Tuesday, December 16, 2014

ပြည်သူနဲ့မထိုက်တန် အတိုက်အခံဖြစ်နေပြီလား ▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼

ပြည်သူနဲ့မထိုက်တန် အတိုက်အခံဖြစ်နေပြီလား
▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼
ကနေ့ ကျုပ်တို့နိုင်ငံရဲ့ နိုင်ငံရေးပြကွက်တွေကလည်း လျင်မြန်တဲ့ အကွက်တွေနဲ့ မျက်လှည့်ဆန်ဆန် တစ်မျိုးပြီး တစ်မျိုး မရိုးနိုင်အောင် ရင်သပ်ရှုမော တအံ့တဩ ကြည့်လို့ အလွန်ကောင်းပါတယ်။

ဟုတ်တော့မလိုလို၊ စိတ်ချမ်းသာမှု ရတော့မလိုလို၊ အရှည်ကြာဆုံး ပြည်တွင်းစစ်ကြီးပဲ ပြီးဆုံးသွားတော့ မလိုလို၊ ငြိမ်းချမ်းရေးပဲရ တော့မလိုလို၊ ဆယ့်လေးပွင့်ဆိုင်၊ ခြောက်ပွင့်ဆိုင်၊ လေးပွင့်ဆိုင်ပြီး ညှိနှိုင်း ဆွေးနွေးပွဲတွေက ချက်ချင်းပဲ အပြောင်းအလဲတွေ ဖြစ်တော့မလိုလို၊ ဟိုလိုလို ဒီလိုလို မျှော်လင့်မထား တာတွေ၊ မထင်မှတ်ထားတာတွေ နောက်ဆုံးစိတ်ပျက်သွားရ တော့တာပါပဲ။

ပိုဆိုးတာက ကျုပ်တို့အားထားရတဲ့ အတိုက်အခံအဖွဲ့အစည်းကြီးက မမှားသင့်တဲ့ အမှားတွေ၊ မလုပ်သင့် မလုပ်အပ်တာတွေ လုပ်လာတော့ ပိုပြီးစိတ်ပျက်မိတာပေါ့။ ဒါဟာ အန္တရာယ်ပါပဲ။ လူထု ထောက်ခံမှု မရတဲ့ ပါတီအဖွဲ့အစည်းဟာ ဘယ်တော့မှအောင်မြင်နိုင်မှာ မဟုတ်ပါဘူးဆိုတာ အတိုက်အခံ ပါတီအနေနဲ့ သိရှိပြီး သားပါ။

နိုဝင်ဘာ ၁၉ ရက်က ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) စစ်ဌာနချုပ် ရှိရာ လိုင်ဇာမြို့အနီး လက်နက်ကြီးကျပြီး KIA စစ်သင်တန်းသား ၂၀ ကျော်ကျဆုံး ခဲ့ပါတယ်။ ဒါကိုပဲ NLD အဖွဲ့ချုပ် က နိုဝင်ဘာ ၂၄ ရက်မှာ ကြေညာ ချက် ၁၃/၁၁/၂၀၁၄ နဲ့ လွန်စွာ ဝမ်းနည်းရပါကြောင်း ထုတ်ပြန်လိုက်ပါတယ်။

ဒါဟာ တစ်ဖက်သတ်ထုတ် ပြန်လိုက်တဲ့ သဘောမျိုးသက် ရောက်သွားပါတယ်။ တပ်မတော်နဲ့လည်း သဘောထားတွေ ကွဲလွဲ သွားနိုင်ပါတယ်။ အရင် နိုဝင်ဘာ ၁၃ ရက်နေ့က ပြည်ထောင်စုလွှတ် တော်မှာ တပ်မတော်သား ကိုယ်စားလှယ်တွေနဲ့ NLD ထိပ်တိုက် တွေ့ခဲ့ကြပါသေးတယ်။ တပ်မတော်သား ကိုယ်စား လှယ်တွေက အခြေခံဥပဒေမှာ စစ်တပ်ရဲ့အခန်းကဏ္ဍကို မပယ်ဖျက်ဖို့နဲ့ ပြင်ဆင်ရာမှာလည်း မူဘောင်ထဲက ပြင်ဆင်ဖို့ သတိပေးခဲ့ပါတယ်။ ပြင်ရင် ဆိုးကျိုးတွေပဲ ဖြစ်လာမယ်လို့ ခပ်တင်း တင်းပြောခဲ့ ပါတယ်။

NLD ကလည်းပဲ ပုဒ်မ ၄၃၆ ကို မပြင်ရင် ဒီမိုကရေစီစနစ်နဲ့ မကိုက်ညီဘူး။ လူ့အခွင့်အရေး ကြေညာစာတမ်း တွေ ချိုးဖောက်တာဖြစ်တယ်ဆိုပြီး ပုဒ်မ ၄၃၆ ပြင်ဆင်ရေးမှာ NLD နဲ့ စစ်တပ်ကြား သဘောထားတွေ အကြီးအကျယ် ကွဲခဲ့ပါ တယ်။

ဒီလိုဖြစ်ခဲ့တဲ့ အနေအထားမှာ KIA စစ်သင်တန်းသားတွေ ကျဆုံးမှု ဝမ်းနည်းကြောင်း NLD က ထုတ် ဖော် လိုက်တာဟာ တစ်ဖက်သတ် ဘက်လိုက်သလို ဖြစ်သွားနိုင်ပါတယ်။ သူ့ဘက် ကိုယ့်ဘက် လက်နက်ကိုင် တိုက်ပွဲတွေမှာ တပ်မတော်ဘက်က ကျဆုံးခဲ့တာတွေလည်း အများကြီး ရှိခဲ့ပါတယ်။ တိုင်းရင်းသားတွေ ဘက်က ကျတာလည်းရှိတယ်။ ဘယ်ဘက်ကကျကျ အကုန်လုံး ကျုပ်တို့နိုင်ငံသားတွေပါပဲ။ အချင်းချင်း ပစ်ခတ်နေကြတာပါပဲ လေ။

အတိုက်အခံပါတီကြီးတစ်ခု အနေနဲ့ ဒီလိုထုတ်ပြန်လိုက်တာဟာ မှားသွားပြီလို့ ထင်မြင်ယူဆလိုက် ပါတယ်။ နိုဝင်ဘာ ၂၇ ရက်နေ့မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က တပ်မတော်သား ကိုယ်စားလှယ် တွေနဲ့ နေပြည်တော်စည်ပင်ရိပ်သာမှာ တွေ့ဆုံဖို့ စီစဉ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း တပ်မတော်သား ကိုယ်စားလှယ်တွေ ရောက်လာခြင်း မရှိပါဘူး။ အဲဒီမှာ သတင်းထောက် တစ်ဦးက တပ်မတော်နဲ့ NLD တို့ ထိပ်တိုက်အပြန်အလှန် ဆွေးနွေးမှု ကို ဘယ်လိုဆက်ဆောင်ရွက်မလဲ မေးတော့ ဒေါ်အောင်ဆန်းစုကြည် က...

ဒီမိုကရေစီဆိုတာ နိုင်ငံရေး စနစ်တစ်ခု မဟုတ်ပါဘူး။ ယဉ်ကျေးမှုတစ်ခုဖြစ်ကြောင်း ပြောသွားပါတယ်။ ဒါပေမဲ့ NLD က ပြန်ကြားရေး ဗဟိုကော်မတီဝင်ဖြစ်တဲ့ ဦးထင်လင်းဦးကတော့ စာပေဟောပြောပွဲတစ်ခုမှာ ဒေါ်အောင် ဆန်းစုကြည်ပြောသွားသလို ဒီမိုကရေစီယဉ်ကျေးမှု မဟုတ်တော့ဘဲ ဒီမိုကရေစီ မိုက်ရိုင်းမှုဖြစ်သွား ပါတယ်။

မြတ်ဗုဒ္ဓနှင့် ဘာသာဝင် မြန်မာပြည်သူတစ်ရပ်လုံးကို မိုက်ရိုင်းယုတ်မာစွာ ပြောဆိုသွားတဲ့ကိစ္စ အတော့်ကို ဆိုးပါတယ်။ လာ ရောက်နားထောင်ကြတဲ့ သူတွေအ ဖို့ စာရေးဆရာထင်လင်းဦးလို့ မြင် ကြမှာ မဟုတ်ပါဘူး။ ဦးထင်လင်း ဦးရဲ့ နောက်ခံကားက NLD နောက်ခံကား၊ NLD တောင်မှ ရိုး ရိုးသာမန် အဖွဲ့ဝင်မဟုတ်၊ ပြန် ကြားရေး ဗဟိုကော်မတီဝင်ကြီး တစ်ယောက်က ဘာကြောင့် မိရိုးဖလာ ဗုဒ္ဓဘာသာနှင့် ဘုရားရှင်ကို မိုက်မိုက်ရိုင်းရိုင်း စော်ကားရတာလဲ။

ဒီကိစ္စကလည်း အမျိုးသားဒီ မိုကရေစီ အဖွဲ့ချုပ်နဲ့မဆိုင်ဘဲ ဦးထင်လင်းဦးရဲ့ တစ်ဦးတည်းသ ဘောထားသာဖြစ်ကြောင်း NLD က ထုတ်ပြန်ခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် ပြည်သူတွေအ နေနဲ့ NLD အပေါ် အမှတ်လျော့ ယုံကြည်မှုပျက်ပြယ်၊ အထင် အမြင် သေးစရာတွေ ဖြစ်ကုန်ပါတော့တယ်။

နိုင်ငံတကာရဲ့ ပြည်တွင်းလူထု ထောက်ခံမှုရထားတဲ့ ခေါင်းဆောင် ဟာ ဒေါ်အောင်ဆန်းစုကြည် ဆိုတာ တစ်တိုင်းပြည်လုံး သိကြပါ တယ်။ သမ္မတကြီးနဲ့ ပထမဆုံးတွေ့ ဆုံပြီး အကောင်းဘက်ကို ရွေ့ပြီပေါ့။ ကျုပ်တို့ မျှော်လင့်ခဲ့ကြတယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် မှုနဲ့ အနောက်နိုင်ငံက စီးပွားရေး ဒဏ်ခတ်မှုတွေ လျှော့ချခဲ့တယ်။ တကယ်တော့ အစိုးရက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂုဏ်ဩဇာနဲ့ နိုင်ငံတကာအရှိန်အဝါ သက် ရောက်မှုကို အသုံးချခြင်းခံလိုက်ရ တာပါပဲ။

NLD ဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ တရား ဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးတွေ ဆောင်ရွက် မယ်ဆိုတဲ့ ကတိပြုမှု တွေနဲ့ ၂၀၁၂ ကြားဖြတ်ရွေး ကောက်ပွဲဝင်တယ်။ နှစ်နှစ်ကျော် ကြာလာတော့ လွှတ်တော်ထဲ ရောက်သွားတဲ့ NLD ဟာ သူ ကတိပြုထားတာတွေ ဘာတစ်ခုမှ ဆောင်ရွက်နိုင်တာ မရှိဘူး။ လွှတ်တော်ထဲ ရောက်သွားတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အသံ တိတ်သွားသလို လူထုနဲ့ကင်းကွာ သွားပါတယ်။ တစ်နိုင်ငံလုံး လယ် ယာမြေသိမ်းခံရတာတွေ၊ ဘာသာ ရေးနဲ့ လူမျိုးရေးပဋိပက္ခတွေ ကိစ္စမှာ NLD အနေနဲ့ ကြေညာချက် ထုတ်ပြန်တာမျိုးမရှိဘဲ လျစ်လျူရှု ထားခဲ့ပါတယ်။

အတိုက်အခံ အဖွဲ့အစည်း တစ်ခုအနေနဲ့ ပြောသင့်ပြောထိုက် တာကို မပြောရင် ရှင်းသင့်ရှင်း ထိုက်တာကို မရှင်းရင် အတိုက်အ ခံမဟုတ်တော့ပါဘူး။ တိတ်တဆိတ်ငြိမ်ခံနေရင် လူထုထောက်ခံ မှုတွေ လျော့ကျသွားမှာပါပဲ။

၂၀၀၈ ဖွဲ့စည်းပုံပြင်ဖို့ လူထု ဟောပြောပွဲတွေ လက်မှတ်တွေ ကောက်တယ်။ ပုဒ်မ ၄၃၆ ပြင်ဆင် ရေးဟာ ဖွဲ့စည်းပုံပြင်ဆင်ရေးအ တွက် ကနဦးခြေလှမ်းဖြစ်တယ်။ ၄၃၆ ပြင်ဆင်ရေးကောက်ယူထားတဲ့ လက်မှတ် ငါးသန်းကျော်ကလည်း ပြည်သူ့အသံ၊ လွှတ်တော် အသံ၊ ပြည်သူ့ဆန္ဒ၊ လွှတ်တော်ဆန္ဒ ဖြစ်ဖို့အတွက် လွှတ်တော်ကနေ အလေးအနက်ထားပြီး ဆောင်ရွက်သွားမယ်လို့ အော်ခဲ့တာတွေကလည်း အခုအနေအထား အရ လက်မှတ်ငါးသန်းဟာ ပလုံသွားပါပြီ။ NLD နဲ့ ၈၈ မျိုးဆက်တွေဟာ ရှေ့ဆက် ဘာလုပ်မလဲဆိုတဲ့ မဟာဗျူဟာတွေ ချမှတ်ထားတာ မတွေ့ရပါဘူး။ ပွဲပြီးမီးသေသွားသလို ပြီးရင် ငြိမ်းသွား တာပါပဲ။

လွှတ်တော်ထဲရောက်တော့ ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီကို ဦးဆောင်တယ်။ အစီ ရင်ခံစာ ထုတ်တယ်။ အစိုးရပိုင်းနဲ့ တရားရေးမဏ္ဍိုင် ပူးပေါင်းဆောင် ရွက်မှုတွေ ပျောက်ဆုံးနေပါတယ်။ တရားဥပဒေစိုးမိုးဖို့ အပြောသာရှိပြီး အစိုးရရဲ့ တရားစီရင်ရေးမဏ္ဍိုင်ကို တည့်မတ် အောင် ဘာမှစွမ်း ဆောင်လုပ်ပေးနိုင်စွမ်း မရှိခဲ့ပါဘူး။

သူရဦးရွှေမန်းနဲ့ ပတ်သက်တဲ့ အပိုင်းမှာလည်း ဒေါ်အောင်ဆန်းစုကြည်အပေါ် ဘယ်လိုနားလည် ရမှန်း မသိအောင် ဝေဝါးသွားပါတယ်။ သူရဦးရွှေမန်းဆိုတာက သူကိုယ်တိုင် အရင်တုန်းက ဘာတွေ ပြောခဲ့ တယ် ဆိုတာ အမှတ်မရ တော့ပါဘူး။ ရှေ့စကားနဲ့ နောက်စကားတွေ မညီအောင် ပြောတတ်တဲ့သူ တစ်ယောက်ပါ။

၂၀၁၄ ဩဂုတ်လတုန်းက ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ဖွဲ့ စည်းပုံ အခြေခံဥပဒေပြင်ဆင်မယ် ဆိုတာ သူကတိတည်၊ မတည် စောင့်ကြည့်ပါလို့ ပြောခဲ့ဖူးတယ်။ ပြည်ပခရီးဖြစ်တဲ့ အီတလီနိုင်ငံ လွှတ်တော် အဆောက်အအုံထဲ ရောက်တော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးကို ၂၀၁၅ ရွေး ကောက်ပွဲမတိုင်ခင် ခြောက်လအ လိုမှာ အပြီးအပြတ် ဆောင်ရွက် သွားမယ်လို့ ပြောခဲ့ပါတယ်။

အခုကျတော့ ၂၀၁၅ ရွေးကောက်ပွဲအပြီး အသစ်ဖြစ်ပေါ်လာမယ့် လွှတ်တော်သက်တမ်းကျမှသာ ဆောင်ရွက် တော့မယ်လို့ ပြောပြန်ပါတယ်။ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်ထောင်စု လွှတ်တော် နာယကကြီး နိုင်ငံရဲ့အရေးအကြီးဆုံး ခေါင်းဆောင်တစ်ယောက်ဟာ ဒီလိုပဲ ဗလောင်းဗလဲစကားတွေ ပြောတတ်ပါလား။ တောပြော တောင်ပြောတွေ ပြောနေရင် ပြည်သူတွေက ဘာကိုယုံကြည်ရတော့ မှာလဲ၊ ဘယ်စကားကို အမှန်ယူရ မှာလဲ။

အဲဒီအပေါ်မှာ လူထုခေါင်း ဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစု ကြည်ကလည်း ဒီမိုကရေစီစံနှုန်း စံထား တွေညီဖို့ ဥပဒေပညာရှင်တွေ မေးကြည့်ဖို့ သူရဦးရွှေမန်းပြောဆို သွားတာတွေဟာ “သဘာဝကျပါတယ်” လို့ ပြောဆို လိုက်တာဟာ စကားမတည်သူရဲ့ စကားကို ယုံစားမိ မှားသွားပြီလား။

အဖြေကရှင်းပါတယ်။ ၂၀၁၆ အထိ ဖွဲ့စည်းပုံကြီးဟာ အမျှင်တန်းသွားပါပြီ။ တစ်ချိန်တုန်းက တစ်ပါတီ စစ်အာဏာရှင်အုပ်စုရဲ့ ၇၄ အ ခြေခံဥပဒေကြီး လက်ညှိုးထိုးပြီး အချိန်ဆွဲခဲ့တာ မှတ်မိကြဦးမယ် ထင်ပါတယ်။ ၉၀ ပြည့်ရွေးကောက်ပွဲ စစ်တပ်ကပဲ ကျင်းပပေးတယ်။ အဲဒီတုန်းက ကာကွယ်ရေးဦးစီးချုပ် တစ်ယောက် ပြောခဲ့ဖူးတယ်။
“နိုင်တဲ့သူတွေ အစိုးရဖွဲ့၊ စစ် တပ်က စစ်တန်းလျား ပြန်မယ်ပေါ့”

ရွေးကောက်ပွဲမှာ တစညရှုံးတယ်။ NLD အပြတ်အသတ် အနိုင်ရပေမယ့် အစိုးရမဖွဲ့နိုင်ဘူး။ လွှတ်တော်လည်း ခေါ်မပေးဘူး။ အာဏာကို စစ်တပ်ကပဲ ကိုင်ထားတယ်။ NLD ကိုအပြတ်အသတ် ချေမှုန်း ခြင်းခံရတယ်။ အဲဒီမှာ အခု ဇာတ်ရှုပ်နေတဲ့ ၂၀၀၈ ဥပဒေကြီး ပေါ်လာတာပါပဲ။

အတိုက်အခံ အဖွဲ့အစည်းဆို တာ ပြည်သူတွေရဲ့ ဆန္ဒ၊ ပြည်သူ တွေရဲ့ အသံတွေကို တန်ဖိုးထား လေးစား ရပါမယ်။ ပြည်သူတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ပြေလည်အောင် ဖြေရှင်းပေး နိုင်မယ့် လမ်းညွှန်ဦးဆောင်မှုတွေ ရှိနေရပါမယ်။

ဘယ်လိုပဲဖြစ်ဖြစ် NLD အ နေနဲ့ လူထုရဲ့ ယုံကြည်အားကိုးမှု ရလာအောင် အမြင်မတူမှုတွေ၊ အယူ အဆ မတူမှုတွေ ငြင်းခုံမှုတွေစတဲ့ အခက်အခဲပေါင်း များစွာကို ကျော်ဖြတ်ပြီး ဒီမိုကရေစီကျကျ နိုင်ငံတစ် နိုင်ငံ ဖြစ်လာဖို့ လုပ်ပြနိုင်ရပါလိမ့်မယ်။ လုပ်ပြဖို့ကိုလည်း လူထုက အလိုရှိနေပါတယ်။

အစိုးရက တိုင်းပြည်အပေါ် မရိုးမသားလုပ်လာရင်၊ ပြည်သူကို တန်ဖိုးမထားရင် ပြတ်သားစွာ ရင်ဆိုင် ထောက်ပြ ရမှာက အတိုက်အ ခံနိုင်ငံရေး ဦးဆောင်အဖွဲ့အစည်း တွေရဲ့ တာဝန်ဖြစ်ပါတယ်။ တိုင်း ပြည်ရဲ့ ကံကြမ္မာဟာ ကိုယ့်ပြည်သူတွေက ပိုင်တယ်ဆိုတဲ့ အမှန်တရားကို အတိုက်အခံသမားတွေက လက်တွေ့ စွမ်းဆောင်ကြရမှာ ဖြစ်ပါတယ်။

မောင်ခြူး
_____________________________________

Myanmar Review ၏ စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
(

No comments: