Thursday, December 18, 2014

လွတ်သဘင်ပွဲဆင်နွှဲခါတော်မီ ****************************

လွတ်သဘင်ပွဲဆင်နွှဲခါတော်မီ ****************************

*** လွန်ခဲ့သောနှစ်ပေါင်း (၅၈)နှစ် အတိတ်ကာလကို ပြန်ပြောင်းအောက်မေ့မိသည်။ ပြာသိုလ၏ နံနက်စောစော အရုဏ်ဦးမို့ အထက်ကောင်းကင်ယံတွင်မြူနှင်းတို့ဝေနေသည်။ ချမ်းအေးလိုက်သည်မှာလည်း ခိုက်ခိုက်တုန်၊ ခရီးသည်တင်ဘတ်စ်ကား တွေကမူ နံနက် ၄ နာရီကျော်ကျော် ကတည်းက ရန်ကုန်မြို့တွင်ပြေး ဆွဲနေပြီဖြစ်၏။ (၁၅)နှစ်အရွယ် ရှစ်တန်းကျောင်း သားကလေး ကျွန်တော့်အဖို့ အမေပေးလိုက်သော ဒေါင်းတံဆိပ်နှင့် ဗိုလ်ချုပ်ရုပ်ပုံပါ တစ်ကျပ်တန်ငွေစက္ကူ အနွမ်းလေးတစ်ရွက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ကာ တာမွေအဝိုင်းကြီးမှအမှတ်(၁) ဘတ်စ်ကားကို ၂၅ ပြား ပေးစီး၍ မြို့ထဲသို့ထွက် လာခဲ့သည်။ လမ်းမတော်ရောက်လျှင် ထိုမှတစ်ဆင့် ပြည်လမ်းအတိုင်း ခြေကျင်လျှောက်၍ မြေနီကုန်းဘက်သို့သွားမည်။ ဤလိုသူတကာ အိပ်ရာထက် ကွေးကောင်း၊ အိပ်ကောင်းနေချိန် ချမ်းချမ်းစီးစီး တိုက်ပုံအင်္ကျီအနွမ်းကလေးဝတ်၊ အိတ်နှစ်ဖက်လက်နှိုက်ကာ ဓာတ်မီးတိုင်မီးအောက်လမ်းလျှောက် နေသည်မှာ အကြောင်းရှိသည်။ ထိုနေ့သည် ၁၉၅၇ ခုနှစ် (၉)ကြိမ်မြောက် လွတ်လပ်ရေးအောင်ပွဲနေ့ဖြစ်သည်နှင့်အညီ နံနက် ၆ နာရီခန့်တွင် ဗိုလ်ရှုခံသဘင်အခမ်း အနားရှိသည်။ ယင်းအခမ်းအနားတွင် နိုင်ငံတော် သမ္မတကြီး ဦးဝင်းမောင်နှင့်တကွ ဝန်ကြီးများတက်ရောက်လာမည်ကို အများတကာလို မြင်လိုတွေ့လို၍ ဖြစ်သည်။ ယနေ့ခေတ်ကာလလို မြန်မာ့ရုပ်မြင်သံကြားမှနေ၍ တိုက် ရိုက်နီးနီးကပ်ကပ် မြင်ဖို့၊တွေ့ဖို့ရာ အခွင့်အခါကမသာခဲ့ကြသေး။ သမ္မတ စီးနင်းလိုက်ပါလာမည့် မာစီဒီးကား အနက်ကြီးရှေ့တွင် ယာဉ်ထိန်းရဲမော်တော်ဆိုင်ကယ် ၁ဝ စီးခန့်ရှိမည်ထင်သည်။ ၎င်းတို့ နောက်တွင် မြင်းစီးအဖွဲ့များခြံရံ လိုက်ပါလာပြီးမှ သမ္မတကြီးလိုက်ပါလာကာ ရွှေတိဂုံဘုရား အနောက်ဘက်မုခ် ပြည်လမ်းမကြီးပေါ် ခြင်္သေ့ရုပ်ခံ အဆောက်အအုံတွင် ပြည်သူတို့၏ချစ်ကြည်အရိုအသေပြုခြင်းကို ခံယူမည်။ ယင်းအခမ်းအနားကို အများနည်းတူတွေ့မြင်လိုသူ ကျွန်တော့်အဖို့ အမေ့ထံမှငွေကလေးတစ်ကျပ်ကို ညကတည်းကမရမက ချော့တောင်းကာ ဤပွဲသို့လာခဲ့ရခြင်းဖြစ်ပါ၏။ လူစုလူဝေးလူအုပ်ထဲတွင် စက္ကူအလံကလေးများ ကိုယ်စီကိုင်ဆောင်ထားကြသော ကျွန်တော်တို့ တာမွေတန်းမြင့် ဆရာမကြီးဒေါ်သန်းညွန့်၊ ကျောင်းမှလုံချည်နီဝတ်သူငယ်ချင်းသုံးလေးဦးကို အသင့်သွားတွေ့၍ သူတို့နှင့်အဖော်ပြုကာ လမ်းဘေးတစ်ဖက်တွင် နေရာယူလိုက်သည်။ ကျွန်တော်ကဲ့သို့ မိမိတို့နေအိမ်မှ စောစောစီးစီး ချမ်းချမ်းနှင့်ထလာကြသော ဘဝတူပြည်သူတွေကလည်း လမ်းဘေးဝဲယာတွင် များပြားပါဘိခြင်း။ မကြာမီ ကျွန်တော်တို့ရပ်နေရာ ပေတစ်ရာလမ်းမပေါ်ကို ဖြတ်ကျော်၍ နိုင်ငံတော်သမ္မတကြီးနှင့်အဖွဲ့ကြွချီလာပြီးနောက် ဗိုလ်ရှုခံသဘင်စင်မြင့်ပေါ်တွင် နေရာယူကြသည်။ သမ္မတကြီးဘေးတွင် ရွှေဝါရောင် ခေါင်းပေါင်းစတလူလူဖြင့် နိုင်ငံတော် ဝန်ကြီးချုပ်ဦးနု၊ သူနှင့်ယှဉ်လျက် စစ်ဝတ်စုံဖြင့် ဗိုလ်ချုပ်ကြီးနေဝင်း၊ ပြီးတော့ နှစ်ခြမ်းမကွဲသေးသော ဖဆပလ အဖွဲ့ဝင်ဝန်ကြီးများကိုလည်း ခပ်လှမ်းလှမ်းမှနေ၍ စုံစုံလင်လင် မြင်နေရသည်။ ကျွန်တော်တို့မှာ မိမိနိုင်ငံ၏ အထွတ်အထိပ်ခေါင်းဆောင်များကို စင်မြင့်ပေါ်တွင် တစုတပေါင်းတည်း တွေ့ရ၍ ဝမ်းသာမိကြ၏။ မကြာပါ စည်တော်ရွမ်းပြီးလွတ် သဘင်အခမ်းအနားကို စတင်ဖွင့်လှစ်လိုက်ရာ ကာကီအစိမ်းရောင်ဝတ်စုံဖြင့် ကြည်းတပ်မတော်သားများ၊ အဖြူ ရောင်ဝတ်စုံဖြင့် ရေတပ်မတော် သားများ၊ လေတပ်မတော်သားများနှင့်အတူ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့တို့ပါမကျန် တစုတဝေးတည်း ဗိုလ်ရှုခံစင် မြင့်ပေါ်မှ သမ္မတကြီးကို ဂါရဝပြုကြသည်။ သမ္မတကြီး ဦးဝင်းမောင်၏ ရင်တွင်း၌လည်း ဖော်မပြနိုင်လောက်အောင် ပီတိဖြစ်နေပေလိမ့်မည်ဟုထင်သည်။ မင်းနှင့်ပြည်သူ ကြည်ဖြူကြ၍ အလွန်ကြည်နူးဖွယ်ကောင်းလှသော နံနက်ခင်းဖြစ်တော့သည်။ ထို့ကြောင့်လည်း ဂီတစာဆို ကိုတင်အုန်း (တပင်တိုင်မင်းသားကြီး)က တေးတစ်ပုဒ်ရေးထုတ်ခဲ့သည်။ ယင်းတေးသည် နိုင်ငံတော်အတွက် ဂန္တဝင်တေးတစ်ပုဒ်အဖြစ် ပေါ်လွင်ထင်ရှားလူသိများခဲ့သည်။ မူရင်းသီဆိုခဲ့သူအား (၂၇-၄-၂ဝ၁၂) ရက်က ကွယ်လွန်ခဲ့ရှာသော မြသက်မူဖြစ်ပါသည်။ ဂီတစာဆို လည်းလူ့လောကတွင်မရှိတော့ပါ။ ''လွတ်သဘင်''တေးသီချင်းပေါ်စ (၁၉၆ဝ)ခုနှစ်ခန့်က လူကြီးကလေးမကျန် လူတိုင်းပါးစပ်ဖျားရေပန်းစားခဲ့သည်။ ဆိုဗီယက်ပြန်နွဲ့နွဲ့စန်းတို့၊ ယိုးဒယားပြန်အမာစိန်တို့၏ အငြိမ့်စင်များတွင် ပုဝါဖြူကလေးယမ်း၊ တင်ကလေး တခါခါဖြင့် ဤတေးကို ဆိုပြီးကခဲ့ကြသည်ကို ယနေ့တိုင် မျက်စိထဲပြန်ပေါ်နေဆဲ။ (''ထွတ်မြတ်တဲ့စံဌာနီx x x လွတ် လပ်တဲ့မြန်မာပြည်x x x မချွတ်အစဉ် လွတ်သဘင်ဆင်နွှဲခဲ့ပြီး သဘင်ပွဲနွှဲညံ x x xစည် မြန်မာ့ဟန်ရေး ရှေးထုံး မပျက်အောင် မုရိုးစည်မောင်း ငြိမ့်ညောင်းဝေဝေစည်)''၂ မင်းပေါင်းစုံစုံညီညီ ဗိုလ်ရှုခံ နန်းခန်းမဆီ လျှမ်းပကြိုင်လျှံကာနော်။ နိုင်ငံတော်သမ္မတကြွချီ အောင်လံတော်ကို အလေးပြုကြ ပြီး ဗိုလ်ရှုသဘင်ဆင်ယင်တဲ့အခါမီ ကြည်း၊ ရေ၊ လေ စစ်သမီးမကျန်ရ မြန်မာ့တပ်မတော် စုံစုံညီချီတက်ကာ မနှေးအလေးပြုကြပြီ။ လာလာချေပြီ ပျိုချစ်ဦးလဲ ထူးကဲပာန်ချီ တပ်မတော် ရှေ့တန်းဆီx x xမှန်းဆစရာမြူမစဲ လူလဲမသဲကွဲပြီ မို့မို့မဲမဲသဲသဲညံစီ ကြွေးကြော်နေကြပြီx x x တိုးတိုး ကာလူတွေထဲမေလဲပါနေပြီ။ ပဝါ ဖြူလေးယမ်းကာယမ်းကာ မောင်ကလဲမေ့ကိုတွေ့မည်xxx မေကလဲ မောင့်ကိုတွေ့မည်xxx အားပေး ကြွေးကြော်သံညံစည် လွတ် သဘင်ပွဲဆင်နွှဲခါတော်မီ''။ ။ မောင်ချိုမင်း (ကန္တာရဝတီ) MOI Webportal Myanmar 

No comments: