Friday, December 5, 2014

ဆယ်ကျော်သက်အရွယ်တွင် အဓမ္မပြုကျင့် ခံခဲ့ရကြောင်း လေဒီဂါဂါဖွင့်ဟ အသက်၂၈နှစ်အရွယ် ရှိပြီဖြစ်သော ကမ္ဘာကျော်အဆိုတော် လေဒီဂါဂါက ၎င်းသည် အသက်၁၉နှစ်အရွယ်တွင် ၎င်းထက် အသက်အရွယ်များစွာ ကြီးရင့်သည့် ဂီတထုတ်လုပ် သူတစ်ဦး၏ အဓမ္မပြုကျင့်မှု ခံခဲ့ရသည်ဟု The Howard Stern Show ရေဒီယိုအင်တာဗျူး အစီအစဉ်အတွင်း ပြောကြားခဲ့ကြောင်း ဒေလီးမေးလ်သတင်းစာက ဒီဇင်ဘာ ၃ ရက်နေ့ တွင် ရေးသားခဲ့သည်။ "ကျွန်မဒီပျော်ရွှင်စရာကောင်းတဲ့အချိန်လေးကို တလွဲမကုန်ဆုံးစေချင်ပါဘူး။ ပျော်စရာ ကောင်းတဲ့ အကြောင်းအရာတွေကိုပဲ ပြောကြရအောင်ပါ" ဟု အဆိုပါရုပ်သံအစီအစဉ် အတွင်း ယင်းကိစ္စနှင့်ပတ်သက်၍ ၎င်းကို မေးမြန်းရာတွင် လေဒီဂါဂါက ယခုကဲ့သို့ ပြောကြားခဲ့သည်။ သို့ရာတွင် ရေဒီယိုအသံလွှင့်သူက ယင်းကိစ္စနှင့်ပတ်သက်၍ ပိုမိုစောင်းပေး မေးမြန်းခဲ့ သောအခါ လေဒီဂါဂါက ယင်းကိစ္စနှင့်ပတ်သက်၍ ဆက်လက်ဖြေကြားခဲ့သည်။ "ကျွန်မအနေနဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေကို နှစ်ပေါင်းများစွာကြာ အောင် ကုစားခဲ့ရပါတယ်။ ကျွန်မဖြတ်သန်းခဲ့ရတဲ့ အရာတွေက ကျွန်မအတွက် သိပ်ကို ခါးသီးလှပါတယ်။ အခုအချိန်မှာတော့ ဒီအကြောင်းအရာတွေ ပြန်တွေးပြီး ရီတောင်ရီ ချင်ပါတယ်" ဟု ဂါဂါက ပြောသည်။ "ပြောရမယ်ဆိုရင် အဲဒီတုန်းက ကျွန်မအသက် ၁၉နှစ်ပဲ ရှိပါသေးတယ်။ အဲဒီတုန်းက ကျွန်မ အတွေ့အကြုံသိပ်နုနယ်သေးတယ်" ဟု ဂါဂါက ဆိုသည်။ ၎င်းထက် အသက် ၂၀ခန့် ပိုကြီးသော လိင်မှုကျူးလွန်သူ အဆိုပါ ဂီတထုတ်လုပ်သူအား အမည်ထုတ်ဖော်ပြောကြားရန် မေးမြန်းသောအခါ လေဒီဂါဂါက ငြင်းဆန်ခဲ့သည်။ "ဘယ်သူလဲဆိုတာ မပြောချင်ပါဘူး။ ဘာလို့လဲဆိုတော့ ဒီလူနာမည်ကို ထုတ်ဖော်ပြော လိုက်မယ်ဆိုရင် ကိုယ့်ကိုယ်ကို ချုပ်နှောင်ထားသလို ခံစားရမှာ စိုးလို့ပါ " ဟု ၎င်းက ပြောသည်။ မင်းသားတေလာကင်နေးနှင့် တွဲနေသည့် လေဒီဂါဂါသည် ယင်းအဖြစ်အပျက်ကို မည်သည့်အချိန်တွင်မျှ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့သော်လည်း စိတ်အတွင်း မျိုသိပ်မနေနိုင်၍ ဖွင့်ဟပြောဆိုခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ လေဒီဂါဂါက ၎င်းအား အဓမ္မမှုကျူးလွန်ခဲ့သူကို ထုတ်ဖော်ပြောဆိုရန် ငြင်းဆန်ခဲ့သော် လည်း အဆိုတော်ကီရှာ၏ရှေ့နေဖြစ်သူက လက်သည်တရားခံသည် ဂီတထုတ်လုပ်သူ ဒေါက်တာလုခ်ဖြစ်နိုင်သည်ဟု ခန့်မှန်းပြောဆိုချက်များ ပေါ်ထွက်လာသောအခါ လေဒီဂါဂါ၏ ကိုယ်စားလှယ်များက ယင်းအချက်ကို ငြင်းဆန်ခဲ့ကြသည်။

No comments: