတ်တယောက်က ဒုပြောခွင့်ရကို ရေနဲ့ ပက်ခဲ့ပြီး တခြားလွှတ်တော်အမတ်တွေက လွှတ်တော်ပြောခွင့်ရ ဂျပ်စတင် မူတူရီကို စာအုပ်တွေနဲ့ ပစ်ပေါက်ခဲ့ပါတယ်။ ပရမ်းပတာဖြစ်မှုတွေ ပိုတိုးလာလို့ လုံခြုံရေး ဝန်ထမ်းတွေက လွှတ်တော်အမတ်တွေကို ဆွဲထုတ်ခဲ့ရပါတယ်။ နိုင်ရိုဘီမြို့က လွှတ်တော်ကိုယ်စားလှယ်တွေက အကြမ်းဖက်မှုတိုက်ဖျက်ရေး တင်းကြပ်တဲ့ လုပ်ဆောင်ချက်တွေပါတဲ့ ဥပဒေမူကြမ်းရဲ့ ပြင်ဆင်ဖြည့်စွက်ချက်တွေဟာ အရပ်ဘက် အခွင့်အရေးနဲ့ လွတ်လပ်စွာ ပြောဆိုခွင့်ကို ခြိမ်းခြောက်နေတယ်လို့ ပြောတဲ့ တက်ကြွလှုပ်ရှားသူတွေရဲ့ စကားကို ငြင်းခုံ စကားရည်လုကြပါတယ်။ သမ္မတ အူဟူရူ ကင်ညတ်တာကတော့ ၂၀၁၃ နိုင်ရိုဘီကုန်တိုက် တိုက်ခိုက်မှုအပြီး လုံခြုံရေးတိုးမြှင့်ရေး ဖိအားတွေကို ရင်ဆိုင်နေရတာပါ။ သူက ဥပဒေမူကြမ်းကို အတည်ပြုဖို့ လွှတ်တော်အမတ်တွေကို တိုက်တွန်းခဲ့ပါတယ်။ ဥပဒေမူကြမ်းအရ သံသယရှိသူကို လက်ရှိမှာ တရားမစွဲဘဲ ရက် ၉၀ ကြာ ထိန်းသိမ်းထားခွင့်အစား ရက်ပေါင်း ၃၆၀ ထိန်းသိမ်းခွင့်၊ အိမ်ရှင်တွေက အိမ်ငှားတွေရဲ့ သတင်းအချက်အလက်တွေကို ပေးဖို့ အတင်းအကျပ်စေခိုင်းမှုနဲ့ အကြောက်တရားနဲ့ ခြိမ်းခြောက်မှုတွေဖြစ်စေတဲ့ အချက်အလက်တွေကို ပုံနှိပ်တဲ့ မီဒီယာအဖွဲ့အစည်းတွေကို အပြစ်ပေးခွင့်တွေ ပါနေပါတယ်။ ဒီအဆိုပြုချက်တွေရဲ့ အရည်အသွေးပြည့်မီမှုအပေါ် ရှင်းရှင်းလင်းလင်း အဓိပ္ပာယ် ဖွင့်ဆိုမှုလည်း မရှိပါဘူး။ ကင်ညာနိုင်ငံထဲက အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ ကနေဒါနဲ့ သြစတြေးလျတို့ အပါအဝင် နိုင်ငံ ၉ နိုင်ငံက အဖွဲ့တွေက လုံခြုံရေးတိုးတက်အောင် စီမံကိန်းတွေကို ပံ့ပိုးမှာ ဖြစ်ပေမယ့် လူ့အခွင့်အရေးကိုတော့ လေးစားရမယ်လို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ DVB

No comments: