Sunday, December 7, 2014

အစိုးရစစ်တပ်မှ ကျေးရွာနေအိမ်တစ်လုံးအား ၀င်ရောက်စီးနင်းရာ (၇)ဦးသေဆုံး

အစိုးရစစ်တပ်မှ ကျေးရွာနေအိမ်တစ်လုံးအား ၀င်ရောက်စီးနင်းရာ (၇)ဦးသေဆုံး

Sunday, December 7, 2014 ဒီဇင်ဘာ ၅ရက် နံနက်ပိုင်းက ကျောက်မဲမြို့နယ်၊ နမ့်ဆွတ်ကျေးရွာရှိ ကျေးရွာသူကြီး အိမ်သို့ ကျောက်မဲမြို့ စကခ (၁)တပ်ရင်းမှ ကွန်မန်ဒိုအဖွဲ့က သတင်းအရဟုဆိုကာ ၀င်ရောက်စီးနင်းခဲ့ရာမှ အိမ်အတွင်း ရောက်ရှိနေသည့် ရှမ်းပြည်တောင်ပိုင်းတပ်မတော်(RCSS)အဖွဲ့နှင့် ထိတွေ့မှု ဖြစ်ပွားခဲ့ပြီး RCSS အဖွဲ့ဝင်(၄)ဦးနှင့် ကျေးရွာသူကြီး မိသားစု(၃)ဦး၊ စုစုပေါင်း (၇)ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ တိုက်ခိုက်မှု ဖြစ်ပွားခဲ့သော နမ့်ဆွတ်ကျေးရွာသည် နေအိမ် (၆) လုံးခန့် သာရှိပြီး RCSS အဖွဲ့နှင့် အခြားလက်နက်ကိုင် အဖွဲ့များ အဓိကစခန်းချရာ ကျေးရွာတစ်ခု ဖြစ်ကြောင်းလည်း သိရသည်။ " မနက် (၁) နာရီလောက်က ဖြစ်တာပါ၊ ကျေးရွာသူကြီးအိမ်ကို ၀င်စီးတဲ့ အချိန်မှာ လက်နက်ကိုင်အဖွဲ့တွေက ပစ်ပြေးပြေးတော့ သူကြီးနဲ့ မိသားစုတွေက အိမ်ထဲကထွက်လာတဲ့အချိန် ကြားထဲမှာခံနေပြီး ပစ်ရင်းခတ်ရင်းထိသွားတယ်၊ လက်နက်ကိုင်အဖွဲ့က (၄) ဦးကျသွားတာမှာ (၂)ဦးရဲ့ အလောင်းကိုတော့ သူတို့ဘက်ကဆွဲသွားတယ်၊ အလောင်းနှစ်လောင်းနဲ့ သေနတ်နှစ်လက် ရလိုက်တယ် "ဟု အစိုးရစစ်တပ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ထိုသို့ ၀င်ရောက်စီးနင်းမှုတွင် သူကြီးခြံဝင်းအတွင်းရှိ အချုပ်ခန်းဟု ယူဆရသော တဲအတွင်း၌ ကြိုးတုပ်ခံထားရသည့် မိုင်းငေါ့မြို့နယ်၊ ကြိမ်နိုင်ကျေးရွာသား တစ်ဦးအား စစ်တပ်မှ ကယ်တင်နိုင်ခဲ့ကြောင်းလည်း သိရသည်။ ကျောက်မဲမြို့အနီးရှိ ကျေးရွာများအတွင်း RCSS မှ ဆက်ကြေးကောက်ခံမှုများနှင့် စစ်သားစုဆောင်းမှုများ မကြာခဏပြုလုပ်လေ့ရှိပြီး လွန်ခဲ့သည့် ရက်ပိုင်းအတွင်း ကလည်း မိုင်းတင်းကျေးရွာအုပ်စုနှင့် အနီးအနားရှိ ကျေးရွာများမှ တစ်ရွာ တစ်ယောက် စစ်သားစုဆောင်းမှုပြုလုပ်ခဲ့သဖြင့် ၎င်းအဖွဲ့နှင့်ဆက်စပ်သည်ဟု ယူဆရသော သူကြီးအိမ်သို့ ၀င်ရောက်စီးနင်းခြင်းဖြစ်ကြောင်း သိရသည်။ ထိတွေ့မှုဖြစ်စဉ်နှင့်ပတ်သက်၍ RCSS အဖွဲ့မှ တစ်စုံတရာ သတင်းထုတ်ပြန်မှု မရှိသေးသော်လည်း ပင်တိန်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာသားများကြားတွင်မူ စိုးရိမ်ထိန့်လန့်မှုများ ရှိနေသည်။ "အခုလို ရွာထဲဝင်ပစ်တာနဲ့ပတ်သက်ပြီး ရွာသားတွေက အမျိုးမျိုးဝေဖန်နေတာ ရှိတယ်၊ တချို့ကကျတော့လည်း ဒီလိုမျိုးရုတ်တရက်ဝင်ပြီး ပစ်ခတ်တတ်တယ် ဆိုတာ သိရတော့ ကျီးလန့်စာစား ဖြစ်နေသလို သူကြီးရဲ့ လုပ်ရပ်ကို သဘောမကျတဲ့ ရွာသားတွေကတော့ စစ်တပ်ဘက်ကို ထောက်ခံတာမျိုး ရှိတယ်"ဟု ပင်တိန်ကျေးရွာသားတစ်ဦးက ပြောသည်။ ထိတွေ့မှုဖြစ်ပွားခဲ့သော နမ့်ဆွတ်ကျေးရွာမှာ ကျောက်မဲမြို့မှ (၂၅) မိုင်ခန့် အကွာတွင် တည်ရှိပြီး လက်ရှိတွင် အဆိုပါ ကျေးရွာများအနီးတ၀ိုက်တွင် အစိုးရစစ်တပ်မှ နယ်မြေရှင်းလင်းရေးများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။ မြန်မာ့ခေတ်

No comments: